မြန်မာစာပေလောကရဲ့ မီးရှူးတန်ဆောင် ငြိမ်းသွားရှာ

ငြိမ်းအိအိထွေး
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ဆရာ လူထုစိန်ဝင်းကို မကွယ်လွန်ခင် နေအိမ်တွင် တွေ့ရစဉ်။
ဓာတ်ပုံ - မြန်မာတိုင်း(မ်)

လူထုသတင်းစာရဲ့ သတင်းသမားတစ်ဦးဖြစ်ခဲ့ပြီး နိုင်ငံပြုပြင်ပြောင်းလဲ ရေးအတွက် အမှားတွေထောက်ပြကာ အမှန်တရားတွေကို ရဲရဲဝံ့ဝံ့ ချရေးတတ်သူ၊ မျိုးဆက်သစ်သတင်းသမားတွေ သိသင့်သိထိုက်တဲ့ စာနယ်ဇင်းကျင့်ဝတ်ကို မီးမောင်းထိုးပြောပြထားတဲ့ ဆောင်းပါးတွေကို အစဉ်တစိုက်ရေးသားခဲ့သူ၊ ဘာသာပြန်စာပေနယ်ပယ်မှာလည်း အထင် ကရဖြစ်ခဲ့သူ ဆရာကြီးလူထု ဦးစိန်ဝင်းဟာ ဇွန်လ ၁၇ ရက်နေ့၊ ည ၁၁ နာရီအချိန်တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင် အထူးကုဆေးခန်းမှာ နာတာရှည် အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါပြီ။

ဆရာဟာ ဆုံးပါးချိန်မှာ အသက် ၇၂ ရှိပြီဖြစ်ပြီး ကျန်းမာရေးမကောင်း လို့ နှာခေါင်းမှာ အောက်ဆီဂျင်ပိုက်တပ် ထားရတဲ့ကြားထဲကမှ အား တင်းပြီး ဒီနှစ် ဧပြီလအထိ အပတ်စဉ်ထုတ်သတင်း ဂျာနယ်တွေမှာ ဆောင်းပါးတွေကို ပုံမှန်ရေးသားကာ ပြည်သူတွေကို မျက်စိ ဖွင့်ပေးခဲ့သူ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် စာရေးသားတာကို ရပ်နားခဲ့ရပါတယ်။

မန္တလေးသားဖြစ်ပြီး မန္တလေးလဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School)၊ မန္တလေးတက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်ထွက် ဆရာဟာ ၁၉၆၄ ခုနှစ်မှာ လူထု သတင်းစာမှာ သတင်းထောက်အဖြစ် စတင်အလုပ်လုပ်ကိုင်ချိန်ကစပြီး လူထု စိန်ဝင်းအဖြစ် နာမည်ကျော်ခဲ့တာဖြစ်ပါတယ်။

သူ့ဘ၀တစ်လျှောက်လုံး ကလောင်ခွဲ ၁၅ ခုနဲ့ စာပေရေးသားတဲ့ အလုပ်နဲ့ပဲ ပျော်မွေ့နေခဲ့သူဖြစ်ပါတယ်။

ဘာသာပြန်စာအုပ်တွေကို ၀င်းဇော် နာမည်နဲ့ ရေးသားခဲ့ပြီး ၁၉၆၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ 'စောမိုခမ်း'၊ နောက် တစ်နှစ်ခြားစီ ထုတ်ဝေ ခဲ့တဲ့ 'အလံမလှဲ စတမ်း'နဲ့ 'အဖြူနဲ့အ၀ါ' ဘာသာပြန်စာ အုပ်တွေဟာ ဆရာ လူထုစိန်ဝင်းကို ပိုလို့ကျော်ကြားစေခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ လူထုသတင်းစာ ပိတ်သိမ်းခံရပြီး အယ်ဒီတာငါးဦးနဲ့ အတူ ဖမ်းဆီးခံခဲ့ရတဲ့ဆရာဟာ ၁၉၇၆ ခုနှစ်မှာ ပြန်လည် လွတ်မြောက်ခဲ့ပြီး မကြာမီမှာပဲ နောက်တစ်ကြိမ် ထောင် ဒဏ်လေးနှစ်ကျခံရာက ထောင်ထဲမှာပဲ ညာဘက်ကိုယ်တစ်ခြမ်း လေဖြတ် သွားခဲ့ရပါတယ်။

