ဆရာကြီးသခင်ကိုယ်တော်မှိုင်း အမှတ်တရပွဲ ၃၇ နှစ်အတွင်း ပထမဆုံးအကြိမ် ခမ်းနားစွာ
ပြန်လည်ကျင်းပခဲ့

ဇွန်ပန်းပွင့်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ ( ၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

ဆရာကြီးမှိုင်း နှစ်လည်အမှတ်တရပွဲတွင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်မှ အမှတ်တရစကား ပြောကြားနေစဉ်။
ဓာတ်ပုံ - ဇွန်ပန်းပွင့်

'ကောင်းမျိုး အထွေထွေရယ်နှင့် ချွန် စေ မြစေစော .. ဒေါင်းအိုးဝေရယ် လို့ တွန် စေကစေသော' ဆိုတဲ့ ကဗျာစာသား လေးနဲ့ လူငယ်တွေ ထူးချွန်ထက်မြက် စေဖို့ တိုက်တွန်းခဲ့တဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို သတိရ အောက်မေ့တဲ့အနေနဲ့ ကျင်းပတဲ့ပွဲကို ဆရာကြီး ကွယ်လွန်ခဲ့တာ ၄၈ နှစ်ပြည့်တဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ တော်ဝင်နှင်းဆီရှိ သီရိခန်းမမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့
ပါတယ်။

ပွဲကျင်းပရာခန်းမထဲမှာ ဆရာကြီးကို ကြည်ညိုတဲ့ ပရိသတ်များနဲ့
အတူ ကဗျာ ဆရာကြီးများ၊ စာရေးဆရာကြီးများ၊ ၈၈ မျိုးဆက်
လူငယ်များနဲ့ နိုင်ငံရေးနယ်ပယ် မှ တက်ရောက်လာတဲ့ ဧည့်ပရိသတ်
တွေ နဲ့ ပြည့်ကျပ်နေပါတယ်။

ဆရာကြီးမှိုင်းကို ဂုဏ်ပြုတဲ့ တေးသီ ချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပြီး စာရေး ဆရာကြီး ဒဂုန်တာရာနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပေးပို့တဲ့ သ၀ဏ်လွှာ တွေကိုလည်း ဖတ်ကြားခဲ့ကြပါတယ်။ "ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည် နိုင်ငံရေးလောကတွင် တွင်ကျယ်သူ
မဟုတ်။

သူသည် နိုင်ငံရေးဘက်တွင် အရေးနိမ့်သူဘက်မှ နေသူဖြစ်သည်။ အခွင့်အရေးရှိသူနှင့် အခွင့်အရေးနည်း သူတို့ ခြားနားလျက်ရှိရာ
တွင် သူက အခွင့်အရေးနည်းသူဘက်က နေသည်။

ထို့ကြောင့် အခွင့်အရေးနည်းသူတို့က ကြည်ညိုလေးစားကြသည်"လို့ ဆရာ ကြီးသခင်ကိုယ်တော်မှိုင်းအကြောင်းကို ဆရာကြီး
ဒဂုန်တာရာ က သူ့ရဲ့သ၀ဏ် လွှာထဲမှာ ဖော်ပြခဲ့ပါတယ်။

ပန်းချီဦးညိုဝင်းရေးဆွဲပြီး စင်မြင့် ထက်မှာ ချိတ်ဆွဲပြသခဲ့တဲ့ ဆရာကြီးမှိုင်း ရဲ့ပုံတူပန်းချီကားကြီးကလည်း အသက်ဝင် သဘာဝကျ
လှတာကြောင့် အခမ်း အနားကို ဆရာကြီးကိုယ်တိုင် တက် ရောက်လာသည့်အတိုင်း ပရိသတ်ကို ခံစားမိစေပါတယ်။

ကွမ်းအစ်ရှေ့ချပြီး ဒူးတစ်ဖက်ပေါ် လက်တင်ကာ ထိုင်နေတဲ့ပုံတူကို ဦးညို ၀င်းဟာ ဇူလိုင် ၅ ရက်နေ့ကစပြီး ပွဲကျင်းပ တဲ့ ဇူလိုင် ၂၃ရက်နေ့မနက်အထိ ဆက် တိုက်ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒီပုံကို ဦးညိုဝင်းရဲ့ဖခင်ဖြစ်သူ ပန်းချီ ဆရာကြီး ဦးဘရင်ကလေးက ၁၉၆၀ ပြည့်နှစ်မှာ ရေးဆွဲခဲ့ဖူးပြီး အဲဒီပန်းချီ ကားကို ရှာလို့မတွေ့
တော့တာကြောင့် ဖခင် ရေးဆွဲခဲ့တဲ့အတိုင်း ထပ်တူဖြစ် အောင် ဆွဲဖြစ်ခဲ့တယ်လို့ ပန်းချီဆရာကြီး ဦးညိုဝင်းက ပြောပါတယ်။ "အဘရဲ့အဖေက ဒီဓာတ်ပုံကိုပဲ အဘကျောင်းသားဘ၀တုန်းက ရေးသွား တာ မြင်ခဲ့ဖူးတယ်။

