မြအေးရဲ့အခြေခံလူတန်းစားများဘ၀ကို၊ပုံဖော်ထားတဲ့ 'မိုးကောင်းကင်၌တိမ်တိုက်များ' လုံးချင်းထွက်ရှိ

နွမ်ဘွိုင်း
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

အခြေခံ လူတန်းစားတွေရဲ့ဘ၀ကို ခြယ်မှုန်းရေးသားထားပြီး 'မိုးကောင်း ကင်၌ တိမ်တိုက်များ'လို့ အမည်ပေးထား တဲ့ မြအေးရဲ့ လုံးချင်းဝတ္ထုကို ဩဂုတ်လ ပထမအပတ်ကစပြီး အင်းလျားစာပေ ကနေ ထုတ်ဝေဖြန့်ချိလိုက်ပါပြီ။

ဒီစာအုပ်ဟာ၊ကျောင်းသားဟောင်း များအဖွဲ့မှာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တဲ့ မြအေးရဲ့ ပထမဆုံးလုံးချင်း ၀တ္ထုဖြစ်ပြီး ၀တ္ထုအကြောင်းအရာကို လွန်ခဲ့တဲ့ ၁၅ နှစ်က ယုံကြည်မှုကြောင့် အင်းစိန် ထောင်မှာ အကျဉ်းချခံနေရစဉ် ကတည်းက တွေးဖြစ်ခဲ့တာလို့ သိရပါ တယ်။

အဲဒီအချိန်တုန်းက စာရေး၊ စာဖတ်ခွင့်မရှိခဲ့တာကြောင့် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ လွိုင်ကော် အကျဉ်းထောင်ကို ရောက်တဲ့အချိန် ကျမှ စတင်ရေးသားဖြစ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ တောင်လေး လုံးအကျဉ်းထောင်မှာ နေခဲ့ရစဉ် အတွင်း အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော် နိုင်ငံရေးလုပ်တယ်ဆို တာက ကျွန်တော်လည်း ချမ်းသာချင် တယ်လေ။ အဲဒီလိုပဲ တိုင်းသူပြည်သား အားလုံးကိုလည်း၊ ချမ်းသာစေချင်တယ်။ အဲဒါကြောင့် ကျွန်တော် နိုင်ငံရေးလုပ် တာပါ။ တိုင်းပြည်ကလည်း ဆင်းရဲတယ် ဗျာ။ ဆင်းရဲတဲ့သူတွေရဲ့ဘ၀ကို လွတ် မြောက်အောင်ဆိုတာက ဒီတိုင်း ပိုက်ဆံ ပေးလိုက်လို့ မရဘူး။

သူတို့ကို အခြေ အနေအခွင့်အလမ်းတွေ ဖန်တီးပေးရ မယ်။ အဲဒါကြောင့် ကျွန်တော့တ္ထုမှာ လည်း ဆင်းရဲသားတွေဘက်က ရေး ထားတာပါ။ အဲဒီပေါ်မှာ အခြေခံပြီး ဒီဝတ္ထုကို ဖန်တီးဖြစ်ခဲ့တာပါ"လို့ ၀တ္ထု အတွက် ဇာတ်အိမ်ရွေးဖြစ်ပုံကို ကိုမြ အေးက ပြောပြပါ တယ်။

ဝတ္ထုထဲမှာ အဓိကဇာတ်ကောင်ဖြစ် တဲ့ မိုးအောင်ကို အင်မတန်မှ ချမ်းသာ ကြွယ်ဝတဲ့ဖခင်နဲ့ ဆင်းရဲနွမ်းပါးတဲ့ အိမ်စေမလေးမိခင်တို့ ပေါင်းဖက်ရာက မွေးဖွားလာခဲ့သူအဖြစ် ပုံဖော်ထားပါ တယ်။

မိဘနှစ်ပါးကွယ်လွန်သွားပြီးတဲ့ နောက် မိုးအောင်ဟာ မိခင်စိတ်အပြည့် ရှိတဲ့ မိထွေးရဲ့ရင်ခွင်မှာ ကြီးပြင်းခဲ့ရပေမယ့် သိမ်ငယ်စိတ် တွေမပျောက်ဘဲ သူ့ရဲ့ မိခင်ရင်းကို စာနာစိတ်နဲ့ မိခင်ရင်း နေထိုင်ခဲ့ရာ ဆင်းရဲသားရပ်ကွက်မှာ နေထိုင်ရင်း မရှိဆင်းရဲသားတွေကို ကူညီ နေသူတစ်ယောက်ဖြစ်လာပြီး အဲဒီ ပတ်ဝန်းကျင်က နေထိုင်မှုပုံစံအမျိုးမျိုး၊ ဘ၀ဖြတ်သန်းမှုပုံစံအထွထွေနဲ့ ပြဿနာ တွေအဖုံဖုံ ကို ရေးသားပုံဖော်ထားတဲ့ ၀တ္ထုတစ်ပုဒ်ဖြစ်တာကြောင့် 'မိုးကောင်း ကင်၌ တိမ်တိုက်များ'လို့ အမည်ပေးထား ခြင်းဖြစ်တယ်လို့ စာရေးသူ ကိုမြအေးက ပြောပြပါတယ်။