၁၉၈၀ ပြည့်နှစ်မှာ ထောင်က လွတ်မြောက်လာပြီး ဘယ်ဘက်လက်နဲ့ စာရေးသားဖို့အတွက် လေ့ကျင့်ယူကာ ဆောင်းပါးတွေ ဆက်လက်ရေးသားရင်း တစ်ဖက်ကလည်း ဆရာဟာ အင်္ဂလိပ် စကားပြောသင်တန်းဖွင့်လှစ်ပြီး စာသင် ကြားခဲ့ပါတယ်။

၁၉၉၉ ခုနှစ်နောက်ပိုင်းမှာ လူထုစိန် ၀င်းနာမည်နဲ့ပဲ စာပေရေးသားခဲ့ပြီး ထင်ရှားတဲ့စာအုပ်တွေကတော့ 'မော်ဒန် လက်ဖက်ရည် ပန်းကန်ထဲမှ မုန်တိုင်း ငယ်နှင့် အခြားဆောင်းပါးများ'၊ 'လူငယ် နှင့်အချစ်'၊ 'အရှက်နဲ့တန်ဖိုး'၊ 'စာနယ် ဇင်းအရေးအသားပုံစံသစ်'နဲ့ 'သတင်း ပညာ သောင်းပြောင်းထွေလာ' စာအုပ် တို့ဖြစ်ပြီး တစ်နေ့မှာ ဆောင်းပါးနှစ်ပုဒ် ခန့် ပုံမှန်ရေးသားတာကြောင့် မျက် မှောက် ခေတ် မြန်မာစာပေလောကမှာ စာအရေးနိုင်ဆုံးပုဂ္ဂိုလ်အဖြစ် အသိ မှတ်ပြုခံခဲ့ရပါတယ်။

ဆရာလူထုစိန်ဝင်းနဲ့ နှစ်ပေါင်း ၄၀ ကျော်သူငယ်ချင်းအဖြစ် စာတွေအတူ ရေးသားခဲ့တဲ့ ဆရာ ဟံသာဝတီ ဦးဝင်းတင်ကလည်း အခုချိန်မှာ ရိုးသားပြီး ယုံကြည်ချက်ခိုင်မာသလို ရဲရင့်မှုတွေ ပြည့်နေတဲ့မိတ်ဆွေတစ်ယောက် ဆုံးရှုံး သလို ခံစားနေရတယ် လို့ ပြောပါတယ်။

"သတင်းစာဆရာ တစ်ဦးအပေါ် အမြင်ဆိုရင်တော့ ကိုစိန်ဝင်းက သတင်း စာလောကမှာ အမှန်တရားဘက်က အမြဲရပ်တည်တယ်။ ရပ်တည်ရုံတင် မကဘူး အမှားတရားကိုလည်း တိုက်ရဲ တယ်။ အဲဒီလို အမှားတရားကို တိုက်ဝံ့ ရုံတင်မကဘူး။ ပြောင်းလဲမှုကိုလည်း တောင်းဆိုနိုင်တယ်။ သူမှားတယ်ထင် တဲ့ စနစ်တွေ၊ ခေတ်တွေကို သတင်းစာ ဆရာတစ်ယောက်ရဲ့ တာဝန်ကျေပွန်စွာနဲ့ တိုက်ဝံ့ တယ်။ ပြည်သူ့ဘက်က အမြဲ ရပ်တည်ပြီး အဖိုးတန်အောင်နေခဲ့တော့ အခုချိန်သူ့ကို ဆုံးရှုံးတာတောင် သူ့ရဲ့ အယူအဆတွေ၊ ယုံကြည်ချက်တွေ၊ ရပ်တည်ချက်တွေ နှစ်ပေါင်းများစွာ ကြာရှည်တည်တံ့ပါစေလို့ ဆုတောင်း ပေးချင်ပါတယ်"လို့ ဟံသာဝတီ ဦးဝင်း တင်က ပြောပါတယ်။

