ပန်းကြာဝတ်မှုန်ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ

ကြေးမုံဝင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ပန်းကြာဝတ်မှုန် ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုမှ နိုင်းနိုင်းနှင့် အကယ်ဒမီ သက်မွန်မြင့် တို့ကို တွေ့ရစဉ်။

စာရေးဆရာမ ခင်ခင်ထူး၏ လူကြိုက်များခဲ့သော ပန်းကြာဝတ်မှုန် ၀တ္ထုကို ချင်းတွင်းရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတင်ဆက်ထားသည့် ပန်းကြာ ၀တ်မှုန် ဇာတ်ကားကို ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့ဝင်းလိုက် ရုပ်ရှင်ရုံတွင် အထူးပွဲပြသခဲ့သည်။

အဆိုပါပွဲသို့ စာရေးဆရာမ ဒေါ်ခင်ခင်ထူး၊ ဇာတ်ညွှန်းရေးသူ ဆရာ နေ၀င်းမြင့်နှင့် ဒါရိုက်တာ စင်ရော်မောင်မောင် တို့ တက်ရောက် ခဲ့ကြသည်။

"သင်္ကြန်မိုးတို့၊ ဒဏ္ဍာရီတို့လို မန္တလေး အမှတ်တရ ဇာတ်ကားတစ်ကား အဖြစ် ရိုက်ကူးခဲ့တာပါ။ သရုပ်ဆောင်ပိုင်းကိုလည်း ဇာတ်ကောင်နဲ့ လိုက်မယ့်သူကို အဓိကထား ရွေးချယ်ခဲ့ပါတယ်။ နည်း ပညာပိုင်းမှာ လည်း အကုန်အကျခံပြီး ရိုက်ကူးထားပါတယ်။ အဓိကကတော့ အသံပိုင်းပါ။ မြန်မာရုပ်ရှင်တွေကို အသံ ပိုင်းဆိုင်ရာ အားနည်း တယ်ဆိုပြီး ဝေဖန် တာခံနေရပါတယ်။ ဒီကားကိုတော့ တခြားဇာတ်ကားတွေနဲ့ မတူအောင် အသံပိုင်းနဲ့ နည်းပညာပိုင်းကို အထူး ဂရုစိုက် ရိုက်ကူးထားပါတယ်။ "မန္တလေး၊ မင်းကွန်း၊ ပုဂံစတဲ့ နိုင်ငံ ခြားသား ဧည့်သည်တွေကို ဆွဲဆောင် နိုင်တဲ့နေရာတွေမှာလည်း ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားကို နိုင်ငံတကာမှာ သွားပြဖို့ ရှိပါတယ်။ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်၊ အမေရိကန်စတဲ့ နိုင်ငံ တွေမှာ ပြဖို့ စီစဉ်ထားပါတယ်။ ဒီမှာ ရုံတင်တဲ့အချိန်မှာလည်း အနုပညာ အရရော စီးပွားရေးအရပါ အောင်မြင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ချင်ပါတယ်"ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က အဆိုပါပွဲတွင် ပြောသည်။

ရုပ်ရှင်ဇာတ်ကားတွင် အဓိက သရုပ် ဆောင်အဖြစ် နိုင်းနိုင်းနှင့် အကယ်ဒမီ သက်မွန်မြင့်တို့က ပါဝင် သရုပ်ဆောင် ထားကြပြီး မန္တလေး တက္ကသိုလ် နောက်ခံ ဇာတ်ကားတစ်ကား ဖြစ်သည်။

"ဒီဇာတ်လမ်းကို ရေးဖို့ စိတ်ကူးရခဲ့တာက မန္တလေးတက္ကသိုလ်ရှေ့ကို ဖြတ်သွားတုန်း အဲဒီရှေ့မှာ သံဆူးကြိုးတွေနဲ့ ကာရံထားတာ တွေ့ခဲ့တဲ့အတွက် ကျွန်မ တို့ခေတ်တုန်းက အသက်ဝင်ခဲ့တဲ့ မန္တလေး တက္ကသိုလ်အကြောင်း ရေးပြဖို့ စိတ်ပိုင်းဖြတ်ခဲ့တာပါ။ ၀တ္ထုက ကိုယ့်ရင်ထဲက ခံစားချက်ကို ကိုယ့်စိတ်တိုင်းကျ ဖန်တီးလို့ရပေမယ့် ရုပ်ရှင်ရိုက်တဲ့ နေရာမှာတော့ အကန့်အသတ်ဆိုတာ ရှိပါ တယ်။ ကိုယ်တိုင်ရိုက်ကွင်းကို လိုက် သွားတဲ့အချိန်မှာလည်း ရုပ်ရှင်ရိုက်ရတဲ့ အခက်အခဲတွေကို မြင်ခဲ့သိခဲ့ရပါတယ်။ ဒါကြောင့် ဒီဇာတ်ကား အပေါ် ကျေနပ် လားလို့မေးရင် ကျေနပ်တယ်လို့ပဲ ပြော ချင်ပါတယ်"ဟု ပန်းကြာဝတ်မှုန် ဇာတ်လမ်း၏ မူရင်းဝတ္ထုရေးသားသူ ခင်ခင်ထူး က ဆိုသည်။

အဆိုပါ ဇာတ်ကား၏ ပြသချိန်မှာ နှစ် နာရီနှင့်ရှစ်မိနစ်ခန့်ရှိပြီး ၂၀၁၂ နှစ်ကုန် ပိုင်းမှ ရုံတင်ပြသနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ကုန်ကျစရိတ်ကို ထည့်မတွက်ဘဲ ဒီလိုကြိုးစား အားထုတ်ထားတာကိုတော့ ချီးကျူးရမှာပါ။ အိပ်ခ်ျဒီကင်မရာနဲ့ ရိုက်ပြီး ဖလင်ပေါ် ပြန်လှန်ထားတာ ဖြစ်တဲ့အတွက် အရုပ်ပိုင်းရော အသံပိုင်းပါ အရမ်းကောင်းပါတယ်။ ဒီဇာတ်ကားလို နည်းပညာပိုင်းမှာ အများကြီး ထည့်ထားတဲ့ ဇာတ်ကားမျိုးကို တခါမှမကြည့် ဖူးသေးပါဘူး။ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းမျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့် တက္ကသိုလ်ပရိသတ်ပေါ့။ ကိုယ့်ခေတ်တုန်းကလွမ်းစရာ အမှတ်တရတွေကို ဒီဇာတ်လမ်းထဲမှာ ပြန်ပြီး ခံစားလို့ရနိုင်မှာပါ"ဟု ရီမြင့်ရုပ်ရှင် ထုတ်လုပ်ရေးမှ ဦးဇော်မြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။