ဗြိတိန်စံချိန်သစ်တင်လိုက်ပြန်တဲ့ အိုလံပစ် Heptathlon ချန်ပီယံ
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

မီတာ ၁၀၀ တန်းကျော်ပြေးပွဲယှဉ်ပြိုင်နေစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

အင်းနစ်
လွန်ခဲ့တဲ့ ၁၂ နှစ် အလွန်ကာလက ဆစ်ဒ်နီအိုလံပစ်ပြိုင်ပွဲမှာ ဒင်းနစ်လူးဝစ္စ ရွှေတံဆိပ်ရယူအပြီးမှာ ပထမဆုံး Heptathlon ရွှေတံဆိပ်ဆုကို အင်္ဂလန် နိုင်ငံအတွက် ဆောင်ကြဉ်းပေးလာသူ ကတော့ ရှက်ဖီးမြို့သူလေး ဂျက်စီကာ အင်းနစ်ပါပဲလို့ ဗြိတိန်မီဒီယာတွေက ကောင်းချီးပေးနေခြင်းအကြောင်းရင်းက ခက်ခဲပင်ပန်းလှတဲ့ ဒီအတားအဆီး မျိုးစုံဖြတ်ကျော်ပြိုင်ပွဲမှာ ဂျက်စီကာ က ဗြိတိန်စံချိန်သစ်တင်နိုင်ခဲ့တာကို ဖော် ညွှန်းနေခြင်းပဲဖြစ်ပါတယ်။
ပြိုင်ပွဲစုံ ခုနစ်ရပ်မှာ ဦးဆောင်ဗိုလ်စွဲခဲ့ပြီး စုစု ပေါင်း ရမှတ် ၆,၉၅၅ နဲ့ အင်္ဂလန်စံချိန် သစ်တင်နိုင်ခဲ့သလို ၂၀၁၂ လန်ဒန် အိုလံပစ်မှာ ဇာတိမြေအတွက် ရွှေတံဆိပ် ဆု ရယူပေးသူ ဂျက်စီကာဟာ လက်ရှိ တိုးဒီဖရန့်ချန်ပီယံ ၀စ်ဂင်နဲ့အတူ ဘီဘီစီ ရဲ့ တစ်နှစ်တာ အကောင်းဆုံးအားကစား ငွေကြယ်ပွင့်ဆု ရရှိဖို့ ရေပန်းစားနေပြီပဲ ဖြစ်ပါ တယ်။
ဂျာမနီမြေ ဘာလင်မှာ ကျင်းပခဲ့တဲ့ ၂၀၀၉ ကမ္ဘာ့ချန်ပီယံရှစ် Heptathlon ပြိုင်ပွဲမှာ ရွှေဆုရခဲ့သလို စပိန်မြေ ဘာစီလိုနာမှာ ကျင်းပခဲ့တဲ့ ၂၀၁၀ Summer Universiade Hepta ပြိုင်ပွဲ မှာ ရွှေတံဆိပ်ပိုင်ဆိုင်ခဲ့သူဟာ လက်ရှိံနစအေ နယ်ပယ်မှာ ပြိုင်ဘက်ကင်း ကမ္ဘာ့ အဆင့်(၁) အဖြစ် ၀င့်ဝင့်ထည်ထည် ရပ်တည်နေသူပဲဖြစ်ပါတယ်။
မီတာ ၁၀၀ တန်းကျော်ပြေးပွဲမှာ စံချိန်သစ် ၁၂ ဒသမ ၅၄ စက္ကန့် ရရှိခဲ့သလို အလျားခုန် ပြိုင်ပွဲမှာလည်း စံချိန်ရှင်ဖြစ်ခဲ့ပြီး လှံတံ ပစ်ပြိုင်ပွဲမှာ ၄၇ ဒသမ ၄၉ မီတာ စံချိန် ရခဲ့သူဟာ အိုလံပစ်အားကစားကွင်း ကွင်းပြည့်ကွင်းလျှံ ဟစ်အော်အားပေး နေကြတဲ့ ပရိသတ် ရှစ်သောင်း ရှေ့မှောက်မှာ နောက်ဆုံးအဆင့် မီတာ ၈၀၀ အပြေးပြိုင်ပွဲကို ဦးဆောင်ပန်းဝင် ခဲ့ပြီး Northern League Club ဂုဏ်ဆောင်ကာ လန်ဒန်အိုလံပစ် ရွှေ တံဆိပ်ဆု ရယူနိုင်ခဲ့ခြင်းပဲဖြစ်ပါ တယ်။
