တော်ဝင်မင်းသား တော်ဘုရားကလေး အမှတ်တရ
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

တော်ဘုရားကလေး
အမှန်တော့ သူက တကယ့်တော်ဝင် မင်းသားတစ်ပါးပါ။ မြန်မာ နောက်ဆုံးမင်းဆက်ရဲ့ မြေးတော်သာ ခုနေ သက်ရှိထင်ရှားရှိဦးမယ် ဆိုရင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက် နေ့ဟာ သူ့အသက် ၈၆ နှစ်ပြည့်တဲ့နေ့ ပါ။
ဒါပေမယ့် သူဟာ ၂၀၀၆ ခုနှစ် ကတည်းက ကွယ်လွန်သွားခဲ့ပါပြီ။
အာရှတိုက်က ဘုရင်တွေ မိဖုရား အမြောက်အမြား ပိုင်ဆိုင်ကြတာဟာ အစဉ်အလာတစ်ခုပါ။
ဘုရင်တွေဟာ အထက်တန်းလွှာကနေ၊သာမန်အဆင့် အထိ အလွှာ အသီးသီးက အမျိုးသမီး တွေကို မိဖုရားမြှောက်လေ့ရှိပါတယ်။
ဒါပေမယ့် မြန်မာမင်းဆက် နောက်ဆုံး မင်းဖြစ်တဲ့ သီပေါဘုရင်ကတော့ နိုင်ငံ ရေးအရ စုဖုရားလတ်ရဲ့ ညီမနှစ်ဦးကို လည်း မိဖုရားတင်မြှောက်ခဲ့ ပေမယ့် မိဖုရားစုဖုရားလတ်တစ်ပါးတည်းကိုပဲ စွဲစွဲမြဲမြဲ ပေါင်းသင်းခဲ့ပါ တယ်။
သီပေါမင်းအသက် ၁၈ နှစ်မှာ ၁၇ နှစ် အရွယ် စုဖုရားလတ်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ ကြပြီး ၁၈၇၈ ခုနှစ်၊ သီပေါမင်းနန်းတက် ချိန်မှာ သူတို့နှစ်ဦးဟာ အသက် ၂၀ နဲ့ ၁၉ နှစ်စီ ရှိကြပါပြီ။
၁၈၈၅ ခုနှစ်မှာ ဗြိတိသျှတွေက မြန်မာ တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ပြီး သီပေါ ဘုရင်၊ မိဖုရားစုဖုရားလတ်နဲ့ သမီးတော် လေးနှစ်ပါး တို့ကို အိန္ဒိယနိုင်ငံအနောက် ဘက်ကမ်းရိုးတန်းက ရတနာဂီရိဆီ ပို့ဆောင်လိုက်ပါတယ်။
အဲဒီအချိန်မှာ စုဖုရားလတ်ဟာ ကိုယ်ဝန်အရင့်အမာ ကြီးနဲ့ဖြစ်ပြီး အိန္ဒိယကိုရောက်ပြီး လ အနည်းငယ်အကြာမှာ တတိယသမီး တော် ကို မဒရပ်မြို့မှာ မွေးဖွားခဲ့ပါ တယ်။
မိခင်စုဖုရားလတ်လိုပဲ စိတ်ထက်တဲ့ စတုတ္ထသမီးတော်ကိုတော့ ရတနာဂီရိ မှာ ၁၈၈၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး အရွယ် ရောက်လာတဲ့အခါ ဦးကိုကိုနိုင်နဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။
သူတို့ရဲ့အိမ်ထောင်ရေးဟာ သာယာ ပြည့်စုံခဲ့ပြီး သားသမီးခြောက်ဦး ထွန်းကား ခဲ့ပါတယ်။
