တောင်ကိုရီးယားနှင့် တိုက်ရိုက်လေကြောင်း စတင်ပြေးဆွဲ

ယုယုမော်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ စက်တင်ဘာလ ၁၃ ရက်နေ့ ည ၁၀ နာရီတွင် ခရီးသည် ၁၃၈ ဦးလိုက်ပါ စီးနင်း ခဲ့သည့် ကိုရီးယားလေကြောင်းလိုင်း၏ လေယာဉ်သည် ပထမဆုံးအကြိမ်အဖြစ် ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှ တိုက်ရိုက် ပျံသန်းဆင်းသက် ခဲ့သည်။

အဆိုပါလေကြောင်းလိုင်းသည် ကိုရီး ယားနိုင်ငံ၊ ဆိုးလ်မြို့မှ ရန်ကုန်မြို့သို့ တစ်ပတ်လျှင် လေးကြိမ် ဘိုးရင်း B737-800
ဖြင့် တိုက်ရိုက်ပျံသန်းသွားမည် ဖြစ်သည်။ လေယာဉ်ခမှာ အသွားအပြန်အမေရိကန် ဒေါ်လာ ၉၀၀ ကျော်ဖြစ်ပြီး တစ်ကြောင်း တည်းစီးပါက ဒေါ်လာ ၈၀၀ ကျော် ဖြစ် သည်။

"ဘိုးရင်းလေယာဉ်တွေက ခရီးသည် ၁၆၀၊ ၁၇၀ လောက် ထိုင်ခုံရှိပေမယ့် ဒီလေယာဉ်ကိုတော့ ထိုင်ခုံ ၁၃၈ ခုံစာပဲ လုပ်ထားတယ်။ ဒါကြောင့် နေရာကျယ် တဲ့အပြင် ခရီးသည်တွေ သက်သောင့် သက်သာစီးနင်းလို့ရပါတယ်" ဟု အရှေ့ တောင်အာရှ၏ ကိုရီးယား လေကြောင်း လိုင်းဒါရိုက်တာMr Kim Jang Soo က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ထို့ပြင် လေယာဉ်လက်မှတ်များကို မြန်မာနိုင်ငံမှကိုယ်စားလှယ် ခရီးသွား လုပ်ငန်းများတွင် ၀ယ်ယူပါက ပိုမိုဈေး သက်သာကြောင်းနှင့် တိုက်ရိုက် ၀ယ်ယူ လိုကလည်း www.koreanair.com တွင် မှာကြားနိုင်မည် ဖြစ်သည်။ တိုက်ရိုက် လေကြောင်းလိုင်းဖြင့် သွား ရောက်ပါက ဆိုးလ်မြို့နှင့် ရန်ကုန် မြို့ကို ခြောက်နာရီသာ ကြာမြင့်မည် ဖြစ်သည်။

လေကြောင်းလိုင်းမှ ရန်ကုန် အခြေစိုက် ဒေသဆိုင်ရာ မန်နေဂျာဖြစ်သူMr Seung-Joo SHIN တိုက်ရိုက် လေကြောင်းလိုင်းများ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရာတွင် အဆင်ပြေသော်လည်း လေဆိပ်နေရာ ကျဉ်းသည့်အတွက် ခရီးသည်များ အကျပ်အတည်းဖြစ်နိုင်သည်ဟု သုံးသပ် ပြောသည်။

"ကျွန်တော်တို့ လေယာဉ်ချိန်က ကံကောင်းချင်တော့ တခြားလေယာဉ် ချိန်တွေနဲ့မတိုက်တဲ့အတွက် ခရီးသည် တွေအတွက် အဆင် ပြေပါတယ်" ဟု ၎င်းက ပြောသည်။ အဆိုပါ ပထမဆုံးတိုက်ရိုက်ခရီးစဉ် တွင် ရန်ကုန်မှ ဆိုးလ်မြို့သို့ ခရီးသည် ၄၀ ပြန်လည်လိုက်ပါ စီးနင်းခဲ့သည်။