ဟိုတယ် လမ်းညွှန် စာစောင်များ၊ FIT များအား အဓိက ဖြန့်ဝေမည်

ယုယုမော်
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)

မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တစ်ကိုယ်ရေခရီးသွားများ (FIT) ခရီးသည်များ အခန်းငှားရမ်းမှုအဆင် ပြေနိုင်စေရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ဟိုတယ်လမ်းညွှန် စာစောင်များဝေငှခြင်းနှင့် အခန်းငှားရမ်းပေးသည့် ၀န်ဆောင်မှုများ ပြုလုပ်သွားမည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀န်ကြီးဌာန၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

"မြန်မာပြည်ကိုလာလည်တဲ့ FIT ခရီးသည်တွေ ဒီရောက်ရင် သူတို့ဘယ် မှာတည်းရမလဲဆိုတဲ့ ပြဿနာရှိတယ်။ ဒါကြောင့် ဒီစာစောင်မှာ ရန်ကုန်မြို့ မှာရှိတဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေအပြင် စတား အဆင့်တွေကိုပါ ဖော်ပြပေးထားတယ်။ အခုဝန်ကြီးဌာနက စောင်ရေ ၁၅,၀၀၀ ထုတ်ထားတယ်။ လေဆိပ်မှာ မြန်မာ့ခရီး သွားလုပ်ငန်းကနေ ဖြန့်ဝေပေးသွားမယ်" ဟု ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ သတင်းအချက်အလက် ကောင်တာတွင် ကမ္ဘာလှည့်ခရီးသည်များ ရန်ကုန်မြို့တွင်း အခန်းခများနှင့် အခန်းဘွတ်ကင်များ အလွယ်တကူ စုံစမ်းငှားရမ်းနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဟု ဦးအောင်ဇော်ဝင်းက ပြောသည်။

အဆိုပါ လက်ကမ်းစာစောင်များကို ၀န်ကြီးဌာနနည်းတူ မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင်များအသင်းမှ ဆက်လက် တာဝန်ယူထုတ်ဝေ သွားမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့မှ ဦးကြည်သိန်းကိုက ပြောကြားသည်။

"စာစောင်တွေကို နေ့တိုင်းဖြန့်ဝေ သွားမယ်။ လိုအပ်ရင် လေဆိပ်က သတင်းအချက်အလက်ကောင်တာကို ထပ်ချဲ့ပြီး အဲဒီမှာ ခရီးသည်တွေအတွက် သူတို့ကြိုက်တဲ့ ဟိုတယ်ကို ဘွတ်ကင် လှမ်းလုပ်ပေးတဲ့ ၀န်ဆောင်မှု ထပ်ထည့်သွားမယ်" ဟု ၎င်းက ပြောသည်။

ယခုနှစ်ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တစ်ရက်လျှင် ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှုနှုန်း ၁,၂၀၀ မှ ၁,၈၀၀ ကြားတွင် ရှိသည်။

အဆိုပါ ကမ္ဘာလှည့်ခရီးသည်များမှာ အများအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တစ်ကိုယ်ရေခရီးသွားဧည့်သည် FIT များ ဖြစ်သည်။