ယခုနှစ်၏ ပထမခုနစ် လအတွင်း နိုင်ငံခြားဧည့်သည် အ၀င် ၃၇ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်လာ
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာသော ပြည်ပလေယာဉ်တစ်စီးပေါ်မှ ခရီးသည်များ ဆင်းသက်လာနေ သည်ကို ဩဂုတ်လ အစောပိုင်းက တွေ့ရစဉ်။
ဓာတ်ပုံ - လွင်ကိုတိတ်
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ချက် အရ ယခုနှစ် ပထမ ခုနစ်လအတွင်း ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့် နယ်စပ်မှ ၀င်ရောက်ခဲ့သော နိုင်ငံခြားခရီးသွား ဧည့်သည် အ၀င်မှာ သိသိသာသာ မြင့်တက်သွားသည်ကို တွေ့ရသည်။
စာရင်းအရ ယခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအတွင်း ရန်ကုန်လေဆိပ် နှင့် နယ်စပ်ဂိတ်မှ ၀င်ရောက်လာသော ဧည့် သည်စုစုပေါင်း ၂၉၉,၅၂၉ ဦးရှိရာ လွန် ခဲ့သောနှစ် ပထမခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၇ ဒသမ ၅၀ ရာခိုင်နှုန်းကျော် မြင့်တက် သွားသည်။
အဆိုပါ နိုင်ငံခြားခရီးသည် စုစုပေါင်း ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ အာရှ နိုင်ငံများမှ ဖြစ်ကာ ထိုင်းဧည့်သည် ၄၈,၀၁၄ ဦး အအများဆုံး ဖြစ်သည်။
ထို့နောက်ဂျပန် ဧည့်သည် ၂၃,၂၄၂ ဦး၊ တရုတ်ဧည့်သည် ၂၂,၂၈၃ ဦး နှင့် တောင်ကိုးရီးယား ဧည့်သည် ၁၇,၇၉၉ ဦး ပါဝင်သည်။
ထို့ပြင် ဥရောပတိုက်မှ ခရီးသွား ဧည့်သည် စုစုပေါင်း ၆၅,၃၀၀ ဦးလာ ရောက်ခဲ့ရာ စုစုပေါင်း၏ ၂၃ ဒသမ ၂၅ ရာခိုင်နှုန်း ရှိသည်။
ဥရောပတိုက်မှ ဧည့် သည်များအနက် အများစုမှာ ပြင်သစ် ဧည့်သည် ၁၅,၀၉၄ ဦး၊ ဗြိတိန်ဧည့်သည် ၁၁,၁၂၄ ဦးနှင့် ဂျာမနီဧည့်သည် ၁၀,၀၇၇ ဦးတို့ဖြစ်သည်။
တစ်ကိုယ်တည်း ခရီးသွားဧည်သည့် အ၀င်မှာလည်း ၁၁၈,၄၉၃ ဦးဖြင့် သိသိသာသာ မြင့်တက်လာသည်။
အဖွဲ့ လိုက်ခရီးသွား ဧည့်သည်အ၀င်မှာ ၆၁,၆၆၁ ဦး၊ စီးပွားလုပ်ငန်းဆိုင်ရာ ဧည့် သည် ၆၀,၉၇၉ ဦးနှင့် လူမှုရေး ဗီဇာဖြင့် ဧည့်သည် ၂၀,၃၂၃ ဦးလာရောက်ခဲ့ သည်။
လက်ရှိခရီးသွား လုပ်ငန်းအခြေအနေ မှာ တစ်နှစ်ထက် တစ်နှစ် သိသိသာသာ တိုးတက်လာပြီး လွန်ခဲ့သောနှစ်ကဲ့သို့ ပင် လာမည့် ခရီးသွားရာသီချိန် အောက် တိုဘာလမှ မတ်လအထိ နိုင်ငံခြား ခရီး သွားဧည့်သည်အ၀င် ၃၀ ရာခိုင်နှုန်း ကျော်အထိ မြင့်တက်လာ မည်ဟု ခရီး သွားလုပ်ငန်းရှင်များက မျှော်လင့်နေ ကြသည်။
ပြည်တွင်း၊ပြည်ပ လေကြောင်းလိုင်း များတို့ချဲ့လာခြင်းသည် ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း All Asia Exclusive ခရီးသွားလုပ်ငန်း ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုး ဝေရာဇာက ပြောသည်။
ထို့ပြင် ခရီးသွားဧည့်သည်အ၀င် မြင့် တက်လာသည်နှင့်အမျှ အခြေခံလိုအပ် ချက်များအတွက် ရင်းနှီးမြှုပ်နှံမှုများ လည်းလိုအပ်နေ ကြောင်း ၎င်းက ပြောသည်။
လက်ရှိကာလတွင် ဟိုတယ်အခန်း အရေအတွက် မလုံလောက်မှုနှင့် အခန်းခ ဈေးနှုန်း မြင့်တက်လာမှုများကို ကြုံ တွေ့နေရကြောင်း Orchestra ခရီးသွား လုပ်ငန်းကုမ္ပဏီမှ မန်းနေးဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာအောင်မြတ်ကျော်က ပြောသည်။
"လက်ရှိ အခန်းမလုံလောက်မှု ပြဿနာတွေ၊ ပို့ဆောင်ဆက်သွယ်ရေး ၀န်ဆောင်မှု၊ ဈေးနှုန်းမြင့်တက်လာမှုနဲ့ ဘွတ်ကင်စနစ် အားနည်းမှုတွေရှိပါ တယ်။ ခရီးသွားဧည့်သည် တိုးတက် များပြားလာတာနဲ့အမျှ ဒီအပိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဆောင်ရွက်ဖို့ လိုပါ တယ်" ၎င်းကပြောသည်။
