'မအိမ်ကံ'၀တ္ထုကို ဇာတ်လမ်းတွဲရိုက်ကူးဖို့ ဇာတ်ညွှန်းပြိုင်ပွဲ ဖိတ်ခေါ်နေ
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)
မဂ္ဂဇင်းမှာ အခန်းဆက် ဖော်ပြစဉ် ကတည်းက စာဖတ်ပရိသတ်တွေကို အထူး ဆွဲဆောင်နိုင်ခဲ့ပြီး လုံးချင်းဝတ္ထု အဖြစ် ထုတ်ဝေပြန် တော့လည်း အောင်မြင်ခဲ့တဲ့ စာရေးဆရာမ ခင်ခင်ထူး ရဲ့ 'မအိမ်ကံ' စာအုပ်ကို မိုးဆမ်းပန်း မီဒီယာမှ ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူး သွားမယ်လို့ သိရပါတယ်။
ဒီအတွက်ကြောင့် လိုအပ်တဲ့ ဇာတ် ညွှန်းရရှိနိုင်ဖို့ ပြိုင်ပွဲကျင်းပကာ ပြိုင်ပွဲဝင် များကို စတင်ဖိတ်ခေါ်နေပါပြီ။
"အဓိကကတော့၊ဇာတ်ညွှန်းလောက မှာ တကယ်စိတ်ပါဝင်စားတဲ့ အရည် အချင်းရှိတဲ့ ဇာတ်ညွှန်းရေးဆရာတွေ ထွက်ပေါ်လာဖို့ ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို လုပ်ဖြစ်ခဲ့တာပါ"လို့ ဖိတ်ခေါ်ဇာတ်ညွှန်း ရေးပြိုင်ပွဲကို စီစဉ်သူတစ်ဦးဖြစ်သလို စာရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာလည်း ဖြစ်တဲ့ မင်းခိုက်စိုးစံက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
နာမည်ကြီးဝတ္ထုကောင်းတစ်ပုဒ်ကို ဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးသွားမှာဖြစ် ပေမယ့် ၀ါရင့်နာမည်ရှိ ဇာတ်ညွှန်းရေး ဆရာများကို အသုံးမပြုရတဲ့အကြောင်း ရင်းကိုလည်း ဒါရိုက်တာနဲ့ တွဲဖက်ပြီး အချိန်ပေးအလုပ်လုပ်နိုင်တဲ့သူမျိုးလို ချင်တာကြောင့်လို့ ဆိုပါတယ်။
"ဇာတ်လမ်းတွဲတစ်ခုအနေနဲ့ အနည်း ဆုံး အခန်းစဉ် ၃၀၀ ကို ရေးရမယ်ဆို ရင် ညှိနှိုင်းရတဲ့အရာတွေက ရုပ်ရှင်ကား မှာလိုမျိုး ဇာတ်ညွှန်းတစ်ခုရေးပြီး ဒါရိုက် တာလက်ထဲ ထိုးအပ်လိုက်ရုံနဲ့ ပြီးသွား မယ့် ကိစ္စမဟုတ်ဘူး။ ရိုက်ကွင်းပေါ်မှာ တင် ပြင်ရတဲ့အပိုင်း တွေ ရှိလာနိုင်တယ်။ နောက်ပြီးတော့ ဒီဇာတ်လမ်းကို ဘယ် လောက်ထိချဲ့မလဲ၊ ဘယ်လောက်ထိ ချုံ့ မလဲဆိုတာတွေကို ဆွေးနွေးရ မယ်။ အဲဒါ ကြောင့် ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ ပိုပြီး နီးနီးကပ်ကပ် အလုပ်လုပ်ရမယ်" လို့လည်း မင်းခိုက်စိုးစံကပြောပါတယ်။
