ဒေသခံအနုပညာရှင်တွေရဲ့ လက်ရာတွေနဲ့ တောက်ကြွားနေတဲ့ ဘန်ကောက် အနုပညာစင်တာ
ငြိမ်းအိအိထွေး ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)

ပန်းချီကျော် Cyprian Bielaniec ရဲ့ဖန်တီးမှု "Hell and Heaven"
လက်ရာတစ်ခု။
ဓာတ်ပုံ - အေအက်ဖ်ပီ
ဘန်ကောက်မြို့ရဲ့ ပန်းချီပြခန်းကျယ်တွေမှာ လိုအပ်နေတဲ့ အနုပညာ လက်ရာတွေ၊ မျှော်လင့်ချက်တွေ ဖြည့်ဆည်းပေးနိုင်သလို ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာ ခေတ်ပြိုင်ပန်းချီဆရာတွေရဲ့ အနုပညာ ဖန်တီးမှုတွေကို ပရိသတ်တွေ ဝေမျှခံစားနိုင်မယ့် ဘန်ကောက်အနုပညာနှင့် ယဉ်ကျေး မှုစင်တာ (The Bangkok Art and Culture Center) ကို ၂၀၀၈ ခုနှစ်၊ ဇူလိုင်လက ဖွင့်လှစ်ခဲ့ပါတယ်။
ဖွင့်လှစ်ခဲ့တဲ့ လေးနှစ်တာ ကာလပတ်လုံး ဒီအနုပညာစင်တာကြီးဟာ နိုင်ငံတကာက အလည်လာသူတွေရဲ့ စိတ်အာရုံခံစားမှုထဲအောက်မှာ ထင်ရှား ပေါ်လွင်နေခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ အားနည်းချက်တစ်ခုကတော့ အရှေ့တောင်အာရှရဲ့ ပန်းချီ အနုပညာလက်ရာတွေကို စိတ်ဝင်စားသူတိုင်း ဒီစင်တာကြီးကို အရောက်လာမှ ပြည့်စုံမယ့်ပုံပေါက်နေတာပါပဲ။
ဘီအေစီစီ အနုပညာစင်တာက ထိုင်းနိုင်ငံကို ဈေးဝယ်ထွက်သူတွေနဲ့ အလည်လာသူတွေရဲ့ အသည်းကျော် MBK Center နဲ့ Siam Discovery Center တို့ အနားမှာရှိနေပြီး ဆူညံသံတွေကို မုန်းတဲ့သူတွေအတွက် အေးချမ်း တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။
ဒါဆိုရင် ဒီအနုပညာစင်တာကြီးရဲ့ ၀င်ကြေးကရော အခမဲ့များ ဖြစ်နေမလား။
ဒီစင်တာကြီးဟာ ဘန်ကောက်မှာ ခရီးတစ်ထောက်နားပြီး ပိုက်ဆံချွေတာချင်တဲ့ နာရီပိုင်းဧည့်သည်တွေအတွက်ကတော့ ငွေအကြွေ ရှိရုံလောက်နဲ့ ၀င် ရောက်လေ့လာနားခိုနိုင်တဲ့ အနုပညာ ပြတိုက်အဖြစ် ခံ့ခံ့ညားညား ရပ်တည် နေပါတယ်။
ဒီလိုမဟုတ်ဘဲ ကိုယ့်အတွက် တစ်ယောက်ယောက်ကများ စရိတ်စက ကုန်ကျခံပေးမယ်ဆိုရင်တော့ ဘီအေ စီစီစင်တာကြီးရဲ့ အောက်ထပ်အလွှာ တွေမှာရှိတဲ့ အရှေ့တိုင်းအနုပညာစီးပွား ရေးလုပ်ငန်းတွေ၊ ကိုယ်ပိုင်ပန်းချီပြခန်း လေးတွေနဲ့ ခေတ်မီအ၀တ် အထည်ဆိုင် တွေ၊ အမှတ်တရလက်ဆောင်ပစ္စည်း ဆိုင်တွေနဲ့ ကော်ဖီဆိုင်လေးတွေက ခဏတာ အနားယူရင်း စိတ်ကြိုက်မွှေ နှောက်လေ့လာချင်စရာတွေပါပဲ။
