စပိန်ဟာ ရီးယဲလ်မက်ဒရစ် မဖြစ်သေးပါ

ဟိန်းသန့်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ခရိုအေးရှားနှင့်ပွဲတွင် အနိုင်ဂိုးသွင်းယူပြီးနောက် အောင်ပွဲ ခံနေသည့် စပိန်အသင်း ကစားသမားများ။
ဓာတ်ပုံ - အေအက်ဖ်ပီ

ရီးယဲလ်မက်ဒရစ်နည်းပြ မော်ရင်ညို က ပြောသည်။ စပိန်လက်ရွေးစင် အသင်းမှာ ဘာစီလိုနာအသင်းမဟုတ်တော့ဟုဆိုသည်။ ရီးယဲလ် ကစားသမားများကို ပိုအားပြုထားသောအသင်းဖြစ်လာပြီဟုလည်း ပြောခဲ့သည်။

မော်ရင်ညိုက စပိန်လက်ရွေးစင် နည်းပြကြီး ဒယ်လ်ဘော့ စကေးမှာ ရီးယဲလ်ကစားသမားများကို ပွဲထုတ်လာပြီဖြစ်၍ ဘာစီ လိုနာနှင့် ရီးယဲလ် ကစားသမားများကြား တွဲဖက်ကစား စေရန် မည်သို့ဖန်တီးမည် ဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းနေ သည်ဟု ဆိုလိုက် သေးသည်။

ရီးယဲလ်နှင့် ဘာစီလိုနာအသင်းကြား ကစားသမား များ၏ ကစားပုံ ကွာခြားမှုက အသင်းကို တည်ဆောက်ရာတွင် ဒယ်လ်ဘော့ စကေး အတွက် သတိထားဖို့တော့လိုမည် ဟု သတိပေးခဲ့သေးသည်။

ထို့ပြင် ဘာစီလိုနာမှာလည်း စပိန် ချန်ပီယံဖြစ်ခဲ့ သည်မှလွဲ၍ ဘာမှ မပိုသောအသင်းမျိုး ဖြစ်သည်ဟု ပြောသွားခဲ့သေးသည်။

ပြီးခဲ့သည့် ကမ္ဘာ့ဖလားရအသင်းကို နည်းပြဒယ်လ်ဘော့စကေးမှာ ဘာစီ လိုနာကစားသမားများအား အားပြု ခဲ့သည်မှာမှန်သည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ ဒယ်လ်ဘော့ စကေးမှာ ဘာစီလိုနာကိုအားကိုး၍ မဖြစ်တော့။

အထူးသဖြင့် ဗီလာနှင့် ပူယိုးလ်တို့ ဒဏ်ရာကြောင့်မပါနိုင်ခြင်း က အသင်းကို တည်ဆောက်ရာတွင် ဒယ်လ်ဘော့စကေးအတွက် အနည်း ငယ် အခက်အခဲဖြစ်သွားခဲ့သည်။ ဒီတော့ စပိန်ကစားပုံကိုလည်း အနည်းငယ် ပြောင်းလဲရန် ပြင်ဆင်ရတော့သည်။

စပိန်အသင်းကို ဘာစီလိုနာ ကစား သမားများချည်း တည်ဆောက်ခြင်း မပြုတော့ဘဲ လာလီဂါချန်ပီယံ ရီးယဲလ် မှ ကစားသမား များကိုပါ အားကိုးလာ ခဲ့သည်။

ပြီးခဲ့သည့် ယူရိုအုပ်စုပွဲနှစ်ပွဲ၌ ဒယ်လ်ဘော့စကေး၏ စပိန်အသင်း ပွဲထွက်လူစာရင်းကို ကြည့်လျှင် ရီးယဲလ်မှကာဆီးလက်စ်၊ နောက်တန်း တွင် အာဘီလိုအာနှင့် ရာမို့စ်၊ အလယ် တန်းတွင် ဇာဘီအလွန်ဆိုတို့ကို ထည့်သုံး လာခဲ့သည်။

ဘာစီလိုနာမှ ပီကေး၊ ဇာဗီ၊ အင်နီယေစတာ၊ ဘက်စ်ကွက်နှင့် ဖာဘရီဂက်စ်တို့ကို ပထမပွဲတွင်သုံးခဲ့ပြီး ဒုတိယပွဲတွင် ဖာဘရီဂက်စ် ကိုထုတ် မသုံးတော့။

ထို့ကြောင့် ဒယ်လ်ဘော့ စကေးမှာ အသင်းကြီးနှစ်သင်းမှ ကစား သမားများကို မျှမျှတတသုံးနိုင်ရန် ကြိုးစားလာသည်ကို တွေ့ရသည်။

ပထမ ပွဲ၌ ဘာစီလိုနာကစားသမားများ ပိုမို ပါဝင်နိုင်သော်လည်း ဒုတိယပိုင်းတွင်မူ ဖာဘရီဂက်စ်ကို လူစားလဲခဲ့၍ ဘာစီ လိုနာနှင့် ရီးယဲလ် ကစားသမားများ လေးဦးစီဖြင့် မျှတသွားခဲ့သည်။

