မလေးရှား၌ အာရှတိုက်၏ ပထမဆုံး Legoland အပန်းဖြေဥယျာဉ် ဖွင့်လှစ်
အတွဲ ၃၀ ၊ အမှတ် ၅၈၇ ( ၂၁ - ၂၇ ၊ ၉ ၊ ၂၀၁၂)

အပန်းဖြေဥယျာဉ်သို့ ၀င်ရောက်လည်ပတ်ရန် စောင့်ဆိုင်း နေသူများအား ဖွင့်ပွဲမတိုင်မီ တွေ့ရစဉ်။
ဓာတ်ပုံ - ဆန်းဦး
ကစားနည်း ၄၀ နှင့် ပြကွက်များ၊ ဖျော်ဖြေ ရေးများ ပါဝင်သည့် Legoland အပန်း ဖြေဥယျာဉ်ကို မလေးရှားနိုင်ငံ၌ စက်တင်ဘာလ ၁၅ ရက်နေ့က စတင် ဖွင့်လှစ်ခဲ့ရာ အာရှတိုက်တွင် ပထမဆုံး ဖွင့်လှစ် လိုက်သည့် Legoland ဥယျာဉ် ဖြစ်လာသည်။
ကမ္ဘာ့ထိပ်တန်းမိသားစုဖျော်ဖြေရေး လုပ်ငန်းကြီး ဖြစ်သည့် Merlin ဖျော်ဖြေ ရေးလုပ်ငန်းက စီမံဖွင့်လှစ်ထားသည့် Legoland သည် ဥရောပ၏ နံပါတ် (၁ ) ဖြစ်သလို ကမ္ဘာပေါ်၌ ဧည့်သည်များကို ဒုတိယမြောက် အဆွဲဆောင်နိုင်ဆုံး အပန်းဖြေဥယျာဉ် ဖြစ်သည်။
အသက် နှစ်နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များရှိသည့် မိသားစုများ အတွက် အဓိကရည်ရွယ်သည့် အဆိုပါ ဥယျာဉ်များကို ဒိန်းမတ်၊ ယူနိုက်တက်ကင်းဒမ်း၊ ဂျာမနီနှင့် အမေရိကန်ပြည် ထောင်စုရှိ ကယ်လီဖိုးနီးယားနှင့် ဖလော် ရီဒါတို့၌လည်း ဖွင့်လှစ်ထားသည်။
အဆိုပါဥယျာဉ်ကို စင်ကာပူနိုင်ငံနှင့် နယ်နိမိတ်ချင်းဆက်စပ်နေသည့် ဂျိုဟိုး ဘာရူးမြို့အနီးရှိ မြေ ၇၆ ဧကပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည့် အတွက် မလေးရှားနိုင်ငံမှသာမက စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံတကာ ခရီးသွားများ အလွယ်တကူလာရောက် နိုင်မည့်အပြင် စင်ကာပူနိုင်ငံ ချန်ဂီ လေဆိပ်မှလည်း ၄၅ မိနစ်အတွင်း ရောက်ရှိနိုင်မည်ဖြစ်သည် ဟုဆိုသည်။
"အာရှတိုက်အတွက် ပထမဆုံး Legoland အသက်ဝင်လာတာကိုမြင်ရတာ အတော်ကို စိတ်လှုပ်ရှားစရာပါ။ မိသားစုတွေ ပျော်ရွှင်စွာ အပန်းဖြေဖို့ အတွက် ဒါဟာ အံ့အားသင့်ဖွယ် အပန်း ဖြေဥယျာဉ်တစ်ခုဖြစ်ပါတယ်" ဟု Legoland အပန်းဖြေဥယျာဉ်ကို စီမံခန့် ခွဲသည် Merlin Entertainment ၏ ညွှန်ကြား ရေးမှူးချုပ်ဖြစ်သူ ဂျွန်ဂျေကော့ဘ်ဆင်က အပန်းဖြေဥယျာဉ်ဖွင့်ပွဲ အခမ်းအနား တွင် ပြောကြားသည်။
"ဒီဧရိယာကို နိုင်ငံတကာအပန်းဖြေ စခန်းဖျော်ဖြေမှုတွေအတွက် အဓိက နေရာတစ်ခုအဖြစ် ဖန်တီးဖို့အတွက် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ရဲ့ အမြင်တွေကို ကျွန်တော်တို့ မျှဝေခံ စားခဲ့ပါတယ်။Legoland မလေးရှား ဟာ အလွန်ထူးခြားပြီးတော့ ဂျိုဟိုး၊ စင်ကာပူနဲ့ အခြားသော အရှေ့တောင်အာ ရှနိုင်ငံတွေကနေ အလွယ်တကူရောက် နိုင်တဲ့နေရာမှာရှိနေတဲ့အတွက်အောင် မြင်မှု အကြီး အကျယ်ရရှိလိမ့်မယ်လို့ ယုံ ကြည်ပါတယ်" ဟု ၎င်းကပြောသည်။
