ယခုနှစ် ငါးရှဥ့်တင်ပို့ရောင်းချမှုပုံစံတွင် အပြောင်းအလဲများရှိ

ကြေးမုံဝင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

ယခုနှစ် ငါးရှဥ့်တင်ပို့ရောင်းချမှုပုံစံတွင် အခွန်နှုန်းထား၊ အရောင်းအ၀ယ်ပုံစံ စသဖြင့် အပြောင်းအလဲများ ရှိခဲ့ပြီး အပြောင်းအလဲအချို့ မှာမူ လုပ်ငန်းရှင် များကို အခက်တွေ့စေကြောင်း ငါးရှဥ့် လုပ်ငန်းရှင်များအသင်း၊ မန္တလေးအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ဒီနှစ်က တော်တော် အပြောင်းအလဲ များတဲ့နှစ်လို့ ပြောရမယ်။ မူဝါဒ အပြောင်းအလဲတွေရော၊ လုပ်ပုံကိုင်ပုံ ပြောင်းလဲသွားတာရော အမျိုးမျိုးပဲ။ အရင်တုန်းက ငါးရှဥ့်တင်ပို့ရင် အစိုးရ သတ်မှတ်ထားတာက ၀င်ငွေခွန်နဲ့ ကုန်သွယ်ခွန်နှစ်ခု ပေါင်းပြီး ၁၀ ရာခိုင် နှုန်း ကောက်တယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့က တခြားအခွန်အခတွေ ရော ပေါင်းပြီး ရောင်းရငွေရဲ့ ၂၅ ၊ ၂၆ ရာခိုင်နှုန်းလောက် ဆောင်ခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ နိုင်ငံတော်အစိုးရက အခွန်တွေကို လျှော့ပေးလာတာ ဒီနှစ် မေလ ၁ ရက်နေ့ကစပြီး ငါးရှဥ့်တင်ပို့ တာကို အခွန် ကင်းလွတ်ခွင့် ပေးလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ ဆောင်နေရတုန်းပဲ။

"ကျွန်တော်တို့ကုန်တွေကို တစ်ဆင့်ခံ ရောင်းချ ပေးနေတဲ့ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီကို ၀န်ဆောင်ခ နှစ်ရာခိုင်နှုန်း ပေးရတယ်။ နိုင်ငံခြားငွေ နဲ့ အရောင်းအ၀ယ် လုပ်တာဖြစ်တဲ့ အတွက LC ဖွင့်ဖို့ လိုတယ်။ LC ဖွင့်ပေးတဲ့ ကုမ္ပဏီကို လိုင်စင်ကြေး သုံးရာခိုင်နှုန်း ဆောင်နေရတယ်။ အရင်က ၂၅ ရာခိုင် နှုန်းလောက်ကနေ အခု ငါးရာခိုင်နှုန်းပဲ ဆောင်ရတော့တယ်ဆိုတော့ အများကြီး သက်သာ သွားပေမယ့် ရသင့်တဲ့ အခွင့် အရေးအားလုံးတော့ မရသေးဘူးလို့ ထင်ပါတယ်"ဟု ငါးရှဥ့်လုပ်ငန်းရှင်များ အသင်း၊ မန္တလေးအသင်း ခွဲမှ အတွင်း ရေးမှူး ဦးတိုင်းကျော်က မြန်မာတိုင်း(မ်) ကို ပြောသည်။

ငါးရှဥ့်လုပ်ငန်းရှင်များ အသင်းက လည်း လုပ်ငန်းရှင်များ လိုင်စင်ကြေး သက်သာစေရန် အများပိုင်ကုမ္ပဏီ တစ်ခု တည်ထောင်ပြီး ကိုယ်တိုင် LC ဖွင့်ရန် စီစဉ်နေသော်လည်း နှစ်လ၊ သုံးလခန့် ကြာမြင့်လိမ့်ဦးမည်ဖြစ်ကြောင်း သိရ သည်။ အခြားအပြောင်းအလဲ တစ်ခုမှာ ယခု ဇူလိုင်လဆန်းမှစ၍ ငါးရှဥ့်များကို ကိုး မီလီမီတာဆန်ခါများဖြင့် ဆန်ခါချ လျက် ရှိပြီး ဂရိတ်များခွဲကာ ဈေးပေးဝယ် ယူခြင်း ကမူ အရောင်းအ၀ယ်ပုံစံကို အနည်း ငယ် ထိခိုက်စေကြောင်း သိရသည်။

"အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဇူလိုင် ၁ ရက်နေ့က စပြီး ငါးရှဥ့်ဆန်ခါချတဲ့နေရာမှာ အရင်ခုနစ် မီလီမီတာအကျယ်ရှိတဲ့ ဆန်ခါတွေကို သုံးနေတာကနေ အခု ကိုးမီလီမီတာ ဆန်ခါတွေနဲ့ ပြောင်းပြီး ဆန်ခါချတယ်။ အရင် က ခုနစ်မီလီမီတာဆန်ခါနဲ့စစ်လို့ ကျန်နေခဲ့တာတွေကို သဘာဝအရင်း အမြစ်တွေဆီ ပြန်လွှတ်ပေးတယ်။

