မင်းကွန်းသမိုင်းဝင်နေရာများမှ ပန်းချီရောင်းချသူများမှာ ခရီးသွား ဧည့်သည်ဝင်ရောက်မှုများရန် မျှော်လင့်လျက်ရှိ

အောင်ရဲသွင်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

မင်းကွန်းပန်းချီအရောင်းပြခန်းမှ ပန်းချီကားများကို ၀ယ်ယူမည့် သူတစ်ဦးက စိတ်ဝင်တစား လေ့လာကြည့်ရှုနေစဉ်။
ဓာတ်ပုံ - အောင်ရဲသွင်

မင်းကွန်းရှိပုထိုးတော်ကြီးနှင့် မင်းကွန်း ခေါင်းလောင်းကြီး အနီး တစ်ဝိုက်ရှိ ပန်းချီ အရောင်းဆိုင်များက ယခုနှစ်ပွင့်လင်း ရာသီတွင် ခရီးသွားများအ၀င်များရန် မျှော်လင့်နေပြီး နိုင်ငံခြားသားအများစု မှာ လူမှုဘ၀ကို သရုပ်ဖော်ရေးဆွဲထား သော ရေဆေးပန်းချီများကို ပိုမိုစိတ်ဝင် စားကြောင်း ပန်းချီကားရောင်းချသူများက ပြောသည်။

"ဒီနှစ်က ပွင့်လင်းရာသီဆိုတော နိုင်ငံ ခြားသား ဧည့်သည်တွေကို တော်တော် လေးမျှော်လင့်ထားပါတယ်၊ အရင်နှစ်က ဒီအချိန်ဆို နိုင်ငံခြားသား သိပ်မမြင်ရဘူး၊ ပန်းချီကားတစ်ချပ်မှ မရောင်းရတဲ့ ရက် တွေကိုရှိတယ်၊ ရောင်းရတဲ့ရက်တွေဆို ပန်းချီကားလေး၊ ငါးချပ် လောက် တော့ ရောင်းရတယ် မင်းကွန်းမှာလည်း ဒီလုပ်ငန်းနဲ့ အသက်မွေးကြတာများတယ်"ဟု ဆိုင်ရှင်တစ်ဦးဖြစ်သည့် ကိုအောင်စိုးမင်းက ပြောသည်။

ယမန်နှစ် ပွင့်လင်းရာသီထက်နိုင်ငံ ခြားသား ခရီးသွားများ ပိုမို ၀င်ရောက်ရန် မျှော်လင့်ထားပြီး၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလ များမှာ တစ်နှစ်လုံးအတွက် နိုင်ငံခြားသား အများစု အလာများသော လများဖြစ်သည်။

မေလ၊ ဇွန်လနှင့် ဇူလိုင်လများသည် ရောင်းအား အနည်းဆုံးလများဖြစ် ကြောင်း ၎င်းက ပြောသည်။ နိုင်ငံခြားသားအများစုမှာ မြန်မာ နိုင်ငံ၏ ကျေးလက်တောရွာဘ၀ နေထိုင် မှုပုံများနှင့် လူမှုဘ၀ကိုသရုပ်ဖော်ရေးဆွဲ ထားသော ရေဆေးပန်းချီများကို တခြား ဆီဆေး ပန်းချီနှင့် ခဲပန်းချီကားများထက် စိတ်ဝင်စားမှုပိုများကြောင်း ကိုအောင်စိုး မင်းက ပြောသည်။

"သူတို့ စိတ်ဝင်စားတာကတော့ ရေ ဆေးပန်းချီနဲ့ ဆွဲထားတဲ့ ကျေးလက် တော ရွာနေထိုင်မှုပုံတွေဖြစ်တဲ့ တောဈေးတို့၊ ငါးဖမ်းနေကြ တဲ့ သဘာဝ ပုံလေးတွေတို့၊ မြေအိုးတွေရောင်းနေတဲ့ ပုံမျိုးတွေတို့ ကို သဘောကျကြတယ်၊ ဖန်တီးထားတာ တွေကို မကြိုက်ကြဘူး၊ ပြီးတော့ ဆီဆေး တို့၊ ခဲပန်းချီ တို့ကိုလည်း သိပ်စိတ်မ၀င် စားကြဘူး"ဟု ဆိုသည်။

