ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ထောက်ပံ့ဖို့ ရန်ပုံငွေကာတွန်း ပွဲကျင်းပ
အတွဲ ၂၉ ၊ အမှတ် ၅၇၉ ( ၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)
ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကို ထောက်ပံ့လှူဒါန်းဖို့အတွက် ကာတွန်း ဆရာ ၆၆ ဦးက သူတို့ရဲ့ကာတွန်းလက် ရာပေါင်း ၁၀၀ ကျော်ကို ဇူလိုင်လ ၂၆ ရက်နေ့ ကစတင်ပြီး ၂၉ ရက်နေ့အထိ လောကနတ်ပန်းချီပြခန်းမှာ ပြသ ရောင်းချသွားမယ်လို့ သိရပါတယ်။
ကာတွန်းတွေရဲ့ဈေးနှုန်းကို အနိမ့်ဆုံး သုံးသောင်းကနေ အမြင့်ဆုံးငါးသောင်းအထိ သတ်မှတ်ထားပြီး ပြပွဲရက်လေးရက် အတွင်းမှာ ကာတွန်းဆရာတွေဟာ ပရိသတ်တွေရဲ့ရုပ်ပြောင်ပုံတူကို လည်း တစ်ပုံကျပ် ၃,၀၀၀ နှုန်းနဲ့ ရေးဆွဲကာ အလှူငွေရှာဖွေသွားကြမှာ ဖြစ်ပါတယ်။
"ဒီပွဲကရတဲ့ငွေတွေကို ပွဲအပြီးမှာ တော်ဝင်နှင်းဆီက သီရိခန်းမမှာ အခမ်းအနားနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်သွားမှာပါ"လို့ ပွဲစီစဉ်သူ ဖြစ်တဲ့ ပန်းချီဦးမြင့်ဝင်းမောင်က ပြောပါတယ်။
ကာတွန်းဆရာတွေရဲ့ ရန်ပုံငွေ အတွက်ကိုလည်း ကာတွန်းဆရာ ၆၆ ဦးရဲ့ ကာတွန်းလက်ရာတွေကို ပုံနှိပ်ထားတဲ့ စာအုပ်ကို ဇူလိုင်လ ၂၆ ရက်နေ့၊ ပြပွဲဖွင့်ပွဲနေ့မှာ တစ်အုပ်ကျပ် ၂,၀၀၀ နှုန်းနဲ့ ရောင်းချသွားမယ်လို့ ဦးမြင့်ဝင်းမောင် က ပြောပါတယ်။
လက်ရာစုံတဲ့ ကာတွန်းပုံတွေနဲ့ အဲဒီစာအုပ်ရဲ့အမည်က 'မပြောမပြီး မတီးမမြည်' ဖြစ်ပြီး အုပ်ရေ ၃,၀၀၀ ရောင်းချသွားမှာ ဖြစ်ပါတယ်။