ဒါပေမယ့် ဒီစင်တာကြီးရဲ့ အဓိက ဆွဲဆောင်မှုက သူ့ရဲ့ပင်ကိုအနုပညာရပ် တွေပဲဆိုတာ အလည်လာသူအားလုံးက လက်ခံနိုင်ကြ ပါတယ်။
သုံးရက်တစ်ကြိမ် ပွဲပြောင်းတတ်တဲ့ ရန်ကုန်ပန်းချီပြပွဲတွေနဲ့ မတူတဲ့အချက်က ဘီအေစီစီ စင်တာရဲ့ပန်းချီပြပွဲတစ်ခုက အနည်းဆုံး တစ်လတာကာလ ဖြစ်နေတတ်ပါတယ်။
စင်တာကြီးရဲ့ ပြခန်းကျယ်ခန်းမတွေ ရှိရာ အပေါ်ဆုံးသုံးလွှာကိုတော့ အုပ်စုလိုက် ပန်းချီပြပွဲတွေနဲ့ မနှစ်က ပြသခဲ့ တဲ့ နာမည်ကျော် "Icons of French Design" နဲ့ "Twist and Shout: Contemporary Art from Japan" တို့လို အဆင့်မြင့်နိုင်ငံတကာပန်းချီ ပြပွဲတွေ ပြသနိုင်ဖို့အတွက် ငှားရမ်းထားပါတယ်။
အဲဒီနာမည်ကျော် ပန်းချီကားတွေ ထက် ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ အရာတွေက တစ်ခါတစ်ရံမှာ ဒေသခံ ပန်းချီပညာရှင်တွေရဲ့ လူမှုရေးနဲ့ နိုင်ငံ ရေးဆိုင်ရာသုံးသပ်ချက်တွေ လွှမ်းမိုး ထားတဲ့ အုပ်စုလိုက်ပန်းချီပြပွဲတွေပဲ ဖြစ်နေတတ်ပါသေးတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေက 'ထိုင်း နိုင်ငံက ရှပ်နီနဲ့ ရှပ်ဝါတို့ကြားက ပြန်လည် သင့်မြတ်နိုင်မှု အခွင့်အလမ်းတွေ'၊ '၂၀၁၁ ခုနှစ် ဘန်ကောက်မြို့ရဲ့ မကြုံ စဖူး ရေလွှမ်းမိုးခံရမှုအပေါ် ပြန်လည် ထူထောင်ရေး လုပ်ဆောင်ချက်တွေ'၊ 'အကျဉ်းအကျပ်ထဲ ရောက် နေတဲ့ ရိုဟင်ဂျာတို့အရေး'အပြင် 'သဘာဝ ပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအပေါ် ထိခိုက်မှုတွေဖြစ်စေနိုင်တဲ့ မဲခေါင်မြစ် တစ်လျှောက်က တရုတ်နိုင်ငံရဲ့ ဆည် တမံတည်ဆောက်ရေး စီမံကိန်းတွေ' ကအစ ဒေသခံပန်းချီပညာရှင်တွေရဲ့ နှိုက်နှိုက်ချွတ်ချွတ် သရုပ်ဖော် ချက်တွေ က စင်တာကြီးကို အလည်လာသူတွေ အတွက် လက်ဖျားခါလောက်တဲ့အထိ ပါပဲ။
ဒါ့ပြင် အယူအဆပေါ် အဓိကပစ် မှတ်ထားပြတတ်ကြတဲ့ ပန်းချီပြပွဲတွေ ရှိသလို ပန်းချီဆရာတချို့ကတော့ အနောက်တိုင်းက လေလုံးထွားထွား ပြတိုက်မှူးတွေရဲ့ဝသီကို လိုက်ပြီး ကံဆိုး မိုးမှောင်ကျတဲ့ အဓိပ္ပာယ်ဆန်ဆန် ပြပွဲ တွေပြတတ်ကြတယ်။