ပန်းချီကားဈေးနှုန်းများမှာ ဆွဲသည့် ပန်းချီဆရာပေါ်တွင် မူတည်၍ ပြောင်း လဲမှုရှိပြီး၊ ရေဆေးပန်းချီ (၁၈x၂၁) လက်မဆိုက်အား အမေရိကန်ဒေါ်လာ ၇၀၊ ခဲပန်းချီကားများမှာပန်းချီ ကား အရွယ်ပေါ်မူတည်၍ ဒေါ်လာ ၁၅၀-၂၀၀ ကြား၊ ဆီဈေးပန်းချီကားအကြီးဆုံး အရွယ်မှာ ဒေါ်လာ ၅၀၀ အထိဈေး ရှိကြောင်း ၎င်းက ပြောသည်။

"ပန်းချီကားဈေးနှုန်းကတော့ တစ် ကားနဲ့တစ်ကားမတူဘူး၊ ပန်းချီဆရာ တွေ အပေါ်လည်းမူတည်တယ်၊ ရေးဆွဲ တယ့် ပန်းချီဆရာက နာမည်ရှိရင်ရှိသလို ပန်းချီကားဈေးနှုန်းကလဲကွာတယ်"ဟု ပြောသည်။

ရောင်းချသည့် ပန်းချီကား ဈေးနှုန်း များအပေါ်တွင် နိုင်ငံခြားသား ဧည့်သည် တချို့ကဈေးဆစ်ခြင်း၊ တချို့ဧည့်သည် များက ဆိုင်မှ ရောင်းချသည့် ဈေးအတိုင်း ပေးဝယ်တတ်ကြကြောင်း နှင့် နိုင်ငံခြား သားတချို့မှာ ပန်းချီကားများအပေါ် တွင် တန်ဖိုးထားမှုကြောင့် ထိုသို့ဈေး လျော့ပေးခြင်းကို ပင်ကြိုက်နှစ်သက်မှု မရှိကြောင်း သိရသည်။

"အမေရိကန်တွေဆို ဈေးမဆစ်ဘူး၊ နိုင်ငံခြားသား တချို့ကျတော့ ဈေးလျော့ ပေးတာကို မကြိုက်ဘူး၊ ဒီပန်းချီကား တစ်ချပ်အပေါ် သူတို့ရဲ့ခံစားချက်ကို ဘာနဲ့မှ တန်ဖိုးမဖြတ်ဘူးဆိုတဲ့ သဘော ပေါ့၊ ဒီလောက်အထိ အနုပညာအပေါ် တန်ဖိုးထားကြတယ်"ဟု ၎င်းက ပြောသည်။

နောက်ပိုင်းတွင် မြန်မာလူမျိုးများ ပန်းချီကားများအပေါ်တွင် စိတ်ဝင်စားမှု များပြားလာပြီး၊ နိုင်ငံခြားသားများထက်ပင် ဈေးပိုရကြောင်း ၊ ရောင်းချသည့် ဒေါ်လာဈေးနှုန်းကို မြန်မာငွေဖြင့်တွက် ကာရောင်းချကြောင်း အခြားပန်းချီရောင်း ချသည့် ဆိုင်ရှင်တစ်ဦးက ပြော သည်။

"မြန်မာတွေလဲ ပန်းချီကားတွေကို တော်တော် ၀ယ်လာကြတယ်၊ ဒီနှစ်ထဲ မှာကို ပန်းချီကား၂၀ ကျော်လောက်ကို လာဝယ်တဲ့သူတွေ ရှိတယ်၊ ပြီးတော့ ဈေးလည်းပိုရတယ်၊ ဒါပေမယ့် မြန်မာက ပုံမှန်ဝယ်တဲ့သူတော့ မရှိပါဘူး၊ ၀ါသနာ အရ၀ယ်တဲ့ သူတွေရှိသလို၊ ပိုက်ဆံရှိတဲ့ သူတွေက အိမ်မှာချိတ်ဖို့ဝယ်တဲ့ သူတွေ လည်းရှိတယ်၊ တချို့ပြန်ရောင်းတာ လည်းရှိတယ်"ဟု ၎င်းက ပြောသည်။

ရောင်းချသည့် ပန်းချီကားများကို မူလရေးဆွဲသည့် ပန်းချီဆရာများထံမှ တစ်ဆင့်ပြန်လည် ၀ယ်ယူရခြင်းဖြစ်ပြီး မြန်မာကျပ်ငွေဖြင့် သာ ပြန်လည် ၀ယ်ယူပြီး၊ ပန်းချီဆရာများမှာ မင်းကွန်းနှင့် မန္တလေးမြို့တို့မှ ပန်းချီဆရာများဖြစ် ကြောင်း သိရသည်။

