၁၃ နှစ်ပြည့်အမှတ်တရ အဖြစ် ကျင်းပနေတဲ့ စိတ်ကူးချိုချို စာအုပ်အရောင်းပွဲတော်

ဇွန်ပန်းပွင့်
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

စာပေချစ်သူများနဲ့ စည်ကားနေတဲ့ ၁၃ နှစ်ပြည့်စိတ်ကူးချိုချို စာအုပ် အရောင်းပွဲတော်။
ဓာတ်ပုံ - လွင်ကိုတိတ်

စိတ်ကူးချိုချို စာအုပ်တိုက် ၁၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာအုပ် အရောင်းပွဲတော်ကို ပန်းဆိုးတန်းလမ်းမမှာရှိတဲ့ လောကနတ်ပြခန်းမှာ ကျင်းပလျက်ရှိပါတယ်။

ပွဲတော်မှာ စာအုပ်တိုက်ကနေ ထုတ်ဝေပြီး ခဲ့တဲ့စာအုပ်ပေါင်း ၁,၃၀၀ ကျော်ကို ခင်းကျင်းထားကာ စာချစ်သူတွေကို ၁၅ ကနေ ၃၀ ရာခိုင် နှုန်း အထိ လျှော့ဈေးတွေပေးပြီး ရောင်းချ ပေးနေပါတယ်။

စာပေနယ်ပယ်မှာ ပါရမီထူးတဲ့ စာရေးဆရာ ကြီး ရွှေဥဒေါင်း (၁၈၈၉-၁၉၇၃)နဲ့ သော်တာဆွေ (၁၉၁၉-၁၉၉၅)တို့ရဲ့ စာအုပ်ကောင်းတွေကို တစ်ခုတ်တရ ပြန်လည်ပုံနှိပ်တဲ့အပြင် နှစ်စဉ် မဂ္ဂဇင်းတွေမှာ ဖော်ပြတဲ့ ကောင်းနိုးရာရာဝတ္ထု တိုတွေကို စုစည်းပြီး ထူထူထဲထဲ ထုတ်ဝေလေ့ ရှိတဲ့ စာအုပ်တိုက်အဖြစ် စိတ်ကူးချိုချိုဟာ စာပေလောကအသိုင်းအ၀ိုင်းမှာ လူသိများပါ တယ်။

သူ့ရဲ့ပဲ့ကိုင်ရှင်ကတော့ စာပေချစ်သူတစ်ဦး ဖြစ်တဲ့ ဦးစန်းဦးပဲ ဖြစ်ပါတယ်။ သူက ၁၃ နှစ်တာစာပေခရီးကို အောင်အောင် မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခဲ့ခြင်းဟာ စာပေနယ် က သိကျွမ်းတဲ့ စာရေးဆရာတွေရဲ့ ၀ိုင်းဝန်းကူညီ ဖြည့်ဆည်းပေးမှုနဲ့ ကံအကြောင်းတရားတွေ ကြောင့်ပါလို့ ဧည့်သည်များနဲ့ စည်ကားနေတဲ့ သူ့ရဲ့ ၁၃ နှစ်ပြည့်စာအုပ်ပွဲတော် မြင်ကွင်းကို လှမ်းကြည့်ရင်း ဆိုလိုက်ပါတယ်။

ခုလိုမျိုး စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို မလုပ်ကိုင်ခင်ကူပေသကအ ဒီဇိုင်နာအဖြစ်နဲ့ ဂျာနယ် တွေအတွက် အလုပ်လုပ်ခဲ့တယ်လို့ ဦးစန်းဦးက ပြောပြပါတယ်။

"နယ်မှာပဲ ကုန်စုံဆိုင်၊ စာအုပ်ဆိုင်၊ အပေါင်ဆိုင် တွေ ဖွင့်တယ်။ အဲဒီမှာ အဆင်မပြေနိုင်ဘူးလို့ ထင်ပြီး ငါတော့ ရန်ကုန်မှာပဲ စာအုပ် စာပေ လောကမှာ နေပျော်မှာပဲဆိုပြီး ရန်ကုန်ကို ပြောင်း လာခဲ့တယ်"လို့ ဦးစန်းဦးက ပြောပြပါတယ်။ ဧရာဝတီတိုင်း၊ မြန်အောင် ဇာတိသား ဖြစ်ပြီး စာပေနယ်မှာ အခြေချဖို့အတွက် ရန်ကုန်ကို ၁၉၉၈ ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

"တကယ်တမ်း ဒီလုပ်ငန်းထဲကို ၀င်မယ်ဆို တော့ ကိုယ့်မှာ ငွေကြေးက လုပ်ငန်းလုပ်နိုင် လောက်အောင် မပြည့်စုံဘူး။ ဒါကြောင့် ဂျာနယ် တိုက်တွေမှာ ဖြတ်ညှပ်ကပ်ူပေသကအ ဒီဇိုင်နာ အဖြစ်နဲ့ ဂျာနယ်သုံးလေးစောင်လောက် လုပ်ခွင့် ရခဲ့ပြီး ငွေပိုငွေလျှံလေး ရှိလာတယ်။ ၀င်ငွေရလာ လိုက် စာအုပ်လေးထုတ်လိုက်နဲ့ ဒီလိုနဲ့ ကြီးထွား လာတာပါ"လို့ သူ့ စာပေခရီးစခဲ့ပုံကို ဦးစန်းဦးက ပြောပြပါတယ်။

