စမာရေလွှဲဆည်နှင့် သဲထုတ်ရေတံခါး ဖျက်သိမ်းပေးပါရန် မြစ်သားမြို့ဒေသခံများက လိုလားလျက်ရှိကြောင်းသိရ

စည်သူလွင်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

ယခုလ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော သဲထုတ်ရေတံခါးကို တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ အနီး ပန်းလောင်မြစ်ပေါ်တွင် တည် ဆောက်ထားသော စမာရေလွှဲဆည်နှင့် ပန်းလောင်တံတားအနီး ရှိ သဲထုတ်ရေး တံခါးတို့ကို ဖျက်သိမ်းပေးပါရန် မြစ်သားဒသခံများက လိုလားလျက်ရှိကြောင်း သိရှိရသည်။

ဒေသခံများ ဆန္ဒဖော်ထုတ် တောင်း ဆိုကြခြင်းအကြောင်းမှာ စမာ ရေလွှဲ ဆည်တည်ဆောက်ပြီးသည့်နှစ်မှစ၍ှ မြစ်သားမြို့သည် ရေကြီး သည့် ဘေး အန္တရာယ်နှင့် နှစ်စဉ်နီးပါး ကြုံတွေ့ နေရခြင်းကြောင့် ဖြစ်ကြောင်း၊ သဲထုတ်ရေတံခါး တည်ဆောက်မှု စီမံကိန်းကို ဖျက်သိမ်း ပေးပါ ရန်တောင်းဆိုရခြင်းမှာ ပန်းလောင်မြစ်ကို သဘာဝအတိုင်း စီးဆင်း စေလို၍ဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

"၁၉၉၇ ခုနှစ်မှာ စမာရေလွှဲဆည် ဆောက်တယ်။အဲဒီနောက်ပိုင်း နှစ်စဉ် မြစ်သားမြို့ကရေကြီးတယ်။၂၀၀၆ ခုနှစ်မှာ သုံးခါတိတိ ရေကြီးတယ်။

ဒေသခံတွေအတွက် အခက်အခဲတွေ ဖြစ်ခဲ့ရတယ်။ ကျန်းမာရေးလည်း စိုးရိမ်လာရတယ်။ ရေ၀ပ်ဧရိယာတွေ များလာတော့ စိုက်ပျိုးမြေတွေက စိုက်ပျိုး ရေးသုံး ဓာတုဆေးတွေကြောင့် မြေ အောက် ရေတွေလည်း ပျက်စီးကုန် တယ်။ ရေ၀ပ်ဧရိယာများလာတာ ကြောင့် ခြင်ပေါက်ပွားမှုများလာတယ်။

"ဒေသခံတွေရဲ့ ကျန်းမာရေးမှာ သွေးလွန်တုပ်ကွေးတွေ အဖြစ်များလို့ ကျောက်ဆည်ဆေးရုံထိသွားပြီး ကုသခဲ့ ရတဲ့ စာရင်းတွေ လည်းရှိပါတယ်။ အခု စမာဆည်ဆောက်လို့ ရေကြီးတာကို ကာကွယ်ဖို့ဆိုပြီး သဲထုတ်တံခါး ဆောက် ကြတယ်။အဲဒါတွေကို ရပ်တန့်ဖို့ အခုလို ဆန္ဒဖော်ထုတ် တောင်းဆိုကြတာပါ"ဟု ဦးဆောင်သူဖြစ်သော မြစ်သားမြို့ ဒေသခံ ဦးရဲညွန့်က ပြောသည်။

စမာရေလွှဲဆည် တည်ဆောက်ရခြင်း မှာ မြစ်သားမြို့နှင့် ကျောက်ဆည်မြို့ရှိ စိုက်ပျိုးဧကများဖြစ်သော စုစုပေါင်း စိုက်ဧက တစ်သောင်းကို စိုက်ပျိုးရေ ပေး ဝေနိုင်ရန်ဖြစ်ကြောင်း၊ ယခုလက်ရှိ စိုက်ပျိုးရေ ပေးဝေနိုင်သော စိုက်ဧကမှာ ခြောက်ထောင်ကျော်ထိ ရှိပြီဖြစ်ကြောင်း နေပြည်တော် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဝင်းက ပြောသည်။

"စမာရေလွှဲဆည်ဆောက်တာ မြစ် သားမြို့အပါအ၀င် ကျောက်ဆည်မှာရှိ တဲ့ စိုက်ပျိုးဧကတွေအတွက် ရေပေးနိုင် အောင်ဆိုပြီး ဆောက်ခဲ့ကြတာပါ။ အခု သတ်မှတ်စိုက်ဧကတော့ အပြည့် မပေးနိုင်သေးပါဘူး။ ဆည်ဆောက် ပြီးတဲ့ အချိန် ၂၀၀၆ ခုနှစ်မှာ မြစ်သားမြို့ ရေကြီးတာ ဌာနဆိုင်ရာ ရုံးတွေမှာ စာရွက်စာတမ်းတွေလည်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲလိုဖြစ်ရတာ သဲထုတ် ရေတံခါး မပါလို့ဖြစ်ရတာပါ။ အခုရေ ကြီးတဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် သဲထုတ်ရေတံခါးကို တည်ဆောက်ရ ခြင်းဖြစ် ပါတယ်"ဟု ဦစိုးညွန့်က ဆက် လက် ပြောသည်။