အဲဒါကို မြင်ခဲ့ဖူးတဲ့ အတွက် အခုလိုလာအပ်တဲ့အချိန်မှာ ဆရာကြီးရဲ့ပုံကို ရေးဆွဲဂါရ၀ပြုရတာ အရမ်းပျော်တယ်"လို့ အခမ်းအနား စင်မြင့်ပေါ်မှာ ၀င့်ဝင့်ကြွားကြွားချိတ်ဆွဲ ထားတဲ့ ပန်းချီကားကြီးကို လှမ်းကြည့် ရင်း ဦးညိုဝင်းက ပြောပါတယ်။ ပန်းချီကားကို ပွဲအပြီးမှာ သခင်ကိုယ် တော်မှိုင်းဂူဗိမာန်ထိန်းသိမ်းရေးအဖွဲ့ကို ပေးအပ်သွားမှာမဟုတ်ဘဲ ကိုယ်တိုင်ပဲ ပြန်လည်သိမ်းဆည်းထားမယ်
လို့လည်း ဆိုပါတယ်။

"အဖေဦးဘရင်ကလေးရဲ့ ပန်းချီကား ဟာ ယနေ့အထိ ရှာလို့မတွေ့တော့ပါ ဘူး။ အစကတော့ အဘဆွဲတဲ့ ဒီပန်းချီ ကားကို ဆွဲပြီးရင် ပေးပစ်လိုက်ဖို့ပါပဲ။ ဒါပေမယ့် အဘအသက်အရွယ်မှာ ရက် အနည်းငယ်လေးအတွင်း နောက်ထပ် ဒီလိုပန်းချီကားမျိုး ထပ်မံ
အားထုတ်နိုင် ပါ့မလားလို့ သံသယဖြစ်မိတယ်။

ပန်းချီ ကား အောက်လိုင်းရေးပြီးတာနဲ့ အဘ သိလိုက်တာက ဒီပန်းချီကားကြီးကို လူ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု ကို အပြီးပိုင်ပေးပစ်လိုက်ဖို့ အရမ်း နှမြောသွားတယ်"လို့ ဦးညိုဝင်းက ပြော ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ပုံတူကားကို သိမ်းဆည်း
ထားမှာ ဖြစ်ပေမယ့် ဆရာ ကြီးနဲ့ပတ်သက်ပြီး ဘယ်လိုအမှတ်တရ အခမ်းအနားမျိုးပဲဖြစ်ဖြစ် ကြိုက်တဲ့ အချိန်မှာ အသုံးခွင့်ပြုမှာဖြစ်ပြီး ပို့စကတ်၊ စာအုပ်မျက်နှာဖုံးစတာတွေအတွက် အခကြေးငွေမယူဘဲ ပုံနိုပ်ခွင့်ပြုမယ်လို့ လည်း ပြောပါတယ်။

"ဒီပန်းချီကားကို စိုးရိမ်စိတ်နဲ့ ဘာ ကြောင့် ပြန်ယူထိန်းသိမ်းသလဲဆိုရင် ဦးဘရင်ကလေးရဲ့ ပန်းချီကားက အား တက်သရော စိတ်ပါ
ဝင်စားတဲ့ ကော်မတီ တွေ လိုက်ရှာကြတာ မတွေ့ဘူး။ အဖေ့ရဲ့ လက်ရာမြောက်တဲ့ ပန်းချီကားကြီး ပျောက်ဆုံးသွားတာကို နမူနာယူပြီး အသက်ရှင်နေသ၍ ထိန်းသိမ်းပါရစေ လို့ မေတ္တာရပ်ခံခဲ့တာပါ" လို့ ဦးညိုဝင်း က ပြောပါတယ်။

ဆရာကြီးမှိုင်းရဲ့ လှုပ်ရှားမှုတွေ၊ နေ ထိုင်ပုံတွေကို တောက်လျှောက်ရိုက်ကူး ရေးဆွဲထားတဲ့ သမိုင်းဝင်ပုံတွေနဲ့ အဲဒီပုံ တွေရှိတဲ့ နေရာတွေကိုလည်း အမှတ် အသားလုပ်ထားသင့်တယ်လို့ အထိမ်း အမှတ်ပွဲကို တက်ရောက်ပြီး အမှတ်တရ စကားပြောခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင် က ပြောပါတယ်။

