ပုဂံမြို့သစ်တွင် ဟိုတယ်သစ်တစ်လုံးဖွင့်လှစ်ရန် ပြင်ဆင်နေ

ယုယုမော်
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

ပုဂံမြို့သစ်၌ အခန်း ၂၂ ခန်းပါ Crown Prince ဟိုတယ်သစ်ကို လာမည့် အောက်တိုဘာလတွင် ဖွင့်လှစ်မည်ဟု ဟိုတယ်ပိုင်ရှင် ဦးသန်းရွှေက ပြောကြားသည်။

"ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် ဖွင့်တာပါ။ အရင်တုန်းက မြန်မာ ဟိုတယ်ကို အသစ်ပြန်ပြင်ပြီး အဆင့်မြင့် ဟိုတယ်အဖြစ် ပြောင်းလဲဖွင့်လှစ်သွားမှာပါ။ ဟိုတယ်အခန်းခကတော့ အမေရိကန် ဒေါ်လာ ၆၀ နဲ့ ၇၀ ၀န်းကျင်ပါပဲ" ဟု ၎င်းကပြောသည်။

အဆိုပါဟိုတယ်ကို မြန်မာမှုနှင့် ဥရောပစတိုင် နှစ်မျိုး ပေါင်းစပ်ပြင်ဆင်ထားပြီး အင်တာနက်အသုံးပြုနိုင်အောင်လည်း စီစဉ်ထား သည်။ "စက်တင်ဘာလမှာ ဟိုတယ်ကို စဖွင့်ပြီး အောက်တိုဘာလမှ ဧည့်သည် လက်ခံမှာပါ။ မိုးတွင်းဆိုရင် ဧည့်သည် ပါးတတ်ပေ မယ့် အခုနှစ်မိုးတွင်းမှာတော့ ပုဂံ-ညောင်ဦး လေဆိပ်ကိုနေ့စဉ် ခရီးသည် ၁၅၀ ၀င် နေပါတယ်။ ဒါကြောင့် လည်း ပုဂံမှာ ဟိုတယ်သစ် တွေပိုတိုးလာဦးမယ် ထင်တယ်" ဟု ဦးသန်းရွှေက ပြောသည်။

ပုဂံ-ညောင်ဦးလေဆိပ်၌လည်း နိုင်ငံခြား ငွေလဲကောင်တာသစ်များတိုး ချဲ့ခြင်း၊ ခရီးသည်များအတွက် လေဆိပ် နားနေဆောင်မှ လေယာဉ်ဆီသို့ လေကြောင်းပို့ ဆောင်ရေးကားများဖြင့် ပို့ဆောင်ပေးခြင်း စသည်တို့ကို ယခုနှစ် ကုန်ပိုင်းတွင် ၀န်ဆောင်မှုပေးမည်ဟု သိရသည်။

"ပုဂံမြို့သစ်မှာပဲ ဟိုတယ်တွေ လေးငါး လုံးလောက် အသစ်ထပ်ဖွင့်ဖို့တွေရှိနေ တယ်။ ဒါကြောင့် ဟိုတယ်အခန်းတွေ ပုဂံမှာ ထပ်တိုး လာဖို့ပဲ ရှိတယ်" ဟု ဦးသန်းရွှေက ပြောသည်။ ပုဂံမြို့၌ ယခုလတ်တလော ဖွင့်လှစ် လုပ်ကိုင်နေသည့် ဟိုတယ်နှင့် တည်းခို ခန်းပေါင်း ၈၂ လုံး နီးပါးရှိပြီး အခန်း အရေအတွက်မှာ ၁,၇၀၀ ကျော် ရှိသည်။