၁၉၁၅ ခုနှစ်မှာ သီပေါမင်း ကွယ်လွန်သွားတဲ့အခါ၊ စုဖုရားလတ်နဲ့ သမီးတော်အငယ်နှစ်ပါးတို့ မြန်မာ နိုင်ငံကို ပြန်လာခဲ့ကြတာကြောင့် စတုတ္ထ သမီးတော်ဟာ သားတော်လေးဦးနဲ့ သမီးတော်နှစ်ဦးတို့ကို မြန်မာနိုင်ငံမှာပဲ မွေးဖွားခဲ့ကြပါတယ်။
စုဖုရားလတ်ဟာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီးနောက်ပိုင်း ရန်ကုန်မှာပဲ အခြေချနေထိုင်ခဲ့ပါတယ်။
ဒါပေမယ့် တက်ကြွထက်မြက်တဲ့ စတုတ္ထသမီးတော် နဲ့ သူ့ရဲ့ခင်ပွန်းတို့ဟာ နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်စဉ် က ယူသွားကြတဲ့ နန်းတွင်းရတနာတွေကို ပြန်ပေးဖို့ စာတစ်စောင် ရေးသားခဲ့တာ ကြောင့် မန္တလေးမှာ နှစ်အနည်းငယ်ကြာ နေထိုင်ကြပြီးနောက်ပိုင်း ၁၉၃၂ ခုနှစ် မှာ မော်လမြိုင်ကို နယ်နှင်ဒဏ်ပေးခံခဲ့ ရပါတယ်။
သူ့ရဲ့စကားလုံးတွေဟာ ရာဇမာန် ပါလွန်းတာကြောင့် ဗြိတိသျှအစိုးရဟာ သူ့ကို အာဏာဖီဆန်သူအဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။
၁၉၂၆ ခုနှစ်မှာ ဖွားမြင်ခဲ့တဲ့ တော် ဘုရားကလေးဟာ စတုတ္ထသမီးတော်ရဲ့ ပဉ္စမမြောက်ကလေးဖြစ်ပြီး လေးယောက်မြောက် သားတော် ဖြစ်ပါတယ်။ သူ့ကို ကြီးကြီးငယ်ငယ်အားလုံးက'တော်တော်' လို့ ရင်းရင်းနှီးနှီး ခေါ်ကြပါတယ်။
တော်ဝင်မိသားစုဟာ သူတို့ရဲ့အမည် ရှေ့မှာ ဦး။ဒေါ်တွေကို ထည့်သုံးလေ့မရှိ ကြပေမယ့် သူကတော့ နောက်ပိုင်းမှာ သူ့ကိုယ်သူ ဦးသန့်စင်လို့ အမည်ပေးခဲ့ ပါတယ်။
သူနဲ့ သူ့မွေးချင်းမောင်နှမတွေ ဟာ ဗြိတိသျှအစိုးရရဲ့ ထိန်းချုပ်မှု အောက်မှာ နေရတဲ့အတွက် လွတ်လွတ် လပ်လပ် ခရီးသွားလာခွင့် မရကြပါဘူး။
ဗြိတိသျှအစိုးရဟာ တော်ဝင်မိသား စုကလေးတွေရဲ့ ကျောင်းပညာရေးကို လည်း ဆုံးဖြတ်ပေးခဲ့ကြတဲ့အတွက် သူတို့ မောင်နှမ အားလုံးဟာ ကက်သလစ် သာသနာပြုကျောင်းကို တက်ရောက်ခဲ့ ကြရပါတယ်။
တော်ဘုရားကလေးရဲ့ ကျောင်းနာမည်ဟာ မင်းသား ဖရက် ဒရစ်ဖြစ်ပြီး မော်လမြိုင်စိန့်ပက်ထရစ် ကျောင်းမှာ ပညာသင်ကြားခဲ့ရသ လို နောက်ပိုင်းမှာ ရန်ကုန်က စိန်ပေါလ် ကျောင်းမှာပညာသင်ကြားခဲ့ရပါတယ်။
ဆရာတွေ မုန်းတာ ခံခဲ့ရသလို ကျောင်းက နှင်ထုတ်တာကိုလည်း ခံခဲ့ရ ပေမယ့် သူဟာ စိန်ပေါလ်ကျောင်းမှာ ကျောင်းတက်နေစဉ် အခါက အနောက် တိုင်း ကျောင်းဝတ်စုံအစား မြန်မာ လုံချည်ဝတ်ဆင်ခွင့်ပေးဖို့ကို မရမက တောင်းဆိုခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ကျောင်းအုပ်ဆရာကြီးက နားလည်ပေး နိုင်လို့သာ လုံချည်ဝတ်နဲ့ ကျောင်းတက် ခွင့်ရခဲ့ပါတယ်။
