ကချင်စစ်ဘေးဒုက္ခသည်များမှာ မိုးကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများအတွက် စိုးရိမ်ရဖွယ်ရှိနေ

ဖြိုးဝေကျော်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲမှာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြရသော စစ်ဘေးဒုက္ခသည်များမှာ ယခု မိုးရာသီတွင် မိုးကြောင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲ အကျိုးဆက်များ အတွက်လည်း စိုးရိမ်ရဖွယ်ရှိနေကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

"အခု ဒုက္ခသည်စခန်းတွေထဲမှာ စစ် ဘေးဒုက္ခသည်တွေအတွက် သီးသန့် ဆောက်လုပ်ပေးထားတဲ့ အဆောက် အအုံရယ်လို့ မရှိပါဘူး။ အသင်းအဖွဲ့တွေ၊ INGO တွေက ပူးပေါင်းလုပ်ဆောင် ပေးနေကြပြီး ဘုန်းကြီးကျောင်းတို့၊ church ကျောင်းတို့ကတော့ ဒုက္ခသည်တွေအတွက် အခြေခံအဆောက်အအုံတွေလို့ ဆိုရမှာပေါ့။ ဒါပေမယ့် တာလပတ်အမိုးနဲ့ နေကြရတဲ့နေရာတွေမှာ အခုလို မိုးရာသီအနေအထားမှာ အဆင်မပြေကြတော့ဘူး။ မိုးကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေများ လာနိုင်ပါတယ်"ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမရန် ဂျော်ဂွန်းက ယခုလ ၁၈ ရက်နေ့တွင် မန္တလေးမြို့ အိုရီယမ်တယ် ဟောက်စ် ခန်းမ၌ ကျင်းပခဲ့သော ကချင်ပြည်နယ်ရှိ ကလေးများ၏ 'ငြိမ်းချမ်းရေးပူဆာသံ' ပန်းချီစာစုလေးများပြပွဲနှင့် ကူညီ ထောက်ပံ့လှူဒါန်းငွေ လက်ခံခြင်း အခမ်းအနားတွင် ပြောသည်။

ပြီးခဲ့သော မေလကုန်အထိ ၎င်းတို့ ရရှိသော စာရင်းများအရ စစ်ပြေးဒုက္ခသည်များမှာ ၈၀,၀၀၀ ကျော်အထိရှိပြီး ကျောင်းနေအရွယ် ကလေးငယ်များမှာ ၃၀ ရာခိုင်နှုန်းပါဝင်ကြောင်း၊ ၅၀ ရာခိုင် နှုန်းခန့်မှာ ကလေးများဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန် ဂျာက ပြောပြီး ကလေးများပညာရေး အတွက် ဆရာအခက်အခဲ၊ စာအုပ်၊ နေရာထိုင်ခင်း အခက်အခဲများ များစွာ ရှိနေကြောင်း သိရသည်။

"ငြိမ်းချမ်းရေးဆိုတာ အစိုးရနဲ့ လက်နက်ကိုင်တွေတင်မကဘဲ ပြည်သူပါဝင် တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မဟုတ်ရင်လည်း မလွယ်ပါဘူး။ ပြည်သူက အရေးကြီးတဲ့ ကဏ္ဍက ပါဝင်နေတယ်ဆိုတာ နှစ်ဖက် စလုံးမြင်လာဖို့ လိုပါတယ်။ ပြီးတော့ ကျွန်တော်မြင်တာက ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တရားမျှတမှုက အရေးကြီး ပါတယ်။ အပစ်အခတ်ရပ်စဲဖို့ သဘော တူလက်မှတ်ရေးထိုးဖို့ပဲ စဉ်းစားနေကြ တာမျိုး မဟုတ်ပါဘူး။ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ အခွင့်အရေးကို စဉ်းစား အကောင်အထည်ဖော်ပေးတဲ့ လုပ်ငန်း စဉ်မျိုးဖြစ် ဖို့လည်းလိုပါတယ်"ဟု ကိုမရန် ဂျော်ဂွန်းက ဖြည့်စွက်ပြောသည်။

ယခုလ ၉ ရက်နေ့၌ စစ်ပွဲစတင်ခဲ့သည့် တစ်နှစ်ပြည့်အဖြစ် ရန်ကုန်တွင် အခမ်းအနား ကျင်းပခဲ့ရာ နိုင်ငံရေးပါတီများ၊ ဆရာတော်များ၊ စာရေး ဆရာများနှင့် အနုပညာရှင်များ စုံလင်စွာပါဝင်တက်ရောက်ခဲ့ကြောင်း ၎င်းက ပြောသည်။