ဆရာကြီးရွှေဥဒေါင်းစာကြည့်တိုက် ဖြစ်ပေါ်လာရေး ဆောင်ရွက်နေ

ဇွန်ပန်းပွင့်
အတွဲ ၃၀ ၊ အမှတ် ၅၈၅ ( ၇ - ၁၃ ၊ ၉ ၊ ၂၀၁၂)

စာရေးဆရာကြီး ရွှေဥဒေါင်း (၁၈၈၉-၁၉၇၃)ရဲ့ ဇာတိကျေးရွာမှာ အထိမ်း အမှတ်စာကြည့်တိုက် တည်ဆောက်ဖို့ အတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းက စီစဉ်နေတယ်လို့ ဖောင်ဒေးရှင်းဥက္ကဋ္ဌက မြန်မာတိုင်း(မ်)ကို ပြောပါတယ်။

ဆရာကြီးရွှေဥဒေါင်းရဲ့ ဇာတိမှာ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ မန်ကျည်းတုံကျေးရွာ ဖြစ်ပြီး ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတွေ သွားလေ့လာကြမယ်လို့ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်က ဆိုပါတယ်။

"ကျွန်တော်တို့က ဆရာကြီးဇာတိ ကျေးရွာကိုသွားပြီး ဆရာကြီးရဲ့အမျိုး အဆွေတွေ ကျန်သေးလားဆိုတာ ကြည့် ရမယ်။ နောက်ပြီး ရွာခံတွေနဲ့တွေ့ပြီး စာကြည့်တိုက်ဖြစ်မြောက်ဖို့ ဆန္ဒရှိရဲ့ လား၊ မြေနေရာပေးနိုင်ရဲ့ဆိုတာ သွား ရောက်လေ့လာရပါမယ်"လို့ သူက ပြော ပါတယ်။

လတ်တလောမှာတော့ ဆရာကြီး အထိမ်းအမှတ်စာကြည့်တိုက်မှာ ဆရာ ကြီး၊ရေးသားပြုစုခဲ့တဲ့စာအုပ်တွေအပြည့် အစုံထားနိုင်ဖို့ အတွက် စာအုပ်တွေကို အလှူခံလျက်ရှိတယ်လို့ ဆိုပါတယ်။

"စာကြည့်တိုက်ဖြစ်မြောက်ဖို့အတွက် ဒေသခံတွေရဲ့အကူအညီလည်း အများ ကြီးလိုအပ်ပါတယ်။ တကယ်လို့ အဲဒီ ဒေသမှာ မူလ စာကြည့်တိုက် တစ်ခုရှိ ခဲ့ရင် အဲဒီစာကြည့်တိုက်ကိုပဲ ဆရာကြီး ရွှေဥဒေါင်း စာကြည့်တိုက်အဖြစ် ပြောင်း လဲမလားဆိုတာ စဉ်းစား မှာပါ" လို့ ဦးမောင်မောင်က ပြောပါတယ်။

မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင် ဒေးရှင်းက စာပေနယ်မှာ ထင်ရှားတဲ့ စာရေးဆရာကြီးတွေရဲ့ ဇာတိမြေမှာ စာကြည့်တိုက်တွေ ဆောက်လုပ်သွားဖို့ အစီအစဉ်ရှိပြီး ဇူလိုင်လ ၂၂ ရက်နေ့မှာ လည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ စာကြည့်တိုက်ကို ဇာတိ ၀ါးလည်ကျေး ရွာ၊ ရန်ကုန်-ပြည်ကားလမ်းဘေး၊ ပြည် ခရိုင်၊ ပဲခူးတိုင်းဒေသကြီးမှာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီစာကြည့်တိုက်ကို ဖောင်ဒေးရှင်း ရဲ့မတည်ငွေနဲ့ အလှူရှင်များရဲ့လှူဒါန်းငွေ ပေါင်း ၂၁၂ သိန်းကျော်နဲ့ဆောက်လုပ် ခဲ့ပြီး မြေနေရာ ကို ဆရာကြီး သခင်ကိုယ် တော်မှိုင်းရဲ့မြေးမှ လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

ဆရာကြီး မင်းသုဝဏ်ရဲ့ဇာတိဖြစ်တဲ့ ကွမ်းခြံကုန်းမှာလည်း စာကြည့်တိုက် ဆောက်လုပ်သွားဖို့ စာကြည့်တိုက်များ ဖောင်းဒေးရှင်းမှ ဆန္ဒရှိပြီး ဒေသခံတွေ တောင်းဆိုမယ်ဆိုရင် သူတို့ဘက်မှ ကူညီ ဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲလို့ ဦးမောင်မောင်က ဆိုပါတယ်။

"နိုင်ငံ့ဂုဏ်ကိုဆောင်တဲ့ စာရေးဆရာ ကြီးတွေရဲ့အထိမ်းအမှတ်စာကြည့်တိုက် ဟာ သာမန်ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်တွေလိုတော့ ထရံကာ သွပ်မိုးအဆောက်အအုံမျိုးနဲ့ မဖြစ်ပါ ဘူး။ အနယ်နယ်က အလှူရှင်တွေရဲ့ အကူအညီလည်း လိုအပ်ပါတယ်"လို့ သူက ပြောပါတယ်။

ဖျာပုံက ဆရာဇော်ဂျီစာကြည့်တိုက် ကိုတော့ ဖောင်ဒေးရှင်းရဲ့ အကူအညီမပါ ဘဲ ဒေသခံတွေကိုယ်တိုင်ကပဲ ကော်မတီ ဖွဲ့ပြီး အလှူငွေတွေနဲ့ ဆောက်လုပ်ခဲ့ခြင်း ဖြစ်တယ်လို့ သူကဆိုပါတယ်။ ဆရာ ဇော်ဂျီစာကြည့်တိုက်က စာရေးဆရာ စာကြည့်တိုက်တွေထဲ မှာ အတောင့် တင်းဆုံးနဲ့ အအောင်မြင်ဆုံး စာကြည့် တိုက်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

"စာရေးဆရာကြီးတွေရဲ့ ဇာတိမြေ ပေါ်မှာ အထိမ်းအမှတ်စာကြည့်တိုက် ဖြစ်ပေါ်လာဖို့ ဒေသခံတွေ လိုလားမှ လည်း ဖြစ်မှာပါ။ ကျွန်တော်တို့က ဆောက်ပေးထားပြီး သူတို့ လှည့်မကြည့် ရင်လည်း မအောင်မြင်နိုင်ပါဘူး။ ရေ ရှည်ထိန်းသိမ်းသွားဖို့ ဒေသခံအကူ အညီလိုအပ်ပါတယ်" လို့ ဦးမောင်မောင် က ပြောပါတယ်။

ဆရာကြီး ရွှေဥဒေါင်းရဲ့ စာကြည့် တိုက်အတွက် စာအုပ်များလှူဒါန်းချင် တယ်ဆိုရင် မြန်မာနိုင်ငံစာကြည့်တိုက် များဖောင်ဒေးရှင်း၊ အမှတ်(၂၂၈)၊ သိမ် ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၉၅၁-၃၉၈ ၇၅၆ ကို ဆက်သွယ်လှူဒါန်း နိုင်ပါတယ်။