ဒယ်လ်ဘော့စကေး၏ စပိန်အသင်း ကိုပြန်ကြည့်လျှင် မော်ရင်ညိုပြောခဲ့ သကဲ့သို့ ကစားပုံကွာဟသော ကစား သမားများကို ပေါင်းစည်းရာ၌ ဒယ်လ် ဘော့စကေးအတွက် အနည်းငယ် အခက်အခဲရှိနေသေးသည်ကိုလည်း တွေ့ရသေးသည်။

အထူးသဖြင့် ကွင်းလယ်ပိုင်းတွင် သိသာသည်။ ယခင် စပိန်အသင်းများတွင် ဘာစီလိုနာ ကွင်းလယ်ကို အထိုင်ချထားခဲ့၍ စပိန် ကွင်းလယ်ကစားပုံက ပိုငြိမ်ပြီး တိုက်စစ် တွင်လည်း ဘာစီလိုနာကစားသမား များသာ များနေခဲ့၍ ကွင်းလယ်နှင့် တိုက်စစ် ချိတ်ဆက် ရာတွင်လည်း တစ်ဦးနှင့်တစ်ဦး နားလည်မှုအပိုင်း၌ အထူးသင်ပြပေးစရာ သိပ်မရှိ။

အချင်း ချင်းနားလည်မှုရှိပြီးသားဖြစ်၍ ကွင်း လယ်နှင့် တိုက်စစ်ချိတ်ဆက်မှုမှာ တည်ငြိမ်လျက်ရှိသည်။

ယခုတစ်ကြိမ်တွင်တော့ ထိုသို့ မဟုတ်။ ခံစစ်တွင် ပီကေးကို အာဘီ လိုအာနှင့် ရာမို့စ်တို့နှစ်ဦးကြားတွင် ထားကစားခဲ့ခြင်းကလည်း ခံစစ်သမား များကြား နားလည်မှုပိုင်းနှင့် ချိတ်ဆက် မှုပိုင်းတွင် လိုအပ်ချက် အနည်းငယ်ရှိ နေသေးသည်။

ကွင်းလယ်တွင်လည်း ဘာစီလိုနာကစားသမားသုံးဦးကို ဇာဘီ အလွန်ဆိုနှင့် တွဲပေးထားခဲ့ရာ သူတို့ လေးဦးကြား အပေးအယူ များတွင် အနည်းငယ် လွဲချော်မှုများ တွေ့နေရ သေးသည်။

ဘာစီလိုနာကစားသမား များကြား တစ်ဦးနှင့်တစ်ဦး အနီးပေး၊ အဝေးပေး ချိတ်ဆက်ကစားရာ၌ နားလည်မှုရှိပြီးသားဖြစ်၍ အမှား အယွင်း နည်းသော်လည်း ထိုအထဲတွင် ရီးယဲလ်နှင့် တိုက်စစ်မှ ဆေးလ်ဗား၊ တောရက်စ်တို့ကဲ့သို့ အခြားအသင်းများမှ ကစား သမားများနှင့် ချိတ်ဆက်ရာတွင်မူ အချိတ်အဆက်လွဲနေသေးသည်ကို တွေ့နေရသည်။

အထူးသဖြင့် ကွင်းလယ် သမားများနှင့် တိုက်စစ်သမားများကြား ဘာစီလိုနာကစားပုံကဲ့သို့ တစ်ချက်ထိ နှစ်ချက်ထိတွဲလုံးများဖြင့် ထွက်သည့် အခါမျိုးတွင် အလွန်ဆို၊ တောရက်စ်၊ ဆေးလ်ဗားတို့မှာ အံဝင်မှုမရှိသေး သည်ကိုလည်း တွေ့နေရသေးသည်။

ထိုကဲ့သို့ဖြစ်ရခြင်းမှာလည်း မော်ရင်ညိုပြောသကဲ့သို့ အသင်းနှစ် သင်းကြား ကစားပုံချင်းကွာဟနေမှု ကြောင့်ဖြစ်သည်။ ဘာစီလိုနာမှာ နည်းစနစ်နှင့် ကျွမ်းကျင်မှုကိုဦးစား ပေးပြီး ဘောလုံးပိုင်ဆိုင်မှုကို အသား ပေးကစားပုံမျိုးကို အားပြုထားသော် လည်း ရီးယဲလ် ကတော့ မော်ရင်ညို လက်ထက်တွင် လျင်မြန်မှုနှင့် ကြံ့ခိုင်မှု ပိုင်းကို ပိုအားပြုထားခဲ့သည်။