ဒီနေ့မှာတော့ စိတ်ကူးချိုချိုကနေ စာအုပ် ပေါင်း ၁,၃၀၀ ကျော်ကို ထုတ်ဝေပြီးခဲ့ပါပြီ။

မှတ်မှတ်ရရအဖြစ် စာအုပ်တိုက်ကနေ ၁၄ အုပ် မြောက်အဖြစ် ထုတ်ဝေတဲ့စာအုပ်ဟာ စာရေး ဆရာကြီး သော်တာဆွေရဲ့စာအုပ်ကို ပြန်လည် ပုံနှိပ်ခြင်းဖြစ်ပြီး ရွှေဥဒေါင်း၊ ဒဂုန်ခင်ခင်လေးတို့ ရဲ့စာအုပ်ကောင်းတွေကိုလည်း တောက်လျှောက် ဆိုသလို ပြန်လည်ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။

စိတ်ကူးချိုချိုရဲ့ အောင်မြင်မှုတစ်ခုကတော့ ၁၉၁၂ ခုနှစ်ကနေ ယနေ့အထိ ထုတ်ဝေခဲ့တဲ့ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ စာရေးဆရာ ပေါင်း များစွာရဲ့ဝတ္ထုတိုတွေကို နှစ်အလိုက် စုစည်း ထုတ်ဝေတာပဲ ဖြစ်ပါတယ်။

၁၉၁၂ ကနေ ၁၉၄၆ အထိ မဂ္ဂဇင်းဝတ္ထုတို ပေါင်းချုပ်၊ ၁၉၆၅ ကနေ ၁၉၈၈ ခုနှစ်အထိ ပေါင်းချုပ်နဲ့ ၁၉၈၉ ကနေ ၂၀၀၀ ပြည့်နှစ် အထိ ပေါင်းချုပ်သုံးအုပ်ကို ထုတ်ဝေခဲ့ပြီး ၂၀၀၁ ခုနှစ်မှစပြီး နှစ်စဉ် တစ်နှစ်အတွင်း မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့တဲ့ စိတ်ကြိုက်ဝတ္ထုတိုပေါင်းချုပ်ကို ထုတ်ဝေခဲ့ပါတယ်။

ဦးစန်းဦးက သူဟာ ငယ်စဉ်ကတည်းက စာအုပ်တွေနဲ့ ကြီးပြင်းလာခဲ့တာကြောင့် စာအုပ် ကောင်းတွေရဲ့သတင်းနဲ့ အရသာကို ကောင်း ကောင်းသိတယ်လို့ ဆိုပါတယ်။

"အဲဒီလိုစာအုပ်ကောင်းတွေက ခေါင်းထဲမှာ ရှိပေမယ့် ထုတ်ခွင့်ရဖို့ဆိုတာ ကွယ်လွန်သွားတဲ့ စာရေးဆရာရဲ့ မူပိုင်ခွင့်ရှိတဲ့မျိုးဆက်ကို ရှာရ တယ်။ ဈေးကွက်မှာလည်း အဆင်ပြေနိုင်မယ်ဆိုမှ အဲဒီလို စာအုပ်မျိုးထွက်မှာပါ။ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ဆိုင်တွေမှာ တင်ရောင်းရတဲ့အခါ ဆိုင်တွေက ပုံစံအမျိုးမျိုးနဲ့ အရောင်းအ၀ယ် လုပ်ကြတဲ့အခါ ငွေခေါင်းကွဲတယ်။

"ကိုယ်က စာအုပ်တစ်အုပ်ထုတ်လိုက်ပြီး ရလာတဲ့အမြတ်အစွန်းကို နောက်တစ်အုပ်ထုတ် ဖို့ ကြိုတွေးလို့မရတဲ့ လုပ်ငန်းမျိုးဖြစ်နေ တယ်။ ထုတ်လိုက်တဲ့ စာအုပ်ကို အုပ် ၅၀၀ (သို့) ၁,၀၀၀ ရိုက်လိုက်ပေမယ့် ဘယ်အချိန်မှာ ကုန်မယ် ဆိုတာ ကျိန်းသေပြောလို့ မရတာမျိုးရှိတယ်"လို့ ဦးစန်းဦးက ပြောပါတယ်။

"ငွေခေါင်းကွဲတဲ့ကိစ္စက ရှေ့ဆက်သွားဖို့ ကြီးမားတဲ့အခက်အခဲ ဖြစ်ပါတယ်။ နောက်ပြီး ငွေအရင်းအနှီး ပျောက်ပျက်သွားတဲ့ကိစ္စပါ။ အခု ကိုယ့်လက်ထဲမှာ စာအုပ်တွေလည်း အများကြီးဖြစ်လာပြီဆိုတော့ လည်ပတ်နိုင်တဲ့ အနေအထားမှာ ရှိသွားပြီ"လို့ သူ့စာပေ လုပ်ငန်းရဲ့ အနေအထားကို ပြောပြပါတယ်။

၁၃ နှစ်ပြည့် စိတ်ကူးချိုချိုရဲ့စာအုပ်အရောင်း ပွဲတော်ကို ဩဂုတ်လ ၈ ရက်နေ့ကတည်းက ကျင်းပနေခဲ့တာဖြစ်ပြီး နေ့စဉ်စာပေချစ်သူ များ နဲ့ စည်ကားနေပါတယ်။ ပွဲတော်နောက်ဆုံးရက် တော့ ဩဂုတ်လ ၁၈ ရက်နေ့ဖြစ်ပါတယ်။