ကမ္ဘာ့ရွှေဈေးကျသော်လည်း ဒေါ်လာဈေးကြောင့် မြန်မာ့ရွှေဈေး ကျသင့်သလောက်မကျဘဲ ခုနစ်သိန်းကျော်၌ ရပ်နေ
အတွဲ ၂၉ ၊ အမှတ် ၅၇၅ (၂၉ ၊၆ - ၅ ၊၇ ၊ ၂၀၁၂)

တပိုင်တနိုင်ရွှေကျင်ရာမှ ရရှိလာသော ရွှေများကို ပြသနေသည်ကို
တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
ဇွန်လကုန်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ အကျဘက်သို့ ဦးတည်နေသော် လည်း မြန်မာ့ရွှေဈေးမှာ ဒေါ်လာဈေးမြင့်တက် နေသောကြောင့် သိသာစွာ ကျဆင်းမသွားကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
"ဇွန်လ ၂၁ ရက်နေ့က ရွှေဈေး တစ် ကျပ်သားကို ကျပ် ၇၂၁,၃၀၀၊ ၇၂၁,၄၀၀ လောက်နေ ဇွန်လ ၂၂ ရက်နေ့ကျတော့ ကျပ် ၇၁၅,၅၀၀၊ ၇၁၅,၆၀၀ လောက်ထိ ကျသွားတယ်။ ကမ္ဘာ့ရွှေဈေးကတော့ ဇွန်လ ၂၁ ရက်နေ့က တစ်ထရွိုင်အောင်စကို ၁,၆၀၅ ဒေါ်လာကနေ ဇွန်လ ၂၂ ရက် နေ့ကျတော့ ၁,၅၆၁ ဒေါ်လာ၊ ၁,၅၆၂ ဒေါ်လာထိကို ကျသွားတာ။ ကမ္ဘာ့ရွှေ ဈေးနဲ့ယှဉ်ရင် မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ခုနစ်သိန်းအောက်ရောက် ရမယ့်ဟာ အခုဒေါ်လာဈေးမြင့်နေတော့ ရွှေဈေးက ခုနစ်သိန်းအထက်မှာပဲ ရှိနေတုန်းပဲ။ ဆိုင်မှာတော့ အရောင်း အ၀ယ်က ပုံမှန်ပါပဲ"ဟု ရွှေလုပ်ငန်းရှင် တစ်ဦး ဦးမောင်က ပြောသည်။
ကမ္ဘာ့ရွှေဈေးမှာ လတ်တလောအနေ အထားအရ အကျဘက်ကို ဦးတည်နေပြီး ဈေးတက်မည့် အလားအလာမရှိ သေးကြောင်း၊ ဒေါ်လာဈေးမြင့်တက်နေသရွေ့ ရွှေဈေးမှာလည်း ဈေးကျရန် ခက်ခဲကြောင်း ၎င်းက ဖြည့်စွက် ပြောသည်။
ကျပ် တစ်သောင်းတန်ထွက်ရှိမှု ကြောင့် မြန်မာ့ရွှေဈေးလှုပ်ခတ်ခဲ့သည် ဆိုသည့် သတင်းများနှင့် ပတ်သက်၍မူ အဆိုပါ ကျပ် တစ်သောင်းတန် စတင် ထွက်ရှိခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က ကမ္ဘာ့ ရွှေဈေးမှာလည်း တစ်ထရွိုင်အောင်စ လျှင် ၁,၆၂၆ ၊ ၁,၆၂၉ ဒေါ်လာများထိ ဈေးတက်ခဲ့သဖြင့် မြန်မာ့ရွှေဈေး မြင့်တက်ရခြင်းဖြစ်ကာ ကျပ်တစ်သောင်း တန်ထွက်ရှိခြင်းနှင့် မသက်ဆိုင်ဘဲ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်ကြောင်း ဦးမောင်က၎င်း၏အမြင်ကိုပြောသည်။
ဈေးကွက်အတွင်းသို့ ရွှေဝင်ရောက်မှုမှာမူ မိုးရာသီဖြစ်သဖြင့် အ၀င်နည်းပါးနေပြီး ၂၀၁၁ ခုနှစ်၊ အကုန်မှစ၍ မြစ်ကြောင်း လုပ်ကွက် များ လုပ်ကိုင်ခွင့်ချ ထားမပေးတော့ခြင်းနှင့် ရွှေအထွက်များသည့် ကချင်ပြည်နယ်လုပ်ကွက်များ ရပ်နားထားခြင်းတို့ကြောင့် ယခင်နှစ်များ ကထက် အ၀င်လျော့နည်းလျက်ရှိ ကြောင်းသိရသည်။
"ဒီနှစ်ကတော့ နွေရာသီလို ရွှေအရမ်း အ၀င်များတဲ့ အချိန်မှာတောင် ပုံမှန်ဝင် သလောက်ပဲ ၀င်တယ်။ မြစ်ကြောင်း လုပ်ကွက်တွေ လုပ်လို့မရတော့တာရော၊ ရမည်းသင်းဘက်ကလည်း အ၀င်နည်း သွားတာကြောင့်ရောပေါ့။ ဒါပေမယ့် အသစ်ထပ်ချပေးတဲ့ မြိတ်တို့၊ ရှမ်းပြည် နယ်တောင်ပိုင်းဘက်က လုပ်ကွက် အသစ်တွေကလည်း ထွက်နေလို့သာ အရမ်းဆိုးမသွားတာ။ ဈေးကွက်ကို ရွှေ အ၀င် အနည်းအများကတော့ ရွှေဈေးကို ဘာမှ သက်ရောက်မှုမရှိပါဘူး"ဟု အောင်သမာဓိရွှေဆိုင်မှ ဦးအောင် ကလည်း ဆိုသည်။
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလတွင်မှ ရွှေ စတင်ထွက်ရှိသော တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့နှင့် ပဲခူးတိုင်းဒေသ ကြီး၊ ညောင်လေးပင် လုပ်ကွက်များမှ ရွှေအ၀င်မှာ ဈေးကွက်သို့ အဓိက ၀င်ရောက်သည့် ခန္တီး၊ ကောလင်းလုပ်ကွက်များနှင့်ယှဉ်ပါက တတိယအ၀င်များ သည့်နေရာများဖြစ်သည်။
ရွှေအရောင်းအ၀ယ်မှာ သီတင်းကျွတ် ကာလတွင် ရောင်းအားအကောင်းဆုံး ဖြစ်ပြီး တန်ခူးလနှင့် တောင်ပြုံးပွဲကာလများတွင်လည်း ရောင်းအားကောင်းကြောင်း၊ ၀ါတွင်းကာလ၊ တရုတ်နှစ်သစ်ကူးနှင့် သင်္ကြန်ပိတ်ရက်အပြီးကာလများတွင် အရောင်းအ၀ယ်အေးလေ့ရှိ ကြောင်းသိရသည်။