အခုကျ အဲလိုမဟုတ်တော့ဘူး။ ကိုးမီလီ မီတာ အကျယ်ဆန်ခါနဲ့ချပြီး ကိုးမီလီ မီတာနဲ့အထက်ကို ဂရိတ်အေဆိုပြီး တစ်ဈေး ပေးတယ်။ ကိုးမီလီမီတာ အောက်ကို ဂရိတ်ဘီဆိုပြီး ဂရိတ်အေရဲ့ တစ်ဝက်ဈေးပဲ ပေးတော့တယ်။

"ဆန်ခါချတဲ့နေရာကိုလည်း အရင်က မန္တလေး နတ်ရေကန်ဂိတ်မှာ လုပ်ပေမယ့် အခုမူဆယ် ၁၀၅ မိုင်မှာ ပြောင်းလုပ် တယ်။ ကျွန်တော်တို့က ဒီဘက်မှာ ၀ယ် တော့ အဲဒီလိုဆန်ခါချ ၀ယ်မရဘူး။ အခုလို ဂရိတ်ခွဲပြီး ဈေးပေးနေတော့ ကျွန်တော်တို့က ဒီဘက်က ငါးရှဥ့်ဖမ်း သမားတွေကိုလည်း ဈေးအများကြီး မပေးနိုင်တော့ဘူး။

အခုလောလော ဆယ် မန္တလေးဘက်က ငါးရှဥ့် အထွက်နည်း နေတယ်။ အထွက်နည်းရတဲ့ အကြောင်းရင်းတွေက မိုးမရွာတာ၊ မိုးကြို စပါးတွေ ရိတ်နေတာကြောင့်အပြင် ဈေးကျလို့ ငါးရှဥ့်လုပ်တဲ့ လူရှားသွားတာ ကြောင့်လည်းပါတယ်။

အရင်က အသေး တွေကို ပြန်လွှတ်ပေးပေမယ့် အခု တစ်ဝက်ဈေးနဲ့ဝယ်နေတော့ နောက်ပိုင်း ပိုပိုရှားလာမယ့် ပြဿနာတွေလည်း ရှိလာနိုင်မယ် ထင်ပါတယ်"ဟု ဦးတိုင်း ကျော်က သုံးသပ်သည်။

၎င်းပြင် ငါးရှဥ့်များကို ပြည်တွင်း၌ လည်း လွတ်လပ်စွာ သယ်ယူခွင့်ပြု လိုက် သည့် နောက်ပိုင်းတွင် မူဆယ် ၁၀၅ မိုင်အပြင် လားရှိုး ကွမ်လုံ မှတစ်ဆင့် တရုတ်ပြည်ဘက်သို့ တင်ပို့မှုများလည်း ရှိလာခဲ့ကြောင်း သိရသည်။

"မနှစ်က ကိုးလပိုင်းကစပြီး လားရှိုး ကွမ်လုံဘက်ကနေလည်း ငါးရှဥ့် ထွက် တယ်။ ဒါပေမယ့် ၁၀၅ မိုင်ကို တစ်ရက် ငါးစီး၊ ခြောက်စီး ထွက်မှ ကွမ်လုံဘက်က တစ်စီး၊ နှစ်စီးရှိတာပါ။

"ခရီး အကွာအဝေးချင်း ယှဉ်ရင် မန္တလေး-ကွမ်လုံက မန္တလေး-မူဆယ် ထက် မိုင် ၂၀၊ ၃၀ လောက်သက်သာ ပေမယ့် လမ်းကတော့ မကောင်းဘူး။

"နောက်ပြီး အပြန်ကုန်မရတဲ့ အတွက် ကားခကလည်း မန္တလေး-မူဆယ်ကားခထက် ကျပ် နှစ်သိန်း လောက်ပိုပေးရတယ်"ဟု မန္တလေး မှ ငါးရှဥ့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခုနှစ် မေလနှင့်ဇွန်လအတွင်းက ငါးရှဥ့်တစ်တန်လျှင် ဒေါ်လာ ၇,၂၆၀ ထိ ဈေးအမြင့်ဆုံးရခဲ့ပြီး ဇူလိုင်လ တတိယ ပတ်တွင် တစ်တန်လျှင် ဒေါ်လာ ၄,၀၀၀ ၀န်းကျင်သာပေါက်ဈေးရှိတော့ကြောင်း နှင့်တစ်ရက်လျှင် တန် ၄၀ ၀န်းကျင် မူဆယ်သို့ ပုံမှန်တင်ပို့ လျက်ရှိနေပြီး ကုန် အများစုမှာ ရန်ကုန်မှ ဖြစ်ကြောင်း သိရ သည်။