ဖရဲသီးတစ်လုံး ခူးစားက ကျပ်ငါးသောင်းပေးနေရ

စည်သူလွင်
အတွဲ ၂၉ ၊ အမှတ် ၅၆၅ ( ၂၀ - ၂၆ ၊ ၄ ၊ ၂၀၁၂)

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ နယ်အတွင်းတွင် လယ်ယာမြေများကို လူမျိုးခြားလုပ်ငန်းရှင်များက ငှားရမ်းပြီး ဖရဲစိုက်ပျိုးလာရာ ဖရဲသီးများကို ခူးယူ စားသောက်ပါက တစ်လုံးလျှင်ငွေကျပ် ငါးသောင်း အလျော်တောင်းကြောင်း မတ္တရာမြို့နယ်၊ ကျေးရွာများရှိ တောင်သူ များထံမှသိရသည်။

"အရင်တုန်းကတော့ ဒီစိုက်ခင်းတွေ က ဒေသခံတောင်သူတွေပဲ စိုက်တဲ့ စိုက်ခင်းတွေပါ။ အခုတော့ ပဲဈေးကွက် က ခန့်မှန်းလို့ မရတာနဲ့ တောင်သူတွေက တခြားလုပ်ငန်းရှင်တွေကို မြေယာငှား လာကြတယ်။ လုပ်ငန်းရှင်တွေက ဖရဲသီးစိုက်ကြတယ်။ အဲဒီဖရဲသီး စိုက် ခင်းထဲက ဖရဲသီးကို အခင်းရှင် မသိဘဲ ခူးမယ်ဆိုရင် တစ်လုံးကို ငါးသောင်း အလျော်တောင်းတယ်။၊အဲဒီလိုမျိုးကြောင့် ပြဿနာတွေ ခဏခဏဖြစ်နေရတယ်" ဟု မတ္တရာမြို့နယ် ဆူးလေကုန်းကျေးရွာ မှ အသက် ၃၀ ရှိ ကိုဇော်ဝင်းက မြန်မာတိုင်း(မ်) ကိုပြောသည်။

အခုလို ဖရဲသီးများ ခူးယူစားသောက် ကြသောကြောင့် ဖရဲစိုက်ခင်းရှင်များနှင့် ကျေးရွာများမှ ရွာသူရွာသားများ၊ ဖြတ် သန်းသွားလာ ကြသော ခရီးသွားများနှင့် မကြာခဏ ပြဿနာဖြစ်လေ့ရှိကြောင်း သိရသည်။

"ဟိုတစ်ခါတုန်းကဆိုရင် ပြဿနာ တော်တော်ကြီးဖြစ်လိုက်သေးတယ်။ရွာ တစ်ရွာမှာ အလှူအတွက် ဆိုင်းအဖွဲ့က အသွားမှာ ဆိုင်းအဖွဲ့သားတွေက ဖရဲသီး တွေခူးလို့ဆိုပြီး ဆယ်သိန်းအရော် တောင်းတာ။ "တော်တော်လေးကို အချေအတင် ပြောလိုက်ရတယ်။ အဲဒီလိုမျိုး ပြဿနာတွေက အမှန်ဆိုရင် မဖြစ်သင့် ပါဘူး။ အနည်းနဲ့အများတော့ နားလည် ပေးရမှာပေါ့။ "ဘယ်သူမှ ဖရဲသီးတွေကို အများ ကြီးလည်း မခူးပါဘူး။ ပုံမှန်တောင်သူ တွေသာ စိုက်မယ်ဆိုရင်တော့ အခုလို မျိုး ပြဿနာတွေမဖြစ်ပါဘူး။ အခုဟာ က စီးပွားရေးဆန်ပြီး လူမျိုးခြား တွေဖြစ်နေတာကြောင့်လည်းပါမယ်"ဟု မတ္တရာမြို့နယ် သုံးဆယ်ပေးရွာမှ ကိုအောင်မင်းသိန်းက ပြောသည်။

မတ္တရာမြို့နယ်အတွင်း ဖရဲစိုက်ပျိုး လျက်ရှိသော ကျေးရွာများမှာ နတ်သစ် ပင်ရွာ၊ သုံးဆယ်ပေးနှင့် ရွာသာအေးရွာ များတွင် အဓိကထားစိုက်ပျိုးနေပြီး လာ မည့်နှစ်များတွင် အခြားကျေးရွာများပါ စိုက်ပျိုးမည်ဖြစ်ကြောင်းသိရသည်။

လယ်ယာမြေများကို ငှားရမ်းရာတွင် တစ်ဧက နှစ်သိန်းကျပ်ထိရရှိပြီး နောက် နှစ်များအတွက် စိုက်ပျိုးမည့် ဖရဲစိုက်ခင်း များအတွက် ကိုလည်း ကြိုတင်ငွေချေမှု များလည်းရှိကြောင်း တောင်သူများထံမှ သိရသည်။

ဖရဲသီးသည် နိုင်ငံခြားဈေးကွက်တွင် အ၀ယ်လိုက်ကာ တင်ပို့မှုများလာသော ကြောင့် ပြည် တွင်းစိုက်ပျိုးသူများအပြင် ပြည်ပမှ စိုက်ပျိုးရင်းနှီးလာသူများ လည်း ရှိကြောင်းသိရသည်။