Jumping Flea လို့ ရှက်ဖီး ဒေသခံတွေက ချစ်စနိုးခေါ်လေ့ ရှိသူ ဂျက်စီကာအင်းနစ် အတွက် ၀မ်းမြောက် ဂုဏ်ယူ စကားကို NLA ကလပ်ဥက္ကဋ္ဌ မိုက်ဘော်ဒင်က အခုလို လှိုက်လှိုက်လှဲလှဲ ဆိုခဲ့ပါတယ်။
"ဂျက်စီကာ ကတော့ တကယ့်ကို စံပြအားကစား မယ်တစ်ဦးပါပဲ။ ကလပ်ကိုသူစရောက် လာတော့ အသက်က ၁၃ နှစ်ပဲရှိပါ သေးတယ်။ တကယ့်ကို သေးသေး ညှက်ညှက် ချာတိတ်မလေးပါ။
အခု တော့ ပူပူနွေးနွေးအိုလံပစ် ရွှေတံဆိပ် ဆုရှင်တောင်ဖြစ်နေတာ မယုံကြည်နိုင် စရာပါ။ ဗြိတိန်အတွက်ရော၊ ရှက်ဖီးမြေ အတွက်ပါ ဂုဏ်ယူ ကြည်နူးမိပါတယ်" လို့ ရင်ဖွင့်စကားဆိုသွားပါတယ်။
မြို့တော်လန်ဒန်ရဲ့ အထင်ကရ Hyde Park မှာ ရှက်ဖီးပရိသတ်တွေနဲ့ တွေ့ဆုံခဲ့သူ ရွှေတံဆိပ်ဆုရှင် ဂျက်စီကာကလည်း "တကယ့်ကို မောမောပန်းပန်း ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ခဲ့ရတာကို ၀န်ခံပါတယ်။
ဒါပေမယ့် ရွှေတံဆိပ်ဆုကို မြင်လိုက်ရချိန်မှာတော့ စိတ်ပင်ပန်း နွမ်းနယ်ခဲ့ရတာတွေအားလုံး တမုဟုတ်ချင်းပဲ ပျောက်ကွယ် သွားခဲ့ရပါတယ်။
ကွင်းလုံးပြည့် ပရိသတ်တွေရဲ့ အားပေးသံတွေ က ကျွန်မအတွက် တကယ့်ကို အမော ပြေ အားဆေးတွေ ပါပဲ။ ဆရာကောင်း တွေရဲ့ သွန်သင်မှု ရယ်၊ နှစ်ရှည်လများ ကြိုးပမ်းမှုရဲ့ ရလဒ် ရယ်လို့ပဲ ဆိုချင်ပါ တယ်။ မိခင်မြေအတွက် ရွှေဆုတွေ ထပ်မံရယူပေးချင်ပါသေးတယ်"လို့ ကြည်နူးပီတိစကားဆိုသွားပါတယ်။
အခုလထုတ် Cosmopolitan မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင် အားကစား ငွေကြယ်ပွင့်မလေး ဂျက်စီကာဟာ ကမ္ဘာကျော် အိုမီဂါနာရီ၊ Adidas ၊ Olay ၊ Aviva Powerade တို့ရဲ့ ပင်တိုင် မော်ဒယ်တစ်ယောက်ဖြစ်သလို ဘ၀တူ အားကစားသမားငယ် အင်ဒီဟေးလ်နဲ့ စေ့စပ်ထားပြီး ရှက်ဖီးယူနိုက်တက် ဘောလုံးအသင်းရဲ့ အမာခံပရိသတ် တစ်ဦးပါပဲ။
လန်ဒန်အိုလံပစ်ပြိုင်ပွဲရဲ့ Poster Girl ဂျက်စီကာကို ဂုဏ်ထူး ဆောင်ဒေါက်တာဘွဲ့အပ်နှင်းခဲ့တာက University of Sheffield တက္ကသိုလ် ကြီးပါပဲ။
D.Litt ဂုဏ်ထူးဆောင်ဘွဲ့ရှင် အားကစားငွေကြယ်ပွင့် မချောလေးရဲ့ မင်္ဂလာသတင်းကို နားစွင့်ရင်း...။