"စစ်ပြီးခေတ်မှာ ဆရာကြီးမှိုင်းက သခင်ချစ်မောင်၊ သိန်းဖေမြင့်၊ မြသန်း တင့်၊ လူထုဦးလှ၊ ဒေါ်အမာ စတဲ့ လူငယ်တွေနဲ့ လက်တွဲပြီး အလုပ်လုပ်ခဲ့ တယ်။ လူငယ်တွေကို ရှေ့ဆောင်ရှေ့ ရွက်ပြုခဲ့တယ်ဆိုတာ ထင်ရှားတဲ့သူ ကိုယ်တိုင်ရေးခဲ့တဲ့ စာရှိပါတယ်။

အဲဒါ က 'ထဆင်ထူးကို တမြည်မြည်သင်ခဲ့ သမို့၊ ထီမထင် ကျောင်းတော်သားတွေ သို့ မည်အစဉ်မှာ ခေါင်းပေါ်ဖျားတွင်မှ မင်းရို့ဆရာကို စာရင်းတို့ကာ ထား လိုက်ကြပေတော့'တဲ့။ ဆရာကြီးက လူငယ်တွေကို မြှောက်ပေးရုံပေးတာ မဟုတ်ဘဲ ထိပ်ဆုံးမှာ ခေါင်းအပေါ် ဖျားမှာ စာရင်းတို့ကာ ထားလိုက်တော့ ဆိုတဲ့ ကြုံးဝါးသံနဲ့ နိုင်ငံရေးလုပ်ခဲ့တယ်" လို့ ဦးဝင်းတင်က ပြောခဲ့ပါတယ်။

အမှတ်တရပွဲမှာ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ကွမ်းအစ်ရှေ့ထိုင်ပြီး ကွမ်းမြုံနေတဲ့ပုံ၊ မျက်နှာတစ်ကွက်ပုံ ပို့စကတ်နဲ့ ဂူဗိမာန်
ရှေ့မျက်နှာစာမှာ ထွင်းထားတဲ့ အထိမ်းအမှတ်တံဆိပ်ပုံပါ တီရှပ်တွေကို သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းရေးအဖွဲ့ ရန်ပုံငွေ အတွက် ရောင်းချပေးခဲ့ပါတယ်။

ဆရာကြီးမှိုင်းဟာ ၁၉၆၄ ခုနှစ်၊ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ ပြီး သူ့ရဲ့ဂူဗိမာန်ကို ၁၉၆၆ ခုနှစ်က ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ ဆောက်လုပ်ပြီးစီးခဲ့ပါတယ်။ ကျန်ရစ်သူမိသားစုများက ဆရာကြီး ကွယ်လွန်ပြီးကတည်းက အထိမ်းအမှတ် ပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာ ၁၉၇၅ ခုနှစ် မှာကျရောက်တဲ့ ဆရာကြီးရဲ့ အသက် ရာပြည့်အခမ်းအနားထိ ခမ်းခမ်းနားနား ကျင်းပခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ၂၀၀၉ ခုနှစ် အထိ ဆရာကြီးမှိုင်းနေထိုင်ခဲ့ရာ အမှတ် (၅)၊ ချမ်းသာလမ်း၊ စမ်းချောင်းနေအိမ် မှာပဲ မိသားစုဝင်များက နှစ်ပတ်လည်ပွဲ ကို အကျဉ်းရုံးပြီး ကျင်းပခဲ့ပါတယ်။

ပြီး ခဲ့တဲ့နှစ်နှစ်အတွင်းမှာတော့ နေအိမ်မှာ မကျင်းပဖြစ်တော့ဘဲ စမ်းချောင်း၊ ကျွန်း တောကျောင်းတိုက်မှာ ကျင်းပဖြစ်ခဲ့ တယ်လို့ သိရပါတယ်။

ဒီနှစ်ပွဲဟာ ဆရာကြီးမှိုင်းရဲ့အသက် ၁၃၇ နှစ်ပြည့်လည်းဖြစ်ပြီး ရာပြည့် အခမ်းအနားကျင်းပခဲ့ပြီးတဲ့နောက်ပိုင်း ပထမအကြိမ် ဧည့်ပရိသတ်တွေများစွာနဲ့ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တဲ့ပွဲပဲ ဖြစ်ပါတယ်။