တော်ဘုရားကလေးဟာ နောက်ပိုင်း မှာ ရန်ကုန်က နာမည်ကြီးအမျိုးသား ကျောင်းဖြစ်တဲ့ မြို့မကျောင်းကို တက် ချင်တဲ့အတွက်၊ စိန်ပေါလ်ကျောင်းက ထွက်လိုက်ပါတယ်။
ဆယ်ကျော်သက်အရွယ် နောက်ဆုံး ကာလတွေမှာ တော်ဘုရားကလေးဟာ နိုင်ငံရေးထဲ ပိုမိုတက်ကြွစွာ ပါဝင်ခဲ့ပြီး သူ့အစ်ကိုတွေ ထက် အမျိုးသားရေး စိတ်ဓာတ်ပိုမိုပြင်းထန်ပြီး သဘောတရား ရေးရာတွေကို လေ့လာခဲ့ပါတယ်။
သူ့ရဲ့အစ်ကိုသုံးယောက်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံကို ဂျပန် ခေတ် အုပ်စိုးချိန်ကာလတွေမှာ လူငယ် ကလပ်မှာ အားကစားနဲ့ ယဉ်ကျေးမှုပိုင်း အားပေးမြှင့်တင်ပေးရာမှာ နာမည်ကြီး ပါတယ်။
အစ်ကိုအကြီးဆုံး တော်ဘုရားကြီး ဟာ သောင်းကျန်းသူတစ်စုရဲ့ ရဲအရာ ရှိတစ်ဦးနဲ့ မှားပြီး တိုက်ခိုက်ခံရတာ ကြောင့် ကွယ်လွန်သွား ခဲ့ရပါတယ်။နောက်အစ်ကိုတစ်ဦးကတော့ ဗမာ့ လွတ်လပ်ရေးတပ်မတော်ထဲ ၀င်ခဲ့ပါ တယ်။
ဒါပေမယ့် သူဟာ ကောလိပ်က သူငယ်ချင်းတွေလို အရာရှိသင်တန်း အတွက် စာရင်းမပေးဘဲ စစ်သည်အဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။
အဲဒီခေတ်ဟာ ဖက်ဆစ်ဝါဒကြီးစိုး နေချိန်ဖြစ်ပြီး ဆန့်ကျင်ဖက်သဘော တရားကတော့ ကွန်မြူနစ်ဝါဒပဲ ဖြစ်ပါ တယ်။ တစ်ကမ္ဘာလုံး မှာရှိတဲ့ အလုပ်သမား တွေကို ဥပဒေအရ အကာအကွယ်မပေး နိုင်သေးသလို အလုပ်သမားအသင်း အဖွဲ့တွေကလည်း၊အကာအကွယ်မပေး နိုင်သေးပါဘူး။
ဒါကြောင့် အဲဒီအချိန်က မျိုးချစ်ပုဂ္ဂိုလ်အများစုလိုပဲ တော်ဘုရား ကလေးလည်း လက်ဝဲ၀ါဒီတစ်ဦး ဖြစ်ခဲ့ ပါတယ်။ ဒါကြောင့် တော်ဘုရားလေးကို မင်းသားနီလို့ အမည်ပြောင်ပေးခဲ့ကြပါ တယ်။
ဒါပေမယ့် တော်ဘုရားကလေးဟာ ကွန်မြူနစ်တစ်ဦး မဟုတ်သလို အယူ အစွဲသန်သူတစ်ဦးလည်း မဟုတ်ပါဘူး။
သူကိုင်စွဲထားတဲ့ ယုံကြည်ချက်ကတော့ တော်ဝင်မျိုးဆက်ဖြစ်တဲ့အတွက် သွေး ကြီးနေစရာမလိုဘဲ ပြည်သူတွေအတွက် သူတတ်စွမ်း သလောက် ဖြည့်ဆည်းပေး ရမယ် ဆိုတာပါပဲ။
တော်ဘုရားကလေးနဲ့ သူ့အစ်ကို တော်တွေဟာ အမျိုးသားရေးလှုံ့ဆော် ပေးသူဖခင်ကြီးအဖြစ် ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို အားပေးထောက်ခံ ခဲ့ကြပါတယ်။
