ပညာရေးအတွက် တက်ဘလက်ထုတ်မယ့် နယူးစ်ကော်ပိုရေးရှင်း

သီရိမင်းထွန်း ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

ပညာရေးဈေးကွက်ကို အဓိကထား ရည်ရွယ်ပြီး News Corp ဟာ စာသင်ခန်းတွေအတွက် 'ဒစ်ဂျစ်တယ် နည်းပညာသစ်တစ်မျိုး'နဲ့ ဆန်းသစ် တီထွင်ပေးထားတဲ့ တက်ဘလက် ကွန်ပျူတာ တစ်မျိုးကို AT&T Mobility နဲ့အတူ ပူးပေါင်းထုတ်လုပ်ပေးတော့ မယ်လို့ ဇူလိုင်လ ၂၃ ရက် တနင်္လာနေ့ မှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီတီထွင်မှုဟာ အမ်ပလီဖိုင် (Amplify) လို့ အမည်ပြောင်း ပေးထားတဲ့ ကျွန်တော်တို့ပညာရေးဌာနရဲ့ ကြိုးပမ်းမှုတစ်ရပ်ပဲ ဖြစ်တယ်လို့ မီဒီယာ ကုမ္ပဏီကြီးကို ဦးစီးဆောင်ရွက်နေတဲ့ ရူးပက်မားဒေါ့က ပြောပါတယ်။ "ကျောင်းသားတွေ၊ ဆရာတွေနဲ့ မိဘတွေ ပိုအဆင်ပြေ စေမယ့် ဒစ်ဂျစ်တယ်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေကို တီထွင်ဖန်တီးပေးခြင်းအားဖြင့် အမ်ပလီဖိုင်ဟာ မူလတန်းနဲ့ အလယ်တန်း ပညာ ရေးအတွက် ရည်ရွယ်ပြီး အထူးအာရုံ စိုက် ကြိုးပမ်းနေပါတယ်" လို့ News Corp က ထုတ်ပြန်ထားပါတယ်။

"သင်ကြားရေးနဲ့ သင်ယူရေးမှာ အပြောင်းအလဲတွေ ဖြစ်လာစေဖို့နဲ့ စာသင်ကျောင်းတွေက ပေးနိုင်တဲ့ အတွေ့အကြုံနဲ့ ရလဒ်တွေ ပိုမိုကောင်း မွန်စေဖို့အတွက် ဒစ်ဂျစ်တယ် နည်းပညာရဲ့ အစွမ်းကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပါတယ်" လို့ အမ်ပလီဖိုင် ပညာရေးဌာနရဲ့ အမှုဆောင်အရာရှိ ချုပ် Joel Klein က ပြောပါတယ်။

"အမ်ပလီဖိုင်ဟာ ပညာရေးကဏ္ဍ အတွက် သေသေချာချာ စဉ်းစားပေးပြီး ဒီပစ္စည်းသစ်ကို ထုတ်ပေးမှာပါ။ ဒါကြောင့် ကျောင်းသား တွေ၊ ဆရာတွေနဲ့ မိဘတွေအတွက် ပိုမိုကောင်းမွန်တဲ့ သင်ယူရေးနဲ့ သင်ကြားရေး ဖြစ်လာအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့ကတိ နောက်ဆုံးမှာ အကောင်အထည် ပေါ်လာတော့မှာပါ။

"ဒီကြိုးပမ်းမှုမှာ '၄ ဂျီ မိုဘိုင်း တက်ဘလက် အခြေခံနည်းပညာ' လည်း ပါဝင်ပါတယ်။ ဒီနည်းပညာဟာ မူလတန်းနဲ့ အလယ်တန်း ပညာရေးအတွက် သင်ကြားရေးနဲ့ သင်ယူရေးမှာ သိသိသာသာ ပိုကောင်းစေမှာပါ" လို့ AT&T Mobility ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင် အရာရှိချုပ် ရပ်ဒီလာဗေဂါက ပြောပါတယ်။

ဝိဇ္ဇာ၊ သိပ္ပံနဲ့ သင်္ချာဘာသာရပ်တွေ ကို အင်္ဂလိပ်ဘာသာစကား အသုံးပြူ သင်ကြားပေးတဲ့ စာသင်ခန်းတွေက သင်ကြားရေးနဲ့ သင်ယူ ရေးအတွက် ဒစ်ဂျစ်တယ်သင်ရိုးညွှန်းတမ်း အသစ်တွေကို အမ်ပလီဖိုင်က စီစဉ်ပေးနေပါ တယ်လို့ ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပေးထားပါတယ်။

လိုအပ်တဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ကို ဆော့ဖ်ဝဲကုမ္ပဏီ Wireless Generation အဖွဲ့တစ်ဖွဲ့က ထုတ်လုပ်ပေးမှာဖြစ်ပြီး ကယ်လီ ဖိုးနီးယားတက္ကသိုလ်က ဆရာတွေနဲ့ Lapham's Quarterly မဂ္ဂဇင်းက ပညာရှင်တွေပါ ပူးပေါင်းဆောင်ရွက်မယ်လို့ သိရပါတယ်။ (အေအက်ဖ်ပီ)