တာဝန်သိ ခရီးသွားလုပ်ငန်း ပေါ်လစီမူကြမ်းကို ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းပြီး ယခုလအပြီး ရေးဆွဲမည်
အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ - ၁၄ ၊ ၆ ၊ ၂၀၁၂)
မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဂျာမနီနိုင်ငံ အခြေစိုက် Hanna Seidel Foundation မှ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းကာ တာဝန်သိခရီးသွားလုပ်ငန်း ပေါ်လစီ (Responsible Tourism Policy) မူကြမ်းကို ယခုလတွင် အပြီး ရေးဆွဲသွားမည်ဟု ၀န်ကြီးဌာနမှ အကြံ ပေးပုဂ္ဂိုလ် ဒေါ်ကြည်ကြည်အေးက မြန်မာတိုင်း(မ်)ကို ပြောသည်။
"လာမယ့် ဇွန်လ ၄ ရက်နေ့ နေပြည် တော်မှာ သက်ဆိုင်ရာဌာနတွေနဲ့ တွေ့ရှိ ချက်တွေကို ညှိနှိုင်းပြီး အဲဒီအပေါ်မှာ ပေါ်လစီမူကြမ်း ထွက်လာပါမယ်။ ဇွန် ၅ ရက်နေ့မှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ် လုပ်ငန်းတွေဆီ အားလုံးရလာတဲ့ ရလဒ် တွေအပေါ်မှာ ထပ်မံဆွေးနွေးပြီး အဲဒီ မူကြမ်းကို ၀န်ကြီးဆီ တင်ပြပါမယ်"ဟု ဒေါ်ကြည်ကြည်အေးက ပြောကြားသည်။
မူကြမ်းရေးဆွဲရာတွင် ပါဝင်ကူညီမည့် ဂျာမနီနိုင်ငံအခြေစိုက် Hanna Seidel Foundation မှ အကြံပေးပုဂ္ဂိုလ် Mr Achim Murnz ကလည်း "ရန်ကုန်က ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းရှင် တွေနဲ့ မူကြမ်းအတွက် အလုပ်ရုံဆွေးနွေး ပွဲလုပ်ပြီးရင် ပုဂံ၊ အင်းလေး၊ ကျိုင်းတုံ ဒေသတွေကို သွားပြီး ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး အကြံဉာဏ်တွေ၊ လိုအပ်ချက်တွေ ကောက်ခံသွားမယ်" ဟု ဆိုသည်။
တာဝန်သိ ခရီးသွားလုပ်ငန်းမူကြမ်း ရေးဆွဲရာတွင် အဓိကပါဝင်သင့်သည့် ဦးစားပေးအချက်များ၊ ခရီးသွားလုပ်ငန်း၏ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပြင် ခရီးသွားလုပ်ငန်းမှ ရလာမည့် အကျိုး သက်ရောက်မှုများကို ဂျာမနီ နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေး နွေးခဲ့ကြသည်။
အဆိုပါမူကြမ်းသည် ခရီးသွား လုပ်ငန်းအတွက် အဓိကစီမံချက် Master Plan ရေးဆွဲရာတွင် အထောက်အကူပြုသွားမည်ဟု ဒေါ်ကြည်ကြည်အေး ကဆိုသည်။
"တာဝန်သိ ခရီးသွားလုပ်ငန်းဟာ အစိုးရနဲ့ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပေါ်မှာ အများကြီးမူတည်နေပါတယ်။ လူ့စွမ်းအားအရင်း အမြစ် တိုးတက်လာအောင်လုပ်ဖို့က ဒီပေါ်လစီမူကြမ်းရေး ဆွဲရာမှာ ပါဝင်ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ချက်ပါ"ဟု ၎င်းက သုံးသပ် ပြောကြားသည်။
ခရီးသွားလုပ်ငန်းပညာရှင်များကလည်း တာဝန်သိခရီးသွားလုပ်ငန်းဖြစ် ပေါ်လာစေရန် ဒေသခံများပါဝင်ဆောင် ရွက်လာရန်လိုအပ်ပြီး ခရီးသွားလုပ်ငန်း၏ ကောင်းကျိုးဆိုးကျိုးများကို သတိ ပြုဆင်ခြင်စေရန် ပညာပေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက် သင့်ကြောင်း ဆွေးနွေးခဲ့ကြသည်။
"ခရီးသွားလုပ်ငန်းက သဘာဝ ပတ်ဝန်းကျင်ကို အနည်းနဲ့အများ ထိခိုက်စေနိုင်တဲ့အပြင် နိုင်ငံရဲ့ယဉ်ကျေးမှုဒေသရဲ့ ဓလေ့ ထုံးစံတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တစ်တွေ အဲဒီ ကိစ္စရပ်တွေကို ထည့်သွင်းစဉ်းစား သွားမယ့်အပြင် ခရီးသွားလုပ်ငန်းတွေ ဘက်ကလည်း ဘာတွေ ထပ်မံဖြည့်စွက် သင့်သလဲ၊ လတ်တလောရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်းပြော ပြပေးစေလိုတယ်' 'ဟု Mr Achim Murnz က ပြောကြားသည်။
နေပြည်တော်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တာဝန်သိခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာစေရန် အစိုးရဌာနများနှင့် ပုဂ္ဂလိကမှ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းများ စုံစုံလင်လင်တက်ရောက် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပေါ်လစီမူကြမ်းရေးဆွဲရာ ၌ ခရီးသွားလုပ်ငန်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအပြင် အဓိကပါဝင်သည့် ကဏ္ဍများဖြစ်သည့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များ၊ အမှတ်တရဆိုင်များ အစရှိသည် တို့ထံမှ အကြံဉာဏ်များ ရယူ၍ အကောင် အထည်ဖော်လျက်ရှိသည်။
အဆိုပါမူကြမ်းတွင် အကြမ်းဖျဉ်းအားဖြင့် အဓိကအချက် ၁၀ ချက်ပါဝင်ပြီး အဆိုပါအချက်များအပေါ် မူတည်၍ တာဝန်သိ ခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