ဒုတိယကမ္ဘာစစ်မတိုင်ခင် နဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ တော် ဘုရားကလေးဟာ မြေအောက်တော် လှန်ရေးအဖွဲ့ဝင်တစ်ဦးအဖြစ် တက်ကြွ စွာ ပါဝင်ခဲ့ပါတယ်။
သူတို့အဖွဲ့ဟာ အစ ပိုင်းမှာ အင်္ဂလိပ်တွေကို တော်လှန်ခဲ့ပြီး နောက်ပိုင်းမှာ ဂျပန်တွေကို တော်လှန်ခဲ့ ပါတယ်။
၁၉၄၅ ခုနှစ်မှာ တော်ဘုရားကလေး ဟာ မိသားစုမိတ်ဆွေဖြစ်တဲ့ မခင်မေ နဲ့ လက်ထပ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ တော်ဘုရားကလေးဟာ အသက် ၁၉ နှစ် ဖြစ်ပြီး မခင်မေကတော့ ၁၈ နှစ်ပါ။
သူတို့ ရဲ့တစ်ဦးတည်းသော သမီးလေး ဒေ၀ီကို ၁၉၄၇ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်းမှာ တော်ဘုရားကလေးဟာ Thipaw Commercial Syndicate(သီပေါ ကော်မာရှယ်ဆင်ဒီကိတ်) ဆိုတဲ့ ကုမ္ပဏီ ကို တည်ထောင်ခဲ့ပါတယ်။
အဲဒီကုမ္ပဏီ ဟာ အဲဒီအချိန်ကဆိုရင် မြန်မာလူမျိုး အစစ်အမှန်ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ အနည်းငယ်ထဲက တစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီအများစုဟာ မြန်မာနိုင်ငံသား တွေ ဟန်ပြပိုင်ဆိုင်တဲ့ အိန္ဒိယသားပိုင် ကုမ္ပဏီတွေပဲဖြစ်ပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်များ နှောင်းပိုင်း မှာ သီပေါကုမ္ပဏီဟာ ဂျပန်နိုင်ငံကို သစ်စေးတွေ တင်ပို့ရောင်းချခဲ့သလို ဟောင်ကောင်ကို ကျောက်စိမ်းတွေ တင် ပို့ရောင်းချခဲ့ပါတယ်။
အဲဒီနိုင်ငံတွေမှာ လည်း ကုမ္ပဏီရုံးခွဲတွေ ဖွင့်လှစ်ထားပါ တယ်။
တော်ဘုရားကလေးဟာ တိုကျိုနဲ့ ဟောင်ကောင်ကို စီးပွားရေးကိစ္စ အတွက် လေယာဉ်နဲ့ မကြာခဏ သွား ရောက်ခဲ့ပါတယ်။
၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းတွေမှာ သူ့ရဲ့စီးပွားရေးဟာ တစ်ဟုန်ထိုး တိုးတက်ကောင်းမွန်လာ ခဲ့ပြီး ကျပ်သန်း ၃၀ ဖိုးရှိတဲ့ ဆန်တင်ပို့ရေး ကန်ထရိုက်ကိုလည်း ရရှိခဲ့ပါတယ်။
ဒါပေမယ့် ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ် ကြီးနေ၀င်း အာဏာသိမ်းခဲ့ပြီး တော် ဘုရားကလေးရဲ့ ကုမ္ပဏီအပါအ၀င် ကုမ္ပဏီတွေအားလုံးကို ပြည်သူပိုင် သိမ်းခံလိုက်ရပါတယ်။
