ပဏာမလက်ရွေးစင်အသင်း ဂိုးပြတ်ရှုံးနိမ့်

ကျော်ဇင်လှိုင်
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

ပဏာမမြန်မာ့ လက်ရွေးစင်အသင်း၏ ပွဲဦးထွက်ခြေစမ်းပွဲအဖြစ် MNL ALL STAR အသင်းနှင့် ဩဂုတ်လ ၁၅ ရက် နေ့ ညနေ ၄ နာရီ တွင် သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါပွဲတွင် မြန်မာအသင်းသည် ပရိသတ်မျှော်မှန်းထားသလောက် ခြေစွမ်းပြနိုင်ခြင်းမရှိကြောင်း တွေ့ရသည်။

ပထမပိုင်း ၁၂ မိနစ်တွင်ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း မြန်မာအသင်းသည် ရှေ့၊ လယ်၊ နောက် အချိတ်အဆက် မမိဘဲ ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးရပြီး ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ပွဲချိန်အများစုကို MNL ALL STAR အသင်းကဦးဆောင်ကစားသွားခဲ့သည်။

ပွဲအပြီးတွင်မြန်မာအသင်း၏ နည်းပြ ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာက "ကျွန်တော်တို့အသင်းမှာ စုစည်းမှု အားနည်းနေပါသေး တယ်။ နောက်ပြီး အသင်းသားတွေရဲ့ အနိုင်ယူလိုစိတ် သိပ်မပြင်းထန်သေးပါဘူး"ဟု ပြောကြားခဲ့သည်။

ခြေစမ်းပွဲအပြီးတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပဏာမ မြန်မာ့ လက်ရွေးစင်အသင်းနှင့် MNL ALL STAR အသင်းတို့အား ည ၇ နာရီတွင် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၌ ဂုဏ်ပြု ညစာစားပွဲကို ကျင်းပပေးခဲ့သည်။

အဆိုပါပွဲတွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က "မြန်မာ့ လက်ရွေးစင်ဘောလုံးအသင်း၊အောင်မြင်ဖို့ကို ပေါ့ပေါ့ တန်တန်မတွေးဘဲ အလေး အနက်ထားရပါမယ်။ ကျွန်တော်တို့ လုပ်တဲ့ အလုပ်တိုင်းက လက်ရွေးစင် အသင်းအောင်မြင်ဖို့ပါပဲ။ လက်ရွေးစင် အသင်းအတွက် အထောက်အပံ့ဖြစ်တဲ့ ကျွန်တော်တို့ရဲ့ မြန်မာနေရှင်နယ်လိဂ် ကြီးကိုလည်း ဒီထက်အဆင့်မြင့်အောင် လုပ်ဆောင်ရပါမယ်။ ဒီနေ့ပွဲက ခြေစမ်းပွဲ ဆိုပေမယ့် ရှုံးသွားတယ်ဆိုရင် ဒီအရှုံး အတွက် သင်ခန်းစာယူရပါမယ်"ဟု မြန်မာ့လက်ရွေး စင်ကစားသမားများ အား ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၁ ရက်နေ့တွင် စင်ကာပူအသင်းနှင့် ခြေစမ်းကစားဦးမည်ဖြစ်သည်။