"နာမည်ကြီး ဇာတ်ညွှန်းရေးဆရာ တွေကကျတော့ သူတို့ သတ်မှတ်ထား တဲ့အချိန်တစ်ခုကိုပဲ ပေးနိုင်မှာလေ။ သူ တို့ ရေးပြီးတဲ့အချိန် မှာ သူတို့ပေးထားခဲ့ မယ်။ သူတို့ တာဝန်ကျေပြီဆိုတဲ့အချိန် မှာ သူတို့ဟာ တခြားဇာတ်ညွှန်းတွေကို လက်ခံပြီးရေးသားနေတာလည်း ဖြစ် ကောင်းဖြစ်မယ်။ အဲဒီအခါမှာ လိုအပ် လာပြီဆိုရင် သူတို့ကို အမြဲတမ်းရိုက်ကွင်း ပေါ်ခေါ်ထားဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး" လို့ လည်း လက်ရှိနာမည်ရပြီးသားတဲ့ ဇာတ်ညွှန်းဆရာတွေကို ဇာတ်ညွှန်း မအပ်ရတဲ့အကြောင်းရင်းကို ရှင်းပြပါ တယ်။
ပြိုင်ပွဲအတွက် ဇာတ်ညွှန်းပေးပို့လိုသူ တွေဟာ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး အမှတ်(၃၈၆)၊ အင်ကြင်းမြိုင် လမ်းသွယ်(၃)၊ သုဝဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ကို လိပ်မူပြီး ပဏာမပြိုင်ပွဲအနေနဲ့ ဇာတ် လမ်းတစ်ပိုင်းစာအတွက် ပျမ်းမျှ ၁၀ ခန်း နှုန်းနဲ့ အနည်းဆုံးဇာတ်လမ်းအပိုင်း ၃၀ စာအတွက် အခန်းစဉ် ၃၀၀ ကို ရေးသား ပေးပို့ရမှာ ဖြစ်ပါတယ်။
အကောင်းဆုံး ဇာတ်ညွှန်းဆုအတွက် ဆုငွေကျပ်သိန်း ၂၀ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
"ဒီအခန်းပြီးရင် ဒီအခန်းရိုက်ဆိုတဲ့ စာအုပ်ထဲကအတိုင်း ရေးသားတဲ့ ဇာတ် ညွှန်းမျိုးကို ကျွန်တော်တို့က လိုချင်တာ မဟုတ်ဘူး။ ဒီဇာတ်လမ်းပေါ်မှာ ၀င်ခံစားမယ့် ဇာတ်ညွှန်းရေးဆရာရဲ့ စိတ်ကူးယဉ်မှုကို လိုချင်တာပါ။ အရုပ်နဲ့ ပြမယ့် စိတ်ကူးစိတ်သန်းအတိုင်း ရေး သားထားတဲ့ ဇာတ်ညွှန်းမျိုးကို လိုချင်တာ ပါ" လို့ ပြိုင်ပွဲဝင်ဇာတ်ညွှန်းတွေအပေါ် အဓိကကြည့်ရှု အမှတ်ပေးသွားမယ့် အပိုင်းကို မင်းခိုက်စိုးစံကရှင်းပြပါတယ်။
ဒါရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်မယ့် သူတွေကိုတော့ ဇာတ်ညွှန်းရပြီးမှ ရွေး ချယ်သွားမယ်လို့လည်း ဆိုပါတယ်။
'မအိမ်ကံ'၀တ္ထုဟာ ဆရာမခင်ခင်ထူး နေထိုင်ခဲ့ရာ အညာရွာလေးမှာ ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေတည်ရေးသား ထားတာဖြစ်ပြီး မြန်မာအမျိုးသမီး တစ်ယောက်ရဲ့ စိတ်၊ ဇွဲ၊ မာန်တွေကို ပုံဖော်ထားသလို မြန်မာလူမျိုးတွေ ဖြတ် သန်းခဲ့တဲ့ ခေတ်တစ်ခေတ်နဲ့ ယဉ်ကျေး မှုတွေကို ထည့်သွင်းပုံဖော်ခြယ်မှုန်းထား ပါတယ်။
