ဆိုင်ကယ်လိုင်စင်လုပ်ရာ၌ စီတန်းနေရာတစ်နေရာအတွက် ကျပ် ၄၀,၀၀၀ ခန့်အထိပေါက်ဈေး ရှိနေကြောင်းသိရ

ဖြိုးဝေကျော်
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

ဆိုင်ကယ်လိုင်စင်လုပ်ရန် စီတန်းစောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်

မန္တလေးမြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များကို မှတ်ပုံတင်ခွင့် ပြုပေးနေရာ မှတ်ပုံ တင်ပြုလုပ်သော ဆိုင်ကယ်စီးရေမှာ အလွန်များပြားလျက်ရှိပြီး အချိန်ကြာမြင့်စွာ စီတန်းစောင့်ဆိုင်းကြရသောကြောင့် နေရာတစ် နေရာအတွက် အမြင့်ဆုံး ကျပ် ၄၀,၀၀၀ ခန့်အထိ ဈေးပေး ၀ယ်ယူ မှုများရှိနေကြောင်း သိရသည်။

"လိုင်စင်လာလုပ်တဲ့ ဆိုင်ကယ်တွေက အရမ်းများတော့ လိုင်စင်လုပ်ပေး မယ့် ကွင်းထဲရောက်ဖို့ ညအိပ်ပြီး စောင့် ကြရတယ်။ ကျွန်တော်ဆို ပထမတစ်ခေါက်က ခြောက်ရက်လောက်ကို စောင့်လိုက်ရတာ။ အဲဒီတော့ တချို့ မစောင့် နိုင်တဲ့သူတွေက နေရာပြန်ဝယ်ကြတယ်။ နေရာပြန်ရောင်းတဲ့သူတွေလည်း ရှိတယ်လေ။ လိုင်စင်လုပ်တဲ့ ကွင်းနဲ့ နီးတဲ့ နေရာတွေဆို အခု ကျပ် ၄၀,၀၀၀ လောက်အထိ ဈေးရ နေကြတယ်"ဟု ဆိုင်ကယ်လိုင်စင်လုပ်ရန် လာရောက် စီတန်း စောင့်ဆိုင်းနေသူ တစ်ဦးက ယခုလ ၁၈ ရက်နေ့တွင် ပြောသည်။

ဆိုင်ကယ်များကို ၂၉ လမ်းရှိ ရဲသိပ္ပံ ကွင်းတွင် လိုင်စင်ပြုလုပ်ပေးနေသည်။

အလှည့်ကျရန် စီတန်းစောင့်ဆိုင်းနေသော ဆိုင်ကယ်များမှာ တစ်နံတစ်လျား ရှည်လျားစွာများပြားနေကာ ကွင်းနှင့် အနီးအဝေး ကိုလိုက်၍ ဆိုင်ကယ်စီတန်း နေရာတစ်နေရာအတွက် အနိမ့်ဆုံး ကျပ် ၁၅,၀၀၀၊ ၂၀,၀၀၀၊ ၃၀,၀၀၀ စသည်ဖြင့် ဈေးခေါ်ကြကြောင်း သိရသည်။

လိုင်စင်မဲ့ဆိုင်ကယ်များ ယာဉ်မှတ် ပုံတင်ပြုလုပ်ရေးစီမံချက်ကို ယခုလဆန်း မှစ၍ လေးလကြာ ပြုလုပ်ပေးသွားမည် ဖြစ်ကာ စတင်ပြုလုပ်ပေးချိန်မှစ၍ တစ်ပတ်အတွင်း မန္တလေးမြို့တွင်း၌ ဆိုင်ကယ်စီးရေ ၁,၇၀၀ ကျော်ကို ပြုလုပ်ပေးခဲ့ကြောင်း မြို့ခံ သတင်းစာတွင် ဖော်ပြထားသည်။

"အခု မိုးတွင်းမရောက်သေးလို့။ မိုး တွင်းဆို ကွင်းထဲမှာ ရွှံ့တွေနဲ့ဆိုတော့ တဘိုင်းဘိုင်းလဲကြတာ။ ပြီးခဲ့တဲ့ နှစ်ရက်သုံးရက်က မိုးလေးတစ်ပြိုက် နှစ်ပြိုက်ကျတာတောင် လဲကြသေးတာ။ ဆိုင်ကယ် အသစ်ဈေးတွေကလည်း တစ်စီးကို ပျမ်းမျှ ကျပ် ၂၀,၀၀၀ နဲ့ ၃၀,၀၀၀ ကြား ဈေးတက်ပါတယ်။ ဒါကလည်း အစမို့ဖြစ်မှာပါ၊ လိုင်စင်ဝင်မယ့်သူ တွေကတော့ များဦးမယ်ထင်တယ်။ လိုင်စင် လုပ်ပေးမယ့် ကွင်းထဲကိုတော့ အားလုံးပြုံပြီး ပေးမ၀င်ဘူး၊ တစ်သုတ်ချင်းပဲ"ဟု စောင့်ဆိုင်းနေသူတစ်ဦးက ဖြည့်စွက် ပြောသည်။

တရားဝင်ဆိုင်ကယ်စီးရေ သိန်းချီရှိ နှင့်ပြီးသောမြို့၌ ယခုအခါ စီးရေထပ်မံ တိုးလာနေရာ ယာဉ်အန္တရာယ်ကို အထူးဂရုပြုနိုင်မှတော် ရုံကျမည်ဟု မြို့ခံများက သုံးသပ်နေကြသည်။