ဧရာဝတီလင်းပိုင် ရှော့တိုက်ငါးဖမ်းခြင်းအန္တရာယ်နှင့်ကြုံတွေ့နေ
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)
မန္တလေး-မင်းကွန်းကြားဧရာဝတီလင်း ပိုင်ထိန်းသိမ်းစောင့်ရှောက်ရေး နယ် မြေဖြစ်သော ကျောက်မြောင်းဒေသ ၀န်းကျင်ရှိ ကျေးရွာများတွင် တရားမ၀င် ငါးဖမ်းနည်းဖြစ်သော ဘက်ထရီဖြင့် ရှော့တိုက် ငါးဖမ်းနည်းဖြင့် ငါးဖမ်းခြင်းများကို အားမြင့် ဘက်ထရီများ အသုံးပြု ၍ ကျယ်ပြန့်စွာ လုပ်ကိုင်နေကြကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်း သိမ်းရေးအဖွဲ့ (WCS) တို့၏ မတ်လ ၂၄ မှ ၂၇ ရက် သွားရောက်ခဲ့သော ဧရာဝတီ လင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးကင်းလှည့် ခရီးစဉ်မှတ်တမ်းများအရ သိရသည်။
ဆည်သည်ရွာ၊ သာယာဝတီရွာ၊ ထုံး ကြီးရွာ၊ စာကျက်ကြီးရွာ၊ ကျွန်းဦးရွာ၊ စည်ပင်ကျွန်းရွာ၊ ပေါက်ကုန်းရွာ၊ မြစ်ကမ်းကြီးရွာများရှိ ဧရာဝတီမြစ် ကြောင်းတွင် ဘက်ထရီရှော့တိုက်ငါး ဖမ်းနည်းဖြင့် ငါးဖမ်းလှေများမှာ နေ့ည မရွေး ကျယ်ကျယ်ပြန့်ပြန့် ဗြောင်လုပ် ကိုင်နေကြခြင်း ဖြစ်သည်။
"ဒီတစ်ခေါက် ခရီးစဉ်အတွင်းမှာ ဘက်ထရီရှော့တိုက်နည်းနဲ့ တရားမ၀င် ငါးဖမ်းလုပ်ငန်းတွေကို နေ့ညမရွေး ကျယ်ကျယ်ပြန့်ပြန့် တွေ့ရတယ်။အုပ်စု ဖွဲ့ ငါး ဖမ်းလှေ ခြောက်စင်းလောက် တွေ့ရတယ်။ အရင်တုန်းကလည်း ရှော့ တိုက် ငါးဖမ်း နည်းတွေနဲ့ဖမ်းကြ ပေမယ့် အားပျော့တဲ့ ဘက်ထရီအသေးလောက် ပဲ သုံးကြတယ်။ "အခုဟာကအုပ်စုဖွဲ့ အမှုအခင်း ပုံစံတွေအထိ ဖြစ်လာကြတယ်။ ကား ဘက်ထရီတွေကို အားမြှင့်စက်တွေပါ တပ်ပြီးတော့ဖမ်းကြတယ်။ ရွာသားတွေ က သတင်းပေးရင်လည်း ရန်မူတာ၊ စစ်ဆေးရေး တွေကိုလည်း အန္တရာယ် ပေးတာ တွေရှိလာပါတယ်"ဟု ငါးလုပ် ငန်းဦးစီးဌာန၊ ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေး အဖွဲ့၊ လက်ထောက် ဦးစီးမှူး ဦးဟန်ဝင်းက ဆိုသည်။
ယခုဖြစ်ပေါ်နေသောတရားမ၀င် ငါးဖမ်းနည်းဖြစ်သည့် ဘက်ထရီဖြင့် ငါးဖမ်းခြင်းများကို တားဆီးနိုင်ရန် သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနများ နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်လျက်ရှိ ကြောင်းသိရသည်။