သူတို့မှာ အထင် ကြီးလောက်တဲ့ ဟန်ပန်တွေ ရှိကြပေမယ့် တကယ်တမ်းတော့ ဒိုင်ယာလော့ခ် တစ်ဝက်တစ်ပျက်နဲ့ အသံလွှင့် တင်ဆက် သူတွေလို့ သတ်မှတ်ခံကြရပါတယ်။
ဥပမာပေးရမယ်ဆိုရင်တော့ "Culture: Commemorable, Formless, Shadowless" နဲ့ "Be-High (the) Soul" တို့ပါပဲ။
ဒီပန်းချီပြပွဲတွေရဲ့ ရည်ရွယ်ချက်က ထိုင်းပန်းချီကျော်တွေကို သက်သောင့် သက်သာလေး စိတ်ကူးယဉ်နေရာကနေ နည်းနည်း ပိုကြိုးစားဖို့နဲ့ နည်းလမ်းသစ်တွေ ချဲ့ထွင်ကြည့်ဖို့ ဖိအားပေးနေသလိုတောင် ထင်မှတ်မိရပါတယ်။
ဒါပေမယ့် လည်း ပြပွဲရလဒ်တွေက များသော အားဖြင့် မကောင်းတစ်ခါ ကောင်းတစ် လှည့်ဖြစ်တတ်သလို တစ်ခါတစ်ရံမှာ ပရိသတ်နဲ့ အလွမ်းသင့်ပြီး တစ်ခါတလေ မှာတော့ အံ့ဩတကြီးဖြစ်စေနိုင်တဲ့ အတွက် ဒီပန်းချီပြပွဲတွေက အရမ်းကြီး ဆိုးတဲ့အထဲမှာတော့ ပါမနေတာ သေချာပါတယ်။
ပြီးတော့ ဒီပြပွဲတွေကနေ ပရိသတ်ကို သူတို့နဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဥယျာဉ်ခြံအလှဆင်စိုက်ပျိုးတဲ့လုပ်ငန်း တွေ၊ စာရေးသားခြင်းနဲ့ ပန်းချီဆွဲတာတွေ မှာပါ အထောက်အပံ့ရအောင် စိတ်ကူး ဉာဏ်တွေ ကွန့်မြူးစေပါတယ်။
မှတ်သားစရာကောင်းတဲ့ အချက် တစ်ခုကတော့ ဘီအေစီစီစင်တာမှာ လတ်တလောပြသနေတဲ့ နိုင်ငံတကာ ပုံနှိပ်နဲ့ပန်းချီအနုပညာ သုံးနှစ်တစ်ကြိမ် ပြပွဲ (Third Trienniale International Print and Drawing Exhibition)ပါပဲ။
ဒီပြပွဲမှာ ကမ္ဘာ့နိုင်ငံပေါင်း ၆၀ က ပန်းချီပညာရှင်ပေါင်း ၁,၁၄၆ ဦး တင်သွင်းတဲ့ ပန်းချီကား ၂,၉၆၃ ကားထဲက ရွေးချယ်ထုတ်နုတ် ထားတဲ့ အနု ပညာလက်ရာ ၂၁၆ ခုကို ပြသထား ပါတယ်။
သစ်သားပန်းချီ (စာရွက်ပေါ်မှာ သစ်သားစလေးတွေ ကပ်ပြီး ပုံဖော်ထား သည့်ပန်းချီ)အပါအ၀င် ပန်းချီကားတွေ ကို ပုံနှိပ်ထားတဲ့ လက်ရာတွေ၊ သတ္တု ထွင်းပန်းချီ၊ ကျောက်ထွင်းပန်းချီ၊ ဖယောင်းပုဆိုးကို ဖြတ်ညှပ်ကပ်ထားတဲ့ ပန်းချီနဲ့ သစ်သားမှာ ရုပ်လုံး သွင်းထား တဲ့ ပန်းချီပန်းပုလက်ရာတွေကို ပြပွဲမှာ ပြသထားတဲ့အပြင် အသုံးပြုထားတဲ့ အရာတွေကလည်း ဖောင်တိန်၊ ခဲတံ၊ ရောင်စုံခဲတံ၊ ကာဗွန်မှုန့်၊ အက်ခရိုင်း လစ်နဲ့ ကျောက်မီးသွေးမှုန့်တွေကအစ စုံလင်အောင် တွေ့ရပါတယ်။