ဘောလုံး ရလျှင် ရှေ့ကိုအမြန်ဆုံးရောက်အောင် ပို့ပေးပြီး တိုက်စစ်ကဂိုးရအောင် ဖန်တီး ပေးမှုမျိုးကို ပြုလုပ်လေ့ရှိသော်လည်း ယခုစပိန် အသင်းမှာမူ ဘောလုံးပိုင်ဆိုင် မှုကို အဓိကဦးစားပေးပြီး ကစားနေသည့် ပုံစံမျိုးဖြစ်ရာ ဘာစီလိုနာကစားဟန် နှင့် ပိုနွယ် နေ၍ ထိုကစားဟန်ထဲတွင် ရီးယဲလ်ကစားသမားများအလိုက်သင့် လိုက်ပါကစားရန် အခက်အခဲ အနည်း ငယ်ရှိနေခြင်းပင်ဖြစ်သည်။

ထို့ပြင် ယခုအသင်း၌ ဘာစီလိုနာနှင့် ရီးယဲလ်ကစားသမားများအပြင် ဗလင် စီယာမှအယ်လ်ဘာ၊ မန်စီးတီးမှ ဆေးလ်ဗား၊ ချယ်လ်ဆီးမှ တောရက်စ်တို့ လိုပါ အခြားအသင်းများမှ ကစားသမား များ ပါဝင်နှုန်းလည်း များလာခဲ့၍ အချိန်တိုအတွင်း ထိုကစားသမားများ ကို နားလည်မှုရှိရှိဖြင့် ချိတ်ဆက်ကစား နိုင်ရေးဆိုသည်မှာ ဒယ်လ်ဘော့စကေး အတွက်လည်း မလွယ်သေး သည့်ကိစ္စ ပဲဖြစ်သည်။

တောရက်စ်မှာ ဘာစီလိုနာ ကစားသမားများနှင့် ယူရို ၂၀၀၈၊ ကမ္ဘာ့ ဖလား ၂၀၁၀ တို့တွင် ပုံမှန်တွဲကစား လာသူဖြစ်၍ သိပ်မပြောပ လောက်သော် လည်း ယခုပြိုင်ပွဲမှ အဓိကထားပွဲထုတ် ခံနေရသူ ဆေးလ်ဗားမှာ ဘာစီလိုနာ ကွင်းလယ်သမားများနှင့် ချိတ်ဆက်မှု အပိုင်း၌ နားလည်မှုလိုနေသေးသည်။

အထူးသဖြင့် တိုက်စစ်ဆင်နေသည့် အချိန်တွင် ဘာစီလိုနာကစားသမားများ မှာ ဘယ်အချိန်တွင် အရှိန်မြှင့်ပြီး ခံစစ် ကိုကျော်ဖြတ် မည်၊ ဘယ်အချိန်တွင် ဖြည်းဖြည်းချင်းထိန်းကာ တွဲကစားမည် စသည့်အချက်များကို အချင်းချင်း နားလည်ကြပြီးသားဖြစ်သော်လည်း ဆေးလ်ဗားမှာမူ ထိုကဲ့သို့နားလည်မှုမျိုး မရသေး။

ထို့ကြောင့်လည်း ဘောလုံးကို လိုအပ်သည်ထက် ပိုကိုင်ထားတတ် သလို အမြန်ပေးရမည့်အခါမျိုးတွင် လည်း ဘာစီလိုနာကစား သမားများ၏ထွက်ပုံထွက်နည်းကို နားလည်မှုမရှိသေး ၍ လွဲချော်မှုများကို တွေ့နေရသေးသည်။

အလွန်ဆိုမှာလည်း ထိုအတိုင်းပဲဖြစ် သည်။ ညာတောင်ပံခံစစ်မှ အာဘီလိုအာ လည်း သိပ်တော့မထူး။ ထိုကစားသမား များမှာ ဘာစီလိုနာကစားသမားများ နှင့် နားလည်မှုပိုင်း၌ လိုအပ်မှုတွေရှိနေ သေးသည်ကို ပြီးခဲ့သည့် နှစ်ပွဲစလုံး တွေ့ထားရသည်။

ထို့ကြောင့် လက်ရှိစပိန်အသင်း၏ ကစားပုံမှာ မော်ရင်ညိုပြောသကဲ့သို့ ဘာစီလိုနာကို အားပြုထားတာမျိုး မဟုတ်တော့သည်မှာ မှန်သည်။

သို့သော် အသင်းကစားပုံကတော့ ဘာစီလိုနာ ကစားပုံမှ သိသာစွာခွဲထွက်နိုင်ခြင်း မရှိသေး၍ ရီးယဲလ်ကစားသမားများ အတွက် စပိန်အသင်းကို လွှမ်းမိုးထား နိုင်ရေးမှာ ဒီပြိုင်ပွဲတွင်တော့ ဖြစ်လာ နိုင်ရန် အကြောင်းမမြင်မိပေ။

စပိန်မှာလည်း ရီးယဲလ်အသင်းဟု ပြောနိုင်ရန် မရသေးဟု ထင်နေမိသည်။