"Merlin ဖျော်ဖြေရေးလုပ်ငန်းအနေ နဲ့ နှစ်စဉ်ဧည့်သည် ၄၆ သန်းကို နိုင်ငံ ပေါင်း ၂၁ နိုင်ငံမှာ ဖျော်ဖြေပေးနေပါတယ်။ ကျွန်တော် တို့ရဲ့ အတွေ့အကြုံ တွေကို မလေးရှားကို သယ်ယူလာဖို့ ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ မလေးရှား Legoland ဟာ မိသားစု တွေ အပန်းဖြေဖို့အတွက် အဓိကနေရာတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်" ဟု ၎င်းကပြောသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က အခမ်း အနားတွင်Legoland ၏ မူရင်းနိုင်ငံဖြစ် သည့် ဒိန်းမတ်နိုင်ငံမှ ခေါ်ယူလာသည့် Billundဘင်ခရာ တီးဝိုင်းမှ အထူး ဖျော်ဖြေပေးခဲ့သည်။ အဆိုပါ အပန်းဖြေစခန်းအတွင်းတွင် ကစားနည်းများ၊ ကစားကွင်းများသာမ က ကမ္ဘာတစ်လွှားမှ ထင်ရှားသည့် အဆောက်အအုံပုံစံငယ်လေးများကိုပါ တည်ဆောက်ပြသထားသည်။
Legoland ဥယျာဉ်များမှာ လူသိများ လှသည့် ကိုယ်တိုင်ပါဝင်ဖန်တီးနိုင်သည့် Lego ဆောက်လုပ်ရေးကစားစရာလေး များကို အခြေခံ ထားသည်နှင့် အညီ ဥယျာဉ်အတွင်းရှိ အဆိုပါ အဆောက်အအုံပုံစံငယ်များ၊ အရုပ်များကို Lego အုပ်ချပ်ငယ် ၂၅ သန်းကို အသုံးပြုခါ တည်ဆောက်ထားခြင်း ဖြစ်သည်။ ဥယျာဉ်တစ်ခုလုံးကို တည်ဆောက် ရန်အတွက် Lego အုပ်ချပ်ငယ် သန်း ၅၀ ခန့် အသုံးပြုခဲ့သည်။
ထင်ရှားသည့် အဆောက်အအုံပုံစံ ငယ်များတွင် မြန်မာနိုင်ငံမှ ကရ၀ိက်နန်း တော်ပုံစံငယ်လေးအပြင် ကမ္ဘာတစ်လွှား မှ ကျော်ကြား သည့် အဆောက်အအုံများ၊ မြို့ပြပုံစံငယ်လေးများကို လှုပ်ရှားနေသည့် ပြကွက်များဖြင့် တည်ဆောက်ထား သည်ကိုတွေ့ရသည်။
"Legoland မလေးရှားမှာ ကမ္ဘာ တစ်လွှားက အကျော်ကြားဆုံးကစား နည်းတွေနဲ့ ဆွဲဆောင်မှုတွေကို ထည့် သွင်းထားတဲ့အတွက် နိုင်ငံတကာ အဆင့်မီ အတွေ့အကြုံအစစ်အမှန်ဖြစ် ပါတယ်" ဟု ဥယျာဉ်၏ အထွေထွေမန် နေဂျာSiegfried Boerst က ပြောကြား သည်။
ဥယျာဉ်ကို တရားဝင်မဖွင့်လှစ်မီကပင် လာရောက်လည်ပတ်သူများနှင့် စည်ကားနေခဲ့ပြီး တစ်နှစ်စာဝင်ခွင့်လက်မှတ် ပေါင်း ၃၅,၀၀၀ ခန့်ရောင်းချရပြီးဖြစ် သည်။ ထိုအထဲမှ ၆၀ ရာခိုင်နှုန်းခန့်ကို ဒေသခံများက ၀ယ်ယူထားခြင်းဖြစ် သည်။ ထို့ပြင် Legoland ဟိုတယ်နှင့် ရေကမ္ဘာ ကိုလည်း ဆက်လက်တည်ဆောက်နေ ပြီး ၂၀၁၃ တွင် ဖွင့်လှစ်ရန် မျှော်မှန်းထားသည်။
ယခုကဲ့သို့ Legoland ကိုဖွင့်လှစ်ခဲ့ ခြင်းသည် မလေးရှားနိုင်ငံ၏ခရီးသွား လုပ်ငန်းတိုးတက်ရေးအတွက်လည်း များစွာ အထောက် အကူပြုမည်ဖြစ်သည် ဟု ခန့်မှန်းထားကြသည်။ မလေးရှားနိုင်ငံသို့ ၂၀၁၁ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၂၄ ဒသမ ၇ သန်း လာရောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ၃၆ သန်းအထိ လာရောက်ရန် မျှော်မှန်းလုပ် ဆောင်လျက်ရှိသည်ဟုသိရသည်။