ပြပွဲလာသူ ပရိသတ်ကို လွယ်လင့်တကူ နားလည်သဘောပေါက်စေတဲ့ နိုင်ငံတကာအသိအမှတ်ဆုတွေ ဆွတ်ခူးထားတဲ့လက်ရာ တွေကို အများဆုံး ပြသထားပြီး ယုံကြည်မှုတွေနဲ့ ရှုပ်ထွေး ဆန်းကြယ်တဲ့သံသယတွေကို ဖော် ဆောင်တဲ့ ထိုင်းပန်းချီပညာရှင် Jackee Kongchom ရဲ့ "Khamdeepeekhum" နဲ့ ပန်းချီကျော် Cyprian Bielaniec ရဲ့ ဆုတံဆိပ်ရ ဘာသာရေးအယူအဆတွေ ပြည့်နှက်နေတဲ့ ကောင်းကင်ဘုံနဲ့ ငရဲတို့ ကို ပုံဖော်ထားတဲ့ "Hell and Heaven" တို့ကိုလည်း ပြသထားပါတယ်။
ပြပွဲတင်ပန်းချီကားအားလုံးကို စေ့စေ့ စပ်စပ် ကြည့်ရှုခံစားပြီးချိန်မှာတော့ ပန်းချီတစ်ကားချင်းစီရဲ့အဆိုးအကောင်း၊ ရွက်ကြမ်းရေကျို၊ အကောင်းဆုံးနဲ့ အဆိုး ဆုံးတွေကို စဉ်းစားဆုံးဖြတ်နိုင်ခဲ့ပါလိမ့် မယ်။
ဒါက ပရိသတ်လေ့လာနိုင်တဲ့ ထိုင်း နိုင်ငံရဲ့ ရင့်ကျက်လှပပြီး အမျိုးအစား စုံလင်တဲ့ ပန်းချီအနုပညာပဲဖြစ်ပြီး သိပ် မကြာခင်မှာပဲ အိမ်နီးချင်းဖြစ်တဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဒီလိုအနု ပညာတွေ စတင်ထိုးဖောက်ပြီး စိမ့်ဝင် လာတော့မယ်လို့လည်း ခံစားမိ ပါတယ်။
အခုလက်ရှိ ဘီအေစီစီစင်တာမှာ ကျင်းပနေတဲ့ နိုင်ငံတကာပုံနှိပ်နဲ့ ပန်းချီ အနုပညာသုံးနှစ်တစ်ကြိမ်ပြပွဲက ဇူလိုင် ၂၉ ရက်နေ့ အထိဖြစ်ပြီး ဒီကပြီးရင် တော့ Nakhon Pathom ပြည်နယ်၊ Silpkhorn တက္ကသိုလ်ရဲ့ ဆန်နမ်ချမ် ဒရာပန်းချီပြခန်းမှာ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါ ရီ ၁၀ ရက်ကနေ ဖေဖော်ဝါရီ ၂၀ ရက်နေ့ အထိ ပြသမှာဖြစ်သလို အဲဒီကပြီးရင် တော့ ချင်းမိုင်တက္ကသိုလ်ရဲ့ အနုပညာ စင်တာမှာ ဇွန်လ ၁၃ ရက်နေ့မှာ ထပ်မံ ပြသသွားမှာပါ။
ဘန်ကောက်အနုပညာနှင့် ယဉ်ကျေးမှုစင်တာက ရာမနဲ့ ဖရထိုင်းလမ်းဆုံ၊ MBK နဲ့ Siam Discover Center တို့နဲ့ မျက်နှာချင်းဆိုင် မှာတည်ရှိပြီး သုံး ထပ်မြောက်မှာရှိတဲ့ ၀င်ပေါက်ကလည်း BTS National Stadium ကို ဆက်သွယ်ထားတာမို့ အလွယ်တကူ ရှာတွေ့ နိုင်ပါတယ်။
အနုပညာစင်တာကြီးကို တနင်္လာနေ့ကလွဲပြီး ကျန်တဲ့နေ့တွေမှာ မနက် ၁၀ နာရီကနေ ည ၉ နာရီအထိ ပုံမှန်ဖွင့်လှစ်ထားပါတယ်။