စာရေးနေကျမဟုတ်တဲ့ သူ့အတွက် ဒီဝတ္ထုကို စတင်ရေးခဲ့စဉ်က အခက်အခဲ တချို့ ရှိခဲ့ပြီး အဓိကပြဿနာကတော့ အခန်းတစ်ခန်း ရေးသားနိုင်ဖို့အတွက် အချိန်တော်တော်ကြာကြာ စဉ်းစားခဲ့ ရတယ်လို့လည်း ဆိုပါတယ်။

"ဥပမာ ဆရာဝန်မလေးက မိုးအောင် ကို လာကြည့်ပြီးပြန်ထွက်သွားတဲ့အချိန် ဗွက်တွေကြားက ထွက်သွားရတယ်။ အဲဒီအချိန်မှာ စာကျက်နေတဲ့ ကလေး လေးက 'မြန်မာနိုင်ငံသည် သယံဇာတ ပေါများ ကြွယ်ဝသော နိုင်ငံဖြစ်သည်' ဆိုပြီး စာကျက်နေတဲ့အသံနဲ့ ဗွက်ထနေ တာကို ယှဉ်ထိုးပြီး ရေးဖို့အတွက် စာထဲ မှာတော့ တိုတိုလေးပေမယ့် ကျွန်တော် တော်တော်လေး စဉ်းစားခဲ့ရတယ်" လို့ ကိုမြအေးက ပြောပါတယ်။

"စကားလုံးတိုင်းမှာ ကျွန်တော် တော်တော်လေး အားထုတ်ခဲ့ရတယ်"လို့ လည်း သူက ပြောပါတယ်။ ဒီစာအုပ်ကို ၀တ္ထုအဖြစ် မထုတ် ခင်က တည်းက ဒါရိုက်တာကြည်ဖြူသျှင်က ဗီဒီယိုဇာတ်ကားရိုက်ကူးဖို့အတွက် ကျပ် လေးသိန်းနဲ့ ၀ယ်ယူခဲ့ပြီး နေတိုး၊ သက်မွန်မြင့် တို့နဲ့ ဩဂုတ်လ ၂၂ လောက်မှာ စတင်ရိုက်ကူးသွားတော့မှာဖြစ်ပါတယ်။

"စာမူအနေနဲ့ စဖတ်တုန်းကတော့ ဒါ ဗီဒီယိုဇာတ်ကားရိုက်ဖို့ဆိုပြီး ဖတ်တာ မဟုတ်ဘူး။ ကိုမြအေး ဘာတွေများ ရေးထားလဲဆိုတာ သိချင်စိတ်နဲ့ ဖတ် လိုက်တာပါ။ ဒါပေမယ့် ဖတ်လိုက်တဲ့ အချိန်မှာ ဇာတ်ကားရိုက်ချင်လောက် အောင် ၀တ္ထုက ဆွဲဆောင်မှုရှိတယ်။ "ဒီဝတ္ထုက သာမန်အချစ်ဇာတ်လမ်း မဟုတ်ဘဲ မက်ဆေ့ခ်ျတွေ အများကြီး ပေး တယ်။

အခြေခံလူတန်းစားတွေရဲ့ဘ၀ တွေကို ထဲထဲဝင်ဝင် ရေးထားတာတွေ့ရ တယ်။ ဒီလိုလူတန်းစားတွေက သူတို့ ဘ၀တွေကို ဘယ်လို ပြုပြင်ပြောင်းလဲ သင့်လဲ၊ ဒီလို ရေစုံမျောလိုက်နေရင် ဘယ်လိုအန္တရာယ်ဖြစ်နိုင်လဲဆိုတဲ့ ပညာ ပေးတွေလည်း ပါတယ်"လို့ 'မိုးကောင်း ကင်၌ တိမ်တိုက်များ'၀တ္ထုကို ဗီဒီယို ဇာတ်ကားအဖြစ် အသက်သွင်းဖို့ စဉ်းစား ဖြစ်ပုံကို ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ကိုမြအေးဟာ ၂၀၁၂ ဇန်န၀ါ ရီလ ၁၃ ရက်နေ့မှာ တောင်လေးလုံး ထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။