စာရေးသူ ဆရာမခင်ခင်ထူးက ခုလို ဇာတ်လမ်းတွဲအနေနဲ့ ဖန်တီးဖို့ဖြစ်လာ တာနဲ့ပတ်သက်ပြီး "ဒီဝတ္ထုက ဇာတ်အိမ် ကြီးတော့ ရုပ်ရှင် တို့၊ ဗီဒီယိုဇာတ်ကားတွေအတွက်ဆိုရင် ဖြတ်ရမှာက များတာကြောင့် အဆင်မပြေဘူး။ မိုးဆမ်းပန်းက ဇာတ်လမ်းတွဲအနေနဲ့ ရိုက်ချင် တယ်လို့ ပြောလာတာကြောင့် ပေးဖြစ်ခဲ့တာပါ"လို့ မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
လုံးချင်းဝတ္ထုကို တီဗီဖန်သားပြင်ပေါ် မှာ အရုပ်တွေ ဝေေ၀ဆာဆာနဲ့ ကြည့်ရှု နိုင်အောင် ဖန်တီးကြတဲ့အခါ သူ့အနေနဲ့ အားမလို အားမရဖြစ်ခဲ့တာတွေ အများ ကြီးကြုံဖူးတယ်လို့ ဆရာမကဆိုပြီး ဒီ ဇာတ်လမ်းတွဲကိုလည်း စောင့်ကြည့်ရဦး မှာပဲလို့ ပြောပါတယ်။
"၀တ္ထုဆိုတာကတော့ ခံစားမှုရှိတိုင်း ဖွဲ့နွဲ့ရေးသားလို့ရတယ်လေ။ ရုပ်ရှင်ပိုင်း မှာကျတော့ ပြသရမယ့် အချိန်အကန့် အသတ်ကြောင့် ရော၊ လူအင်အား စသဖြင့် အကန့်အသတ်တွေများတော့ ကိုယ့်ဝတ္ထုကို ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်း အနေနဲ့ ပြန်ကြည့်ရတဲ့အခါ အားမလို အားမရဖြစ်ခဲ့တာတွေ အများကြီးကြုံခဲ့ ဖူးပါတယ်။
"ဒီဝတ္ထုမှာလည်း ကိုယ်က ကျေးလက် ကိုအခြေခံပြီး ရေးသားထားတဲ့ ၀တ္ထုဖြစ် တော့ ကျေးလက်ဒေသတို့၊ မြန်မာမှု တို့ကို ဒါရိုက်တာ နဲ့ ဇာတ်ညွှန်းဆရာ တွေက ပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဘယ်လိုဖြစ်လာ မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦး မှာ ပါပဲ"လို့ ဆိုပါတယ်။
ဇာတ်လမ်းတွဲကို ပြသနိုင်ဖို့အတွက် ကိုတော့ ကိုယ့်တင်ဆက်ချင်တဲ့ အနု ပညာကို အပြည့်အ၀ တင်ဆက်နိုင်မယ့် ရုပ်သံလိုင်းတစ်ခုကို ရှာဖွေနေတယ်လို့ မင်းခိုက်စိုးစံက ပြောပါတယ်။
"ကျွန်တော်တို့မှာက ဒီဇာတ်လမ်းတွဲ အပြင် တခြားဇာတ်လမ်းတွဲ သုံး၊ လေးခု လည်းရိုက်ထားတာရှိတယ်။ အဲဒါကြောင့် သူများပိုင်တဲ့ ရုပ်သံလိုင်းဆိုရင် ဒီဇာတ် လမ်းတွဲတွေအကုန်လုံးကို ပြသပေးနိုင်ဖို့ ဆိုတာက အခွင့်အရေးနည်းနေတယ် ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ကိုယ့်ခြေကိုယ့်လက် မိမိတင်ဆက်ချင်တဲ့ အနုပညာကို အပြည့်အ၀ တင်ဆက်လို့ ရမယ့် ရုပ်သံလိုင်းတစ်ခုကို ရှာဖွေနေပါ တယ်" လို့ ပြောပါတယ်။