ဆရာကြီး လူထုစိန်ဝင်းဟာ ဟံသာ ၀တီ ဦးဝင်းတင်နဲ့ ခေတ်ပြိုင်စာရေး ဆရာတစ်ယောက်ဖြစ်တဲ့အတွက် သူ ရေးသားခဲ့တဲ့ စာပေတွေအပေါ်ကိုလည်း အဓိကရပ်တည်ချက်က လူထု အကျိုးအတွက်ချည်းဖြစ်ခဲ့ပြီး လူငယ်တွေဘက်က ရပ်တည်ကာ မြေတောင် မြှောက်ပေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

"ကိုစိန်ဝင်းရဲ့ ဆန္ဒတွေထဲမှာ လူငယ် တွေကို မြေတောင်မြှောက်ပေးနိုင်ဖို့က အမြဲတမ်းရှိတယ်။ တကယ်လည်း စာနယ်ဇင်းသမားတွေ၊ လူငယ်သတင်း သမားတွေ တော်တော်များများကို အကျိုး ပြုနိုင်ခဲ့ပါတယ်။ သူ့ကိုကြည့်လိုက်ရင် သူ့ပုံရိပ်တွေထဲမှာတောင် ဇွဲသတ္တိကြီး လွန်းတဲ့ လက္ခဏာတွေတွေ့နေရတယ်။ ကျန်းမာရေးအတွက် အောက်ဆီဂျင် ဘူးနဲ့ အသက်ဆက်နေချိန်မှာတောင် စာကို မပြတ်ရေး နိုင်ခဲ့သလို သူရေးသား ခဲ့တဲ့ စာတိုင်းကလည်း ကောင်းမွန်နေ ပါတယ်"လို့ ဦးဝင်းတင်က ပြောပါ တယ်။

ဆရာကြီးရဲ့ စာဖတ်ပရိသတ်တစ်ဦး အဖြစ်ရော၊ တပည့်တစ်ဦးအနေနဲ့ပါ ဆရာကြီးရဲ့ စာပေတွေကို မြတ်နိုးခဲ့ရတဲ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ကလည်း ဆရာလူထုစိန်ဝင်းကွယ်လွန် ခြင်းအတွက် ၀မ်းနည်းတဲ့ခံစားချက် အတိုင်း ကဗျာတစ်ပုဒ်ရေးစပ်ခဲ့ပြီး ဆရာကြီးရဲ့ အသုဘအခမ်းအနားမှာ လိုက်ပါ ပို့ဆောင်သူတွေကို အမှတ်တရ ပေးဝေခဲ့ပါတယ်။

"ကဗျာအဓိပ္ပာယ်ကတော့ ကြယ် တွေအကုန်ကြွေသွားမယ်ဆိုရင်တောင် ကမ္ဘာကြီးက မမှောင်သွားနိုင်ပေမယ့် လမ်းပြကြယ်တစ်လုံး ကြွေသွားမယ်ဆို ရင်တော့ လမ်းလျှောက်နေသူတွေ လမ်းပျောက်သွားလောက်အောင် မှောင် ကျသွားနိုင်တယ်ဆိုတဲ့ အကြောင်းလေး ပါ။ ဆရာကြီးရဲ့ စာပေတွေက ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်သလို အလွန်လည်း အဖိုးထိုက်တန်ပါတယ်" လို့ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)က ပြောပါ တယ်။

"ဆရာကြီးအခုလို မရှိတော့တဲ့အတွက် အတိုချုပ်ပြောရမယ်ဆိုရင် မြန်မာစာပေ လောကအတွက်ရော၊ မြန်မာစာနယ် ဇင်းလောက အတွက်ပါ ပြန်လည်အစား ထိုးမရနိုင်တဲ့ သူတစ်ဦး ပျောက်ဆုံးသွား တယ်လို့ ခံစားရပါတယ်"လို့လည်း သူက ပြောပါတယ်။ ဆရာ့ရဲ့ ဈာပနအခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။