"ပန်းချီဆရာတွေဆီက တစ်ဆင့် ပြန်ဝယ်တော့ မြန်မာငွေကျပ်တစ် သောင်းခွဲ၊ နှစ်သောင်း လောက်တော့ ပေးဝယ်ရတယ်၊ ပန်းချီ ဆရာတွေက မန္တလေးကလည်းပါတယ်၊ မင်းကွန်းမှာ ဆို ပန်းချီဆရာလေးယောက်လောက် ရှိတယ်"ဟု ထိုဆိုင်ရှင်က ပြောသည်။

နောက်ပိုင်းတွင်ပန်းချီဆရာများအား နိုင်ငံခြားသားများ ကြိုက်နှစ်သက်သည့် ပုံများကို အများဆုံးရေးဆွဲခိုင်းပြီး၊နိုင်ငံ ခြားသားများ ကလည်း ၎င်းတို့လိုချင် သည့် ပုံများကို ပန်းချီဆရာများထံ အပ်နှံ ခြင်းမျိုးလည်းရှိကြောင်းပြောသည်။

"နိုင်ငံခြားသားတွေ အကြိုက် ဖြစ်တဲ့ အင်းလေးပုံတို့၊ မန္တလေးမြို့က ရွှေ ကျောင်းကြီးတို့၊ မန္တလေးကျုံးပုံတွေ၊ မန္တလေးတောင်ပုံတွေ ကို ပန်းချီဆရာ တွေကို ရေးခိုင်း ပြီးဆိုင်မှာအများဆုံး တင်ဖြစ်ပါတယ် နိုင်ငံခြားသားတွေက လည်း ပန်းချီဆရာနဲ့ ကြုံရင်သူတို့ရဲ့ ပုံကြမ်းလေးတွေကို အပ်ကြတယ်ဟု" ၎င်းက ပြောသည်။

မင်းကွန်းရှိ တခြားလက်မှုပညာရပ် များဖြစ်သော ပန်းပု၊ ရွှေချည်ထိုးများကို နိုင်ငံခြားသား ဧည့်သည်များက ကြိုက် နှစ်သက်မှုရှိကြ သော်လည်း ပန်းချီ အနုပညာအပေါ်တွင်မူ စိတ်ဝင်စားမှုပိုများကြောင်း သိရသည်။

"သူတို့တွေက မြန်မာလက်မှုပညာ ရပ်တွေကို တော်တော်လေးစိတ်ဝင် စားကြတယ်၊ ဒါပေမယ့် ပန်းချီကိုတော့ ပိုအလေးထားကြ တယ်"ဟု ဆိုသည်။

ပုထိုးတော်ကြီးအနီးရှိ တခြားပန်းချီ ဆိုင်ရှင်တစ်ဦးက ယခုနှစ်တွင်နိုင်ငံခြား သားဧည့်သည့်များကို ပိုမိုမျှော်လင့် ထားပြီး၊ ငွေအရင်းအနှီးပိုသုံးကာ ပန်းချီကားချပ်များ ၀ယ်ယူစုဆောင်း ထားကြောင်း၊ ယမန်နှစ်များကထိုကဲ့သို့ ပြင်ဆင်မှု မရှိခဲ့ကြောင်း၊ ပန်းချီးကား ဈေးနှုန်းများမှာ တစ်ချပ်ကို အမေရိကန် ဒေါ်လာ ၅၀ ခန့် ရောင်းချကြောင်း ပြောသည်။

"မြန်မာတွေ လာဝယ်ရင်တစ်ထောင် ဈေးနဲ့ပဲ ရောင်းချတော့ ဒေါ်လာဈေး ကျရင် ပိုကိုက်တယ်၊ တစ်ခါတစ်လေ မြန်မာအချင်းချင်း ရောင်းချတာက ပိုဈေးရတယ်"ဟု ပြောသည်။

မင်းကွန်းသို့ နိုင်ငံခြားသားဧည့်သည် များဖြစ်သော စပိန်၊ ပြင်သစ်၊ အီတလီ၊ ထိုင်းနှင့်ကိုရီးယားလူမျိုးများ အများဆုံး လာရောက် လည်ပတ်ကြသည်။