မိုးရာသီတွင် ချောင်းသာဟိုတယ်များအားလုံးဖွင့်မည်
အတွဲ ၂၉ ၊ အမှတ် ၅၇၁ (၁ - ၇ ၊ ၆ ၊ ၂၀၁၂)
ချောင်းသာကမ်းခြေဟိုတယ်များ အားလုံးကို ယခုနှစ်မိုးရာသီတွင် အထူး ဈေးနှုန်းဖြင့် ဖွင့်လှစ်သွားမည်ဟု ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်း ရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ယခုနှစ် မိုးရာသီမှာ ချောင်းသာ ကမ်းခြေမှာရှိတဲ့ ဟိုတယ်တွေ အကုန် လုံးဖွင့်မှာဖြစ်ပြီး အခန်းအမျိုးအစား အလိုက် ၁၀ ရာခိုင် နှုန်းကနေ ၄၀ ရာခိုင် နှုန်း လျှော့ချထားပါသေးတယ်။ နွေရာသီ မှာတစ်ညကုန်ကျတဲ့နှုန်းက မိုးတွင် ကာလမှာ နှစ်ညအိပ်ခရီးသွားလို့ရ နိုင်တဲ့အထိ ဖြစ်သွားပါမယ်" ဟု အသင်းအတွင်းရေးမှူးဦးမင်းကျော်ဦး မှ မေလ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
ယခုနှစ်တွင် ချောင်းသာ-ပုသိမ်ကား လမ်း ၂၇ မိုင် ၇ ဖာလုံကို ပြန်လည် မွမ်းမံ ပြင်ဆင်ခဲ့ခြင်းကြောင့် တစ်နှစ်ပတ်လုံး ကောင်းမွန် စွာခရီးသွားလာနိုင်သည့် အခြေအနေကြောင့် ချောင်းသာကမ်းခြေ ဟိုတယ်များအားလုံးဖွင့်လှစ်နိုင်ခြင်းဖြစ် သည်ဟု တွဲဖက် အတွင်းရေးမှူး ဦးကျော် ခိုင်က ထပ်လောင်းပြောကြားသည်။
"နှစ်စဉ် ဒီကားလမ်းကို ပြုပြင်ခဲ့ပေ မယ့် ယခုနှစ်မှာ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ရဲ့ ဦးဆောင်ပံ့ပိုးမှုနဲ့ ဆောက် လုပ်ရေး ၀န်ကြီးဌာန၊ ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်တွေ ငွေကြေး ထည့်ဝင်ပြီး လမ်းကို ပြင်ဆင် ခဲ့ပါတယ်။ ဒီလမ်းကို အခုထက်ပို ကောင်းမွန်လာ အောင် ဟိုတယ်လုပ်ငန်းရှင်အသင်းက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်သူ့ ဆောက်လုပ်ရေး အဖွဲ့နဲ့ ပူးပေါင်းထိန်း သိမ်းသွားမယ်"ဟု ဦးကျော်ခိုင်က ပြောသည်။
ထို့ပြင် ချောင်းသာကမ်းခြေသို့ မိုးတွင်းကာလတွင် ရာသီဥတုပြောင်းလဲမှုများဖြစ်ပေါ်လာပါက ကြိုတင်အသိပေးခြင်းနှင့် ကာကွယ်ခြင်း ကိစ္စရပ်များကို အချိန်နှင့် တစ်ပြေးညီလုပ်ဆောင်သွား မည်ဟု ဦးမင်းကျော်ဦးက ဆိုသည်။
ချောင်းသာမက်စ်ဟိုတယ်မှ အထွေ ထွေ မန်နေဂျာ ဦးညီညီအောင်က "မမျှော် လင့်တဲ့ သဘာဝဘေး အန္တရာယ်တွေကြုံ လာရင်လည်း ခရီးသည်တွေကို ဘေး လွတ်ရာ ခေါ်သွားတာတို့၊ ကားလမ်းမ ပိတ်အောင်လမ်းရှင်းပေးတာတွေစတဲ့ ကျွန်တော်တို့ လုပ်နိုင်သ လောက် ဆောင်ရွက်ပေးပါတယ်။ တကယ်ဖြစ် လာတော့မယ်ဆိုရင်လည်း အရင်တုန်း က ဆူနာမီငလျင်အတွေ့အကြုံနဲ့ ယှဉ် ပြော ရရင် မိုးလေ၀သဌာနအပြင် သက်ဆိုင်ရာဌာနတွေက ကျွန်တော် တို့ဆီကို တိုက်ရိုက် ဖုန်းဆက်ပြီး ကြိုတင် သတိပေးတဲ့အတွက် ကာကွယ်မှုတွေကို အချိန်မှီပြုလုပ်နိုင်ပါတယ်" ဟု သုံးသပ်ပြောသည်။
ယခုအခါ ချောင်းသာကမ်းခြေတွင် လိုင်စင်ရ ဟိုတယ် ၁၅ လုံးဖွင့်လှစ်ထားပြီး လိုင်စင်ရတည်းခိုခန်းလေးလုံးရှိကြောင်း သိရသည်။