အဲဒီအချိန်မှာ ငြိမ်းချမ်းရေး (သို့) ချစ် ကြည်ရေးအသင်းတွေ အများအပြား ပေါ်ပေါက်ခဲ့ပြီး အဲဒီထဲမှာ တရုတ်-မြန်မာချစ်ကြည်ရေး အသင်းလည်း ပါဝင် ပါတယ်။
တော်ဘုရားကလေးဟာ အဲဒီ အသင်းရဲ့ အသင်းဝင်တစ်ဦး ဖြစ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှာလည်း ပါဝင်ခဲ့ပါတယ်။
တရုတ်-မြန်မာချစ်ကြည်ရေးအသင်း ရဲ့ ဥက္ကဋ္ဌဟာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းမပေါ်ပေါက်ခင် ၁၉၆၆ ခုနှစ်မှာ အဖမ်းခံခဲ့ရပါ တယ်။
တော် ဘုရားကလေးဟာ နှစ်နှစ်နီးပါးလောက် ပုန်းရှောင်နေခဲ့ပြီးမှ အဖမ်းခံလိုက်ရပါ တယ်။
သူ့ကို အင်းစိန်ထောင်ပို့လိုက်ပြီး ၁၉၇၀ ပြည့်နှစ်အထိ အကျဉ်းထောင်ထဲ မှာ နေခဲ့ရပါတယ်။
အဲဒီအချိန်မှာ တော်ဘုရားကလေး ရဲ့ ဇနီးနဲ့သမီးလေးတို့ဟာ ငွေကြေးကျပ် တည်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါ တယ်။
သူ့မှာ ရာထူးကြီးမိတ်ဆွေတွေ အများကြီး ရှိပေမယ့် သူတို့ဆီက အကူ အညီမတောင်းဖို့ သူ့ဇနီးကို တင်းတင်း ကျပ်ကျပ် တားမြစ်ခဲ့ပါ တယ်။
၁၈ နှစ်ကြာပြီးတဲ့နောက် ဆိုရှယ်လစ် အစိုးရနဲ့ ဆင်းရဲမွဲတေမှုကိုဖြစ်ပေါ်စေ တဲ့ ဆိုရှယ်လစ်စနစ်ကို ဆန့်ကျင်တဲ့ လူထုအုံကြွမှုတွေ နိုင်ငံတစ်ဝန်းပေါ် ပေါက်လာချိန်မှာတော့ တော်ဘုရား ကလေးဟာ အမျိုးသားနိုင်ငံရေးတပ် ပေါင်းစု(မနတ)ရဲ့ နာယက ဖြစ်လာခဲ့ ပါတယ်။
ရလဒ်အနေနဲ့ သူ့အသက် ၆၃ နှစ် ၁၉၈၉ ခုနှစ်မှာ အင်းစိန်ထောင်ကို နောက်တစ်ကြိမ် ထပ်ရောက်ခဲ့ရပြီး ၁၉၉၂ ခုနှစ်မှာ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံရေးလှုပ်ရှား မှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားအများစု လည်း အဖမ်းခံခဲ့ရပါတယ်။
အကျဉ်းထောင်ထဲမှာ ရှိနေစဉ် အတွင်းမှာ ကျောင်းသားတွေဟာ သူ့ကို ဟိတ်ဟန်မရှိသူ၊ ပလွှားခြင်း၊ မောက်မာ ခြင်းမရှိသူ၊ သူ့ကိုယ်ပိုင်မူကို ခိုင်ခိုင်မာမာ စွဲကိုင်ထားသူနဲ့ စိတ်လက်ပေါ့ပါးစေတဲ့ ဟာသလေးတွေနဲ့ အရွှန်းဖောက်တတ် သူအဖြစ် သိခဲ့ကြပါ တယ်။
တော်ဘုရားကလေးကို သိကျွမ်းခဲ့တဲ့ လူတိုင်းက သူတို့ရဲ့ 'တော်တော်'ကို ပြိုင်စံရှားတဲ့ တော်ဝင်မင်းသားတစ်ဦး အဖြစ် မြင်ခဲ့ကြသလို သူ ကွယ်လွန်သွား ပေမယ့်လည်း သူ့ကို ချစ်ကြတုန်း၊ လေးစားအားကျကြတုန်းပါပဲ။
သီရိမင်းထွန်း ဘာသာပြန်သည်။