"ထိန်းသိမ်းရေးနယ်မြေအတွင်းမှာ ဧရာဝတီလင်းပိုင် အကောင် ၂၀ ကျော် ရှိပါတယ်။ ဒီမြစ်ကြောင်းအတွင်းမှာ ရှော့ တိုက်ငါးဖမ်း ခြင်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေမယ်ဆိုရင် ဧရာဝတီလင်း ပိုင်တွေအတွက် အန္တရာယ်အများကြီးရှိ ပါတယ်။ ဒီလုပ်ငန်း တွေကို တားဆီးမှုမရှိဘဲ ပိုမိုကြီးထွားလာမယ်ဆိုရင် ဧရာဝတီ လင်းပိုင်တွေရှင်သန်ရေးအတွက် ပိုမို အန္တရာယ်ရှိလာပါတယ်။ ဒါကြောင့်မို့ သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးဌာန တွေက ပူးပေါင်းထိန်းသိမ်းဆောင် ရွက်သွားဖို့ အကူအညီတွေ အများကြီး လိုအပ် နေပါတယ်"ဟု ဦးဟန်ဝင်းက ဆက်လက် ပြောဆိုသည်။
ဘက်ထရီရှော့တိုက်ငါးဖမ်းခြင်းဖြင့် ငါးသယံဇာတပျက်စီးစေခြင်း၊ မျိုးသုန်း ပပျောက်နိုင်ခြင်းများအပြင် ဧရာဝတီ လင်းပိုင်များ ခိုက်အန္တရာယ် ကျရောက် နိုင်ခြင်း၊ ပတ်ဝန်းကျင်ကျေးရွာလူထု အတွက် ငါးရှားပါးမှုဖြစ်ပေါ်စေနိုင်ခြင်း၊ ဘက်ထရီ ရှော့တိုက်ပြီး သောရေပြင် သည် အခြားရေ လုပ်သားများ (ကွန်၊ ပိုက်) ငါးဖမ်းဆီး ခြင်းအတွက် ငါးမရရှိ နိုင်သဖြင့် အခြားရေလုပ်သားများ အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ သတင်းပေး သည့်ရွာသူရွာသား များအားအန္တရာယ် ပေးခြင်း၊ ခြိမ်းခြောက်ခြင်းများဖြစ်ပေါ် လျက်ရှေိသည်။
ရိုးသားသူ ရေလုပ်သားများက သတင်းပေးရာတွင် ဘက်ထရီရှော့တိုက် ငါးဖမ်းလှေများသည် ရေအောက် ကြမ်း ပြင် ထိရောက် အောင် သံနန်းကြိုးများနှင့် ချိတ်ဆက်၍ ယခုရာသီမျိုးငါးဖြစ်လာ မည့် မျိုးငါးကြီးများကိုရရှေိစေရန်ဆောင် ရွက်လျက်ရှိရာ ငါးပိဿာကျော် ငါးမြင်း ကွေးများ၊ သုံးပိဿာကျော် ငါးဂျောင်း၊ ငါးဘတ်များရရှိသည်ကို မျက်မြင်တွေ့ရ ကြောင်းသိရသည်။
"ဘက်ထရီရှော့တိုက် ငါးဖမ်းမှုတွေ ကြောင့် ငါးသယံဇာတပြုန်းတီးမှုကိုဖြစ် ပေါ်စေပြီး မြန်မာနိုင်ငံအတွက် ကမ္ဘာက ဂုဏ်ယူစရာ အလေ့အထတစ်ခုဖြစ်တဲ့ လင်းပိုင်နဲ့ ရေလုပ်သားပူးပေါင်းငါးဖမ်း ခြင်းဓလေ့ကိုလည်း ပျောက်ကွယ်သွား နိုင်ပါတယ်။ "ဧရာဝတီ လင်းပိုင် ထိန်းသိမ်းစောင့် ရှောက်ခြင်းနဲ့ ငါးသယံ ဇာတပျက်စီးဆုံး ရှုံးခြင်းတွေကို ငါးလုပ်ငန်းဦးစီးဌာနနဲ့ သားငှက်ထိန်းသိမ်းရေး အဖွဲ့က ပူးပေါင်း ဆောင်ရွက်ပေးနေပေမယ့် ဒေသခံတွေ၊ သက်ဆိုင်ရာ ဒေသခံတာဝန်ရှိဌာနဆိုင် ရာအဖွဲ့အစည်းတွေကလည်း ပူးပေါင်း ဆောင်ရွက်ပေးဖို့လိုပါတယ်။ အဲဒါမှသာ ထိထိရောက်ရောက်အောင်မြင်မှုရှိပါ ဖြစ် ပါတယ် " ဟု သားငှက်ထိန်းသိမ်းရေး အဖွဲ့မှ ဦးစောထွန်းက ဆိုသည်။
ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတွင်သာ တွေ့မြင်နိုင်သည့် ရှေးနှစ်ပေါင်းများစွာ မှ ယနေ့အချိန်ထိ လက်ဆင့်ကမ်းထိန်း သိမ်း စောင့်ရှောက် လာခဲ့သည့် ဧရာဝတီလင်း ပိုင်နှင့်ကွန်ရေလုပ်သား များ ပူးပေါင်းငါးဖမ်းဆီးသည့်ရိုးရာ ဓလေ့ ထွန်းကားရာ နေရာဖြစ်သည့် အတွက် ၎င်းဓလေ့ကို နိုင်ငံခြားခရီးသွား များက စိတ်ဝင်တစား လာရောက်လေ့ လာ ကြသည်။
တစ်နှစ်ထက်တစ်နှစ် လာရောက် လေ့လာသည့် နိုင်ငံခြားခရီးသွား ပိုမို များ ပြားလာရာမန္တလေးတိုင်းဒေသကြီး အတွင်း၌ နိုင်ငံခြား ၀င်ငွေရရှိနိုင်သော နေရာဖြစ်ခြင်း၊ ရေလုပ်သားများ အတွက်လည်း အခြားဝင်ငွေရရှိစေ သည့် အထောက်အကူပြု လုပ်ငန်းရရှိ စေသည့် နေရာဖြစ်ခြင်းစသည့် အကျိုးကျေးဇူးများ ရှိသည့်နေရာ ဖြစ်သည်။
ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်း ကြောင့် ဧရာဝတီလင်းပိုင်များရှော့စက် ကွင်းမိပြီး ထိတ်လန့်မှုများဖြစ်ပေါ်ကာ ရေလုပ်သား နှင့် ပူးပေါင်းငါးဖမ်းခြင်းကို အနှောင့်အယှက် ဖြစ်စေခြင်းကြောင့် နိုင်ငံခြားခရီးသွားလုပ်ငန်းကိုပါ ထိခိုက် နိုင်ကြောင်း သိရသည်။
တရားမ၀င် ငါးဖမ်းနည်းများတွင် ဒိုင်း နမိုက်ဖြင့်ငါးဖမ်းခြင်း၊ အဆိပ်ချ ငါးဖမ်းခြင်း၊ ဘက်ထရီရှော့တိုက်ငါး ဖမ်းခြင်း၊ အခါအား လျော်စွာ တားမြစ် ထားသည့် ငါးဖမ်း ကိရိယာများဖြင့်ဖမ်း ဆီးခြင်းစသည်တို့ ပါဝင်သည်။ မန္တလေးတိုင်းဒေသကြီး ရေချို ငါးလုပ်ငန်း ဥပေဒေအရ တရားမ၀င် ငါးဖမ်းနည်းများဖြင့် ငါးဖမ်းဆီးပါက ပုဒ်မ ၄၄ အရ ဒဏ်ငွေနှစ်သိန်း၊ ထောင်ဒဏ် သုံး နှစ် သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံး ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့သည် မန္တလေးနှင့် မင်းကွန်းကြား ကျောက်မြောင်းမြို့ရှေိ ဧရာဝတီမြစ် ကြောင်းနှင့် ကျေးရွာများ တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်း ကာ ကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို တစ်လလျှင်နှစ်ကြိမ်ခန့် ဆောင် ရွက်လျက်ရှိသည်။
ထိန်းသိမ်းရေး နယ်မြေတွင် ဧရာဝတီလင်းပိုင် အကောင် ၂၀ ကျော်ရှိသည်။