သဲထုတ်ရေတံခါး တည်ဆောက်ပြီးစီး သွားပါက နောင်နှစ်များတွင် မြစ်သားမြို့ ရေကြီးသည့် ဘေးအန္တရာယ်မှ ကင်းလွတ်သွား မည်ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ရခြင်း ဖြစ်ကြောင်၊ ဒေသခံများအတွက် အကျိုး မရှိပါက အဆိုပါ သဲထုတ်ရေတံခါးအား ဖျက်သိမ်းပေးသွားမည်ဖြစ်ကြောင်း ဦးစိုးညွန့်က ပြောသည်။

မြစ်သားမြို့ နှစ်စဉ်ရေကြီးမှုများ ကြောင့် မြေအောက်ရေ ပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ ၀န်ကြီး ဌာနက မြေအောက် ရေစစ်ဆေးမှုနှင့် ဒေသခံများ၏ မြေအောက်ရေ စစ်ဆေးမှု ကွဲလွဲမှုများလည်းရှိနေကြောင်း ဒေသခံများက ဆိုသည်။

ယခင်က စိုက်ပျိုးဧက သုံးထောင် ကျော်ကို ရေပေးဝေနိုင်ခဲ့သော်လည်း စမာရေလွှဲဆည် တည်ဆောက်ပြီးသည့် အချိန်မှ စပြီး စိုက်ပျိုးဧက ခြောက်ထောင် ကျော်ကို ရေပေးဝေနိုင်ခဲ့ကြောင်း၊ အလှည့်ကျ ရေပေးဝေမှုများလည်း ပျောက်သွားကြောင်း ကျောက်ဆည် ဆည်မြောင်းဝန်ကြီးဌာနမှ ကိုကျော် နိုင်ဦးက ပြောသည်။

"ရေလွှဲဆည်ကရေကို မူလစမာရေ မြောင်းထဲ ရေလွှဲဖို့ဆိုပြီး လေးမိုင်ရှည်တဲ့ ရေကူတူးမြောင်း အသစ်တူးပြီး ရေလွှဲဖို့ ဆိုပြီးလုပ်တယ်။ စမာမြောင်းက ရေလွှဲ ဆည်ထက်မြင့်နေလို့ မျက်နှာပြင် အနေ အထားကြောင့် ရေလွှဲလို့မရဖြစ် နေတာ ကိုလည်း ဒေသခံတွေနဲ့ တာဝန်ရှိတဲ့သူ တွေလည်းသိပါတယ်။

အဲဒါကြောင့် စိုက်ပျိုးမြေအတွက် မူလစမာမြောင်းက ရေကိုပဲ အားကိုးပြီးစိုက်နေရတယ်။ စမာရေလွှဲဆည်က ဒေသခံတွေအတွက် အကျိုးမရှိသလောက်ပါပဲ"ဟု မြစ်သားမှ တောင်သူဦးသိန်းနိုင်က ပြောသည်။ တစ်နိုင်ငံလုံးတွင် သက်ဆိုင်ရာ ဒေသ အလိုက် အကျိုးမပြုသော ဆည် ၆၇ ခုစာရင်းတွင် မြစ်သားမြို့မှ စမာ ရေလွှဲ ဆည်လည်း ပါဝင်နေကြောင်း သက် ဆိုင်ရာ ဌာနလူကြီးများ လည်း လက်သင့်ခံကြကြောင်းသိရသည်။

"နိုင်ငံတော်ကလည်း သတ်မှတ်ထား တယ်။ စမာဆည်က ဒေသခံတွေ အတွက် အမှန်တကယ် အသုံးမ၀င်ပါဘူး။ အသုံးမ၀င်တာကို လည်း ဆည် မြောင်းက တာဝန်ရှိတဲ့သူတွေကလည်း ၀န်ခံတယ်။

"ဆည်ကြောင့် ရေကြီးတာကို ကာကွယ်ဖို့ အခု သဲထုတ်တံခါးဆို ပြီးလုပ် တယ်။ အဲဒါကိုလည်း လက်မခံပါဘူး။ ဆည်ရော၊ သဲထုတ် တံခါးရော ဒေသခံ တွေအတွက် ဘာမှမသုံးမ၀င်ဘဲနဲ့ နိုင်ငံ တော်ပိုက်ဆံကို အကျိုးမရှိဘဲ သုံးနေတယ်လို့ ယူဆပါတယ်"ဟု မြစ်သားမြို့မှ ဒေသခံတစ်ဦးဖြစ်သော ဦးသန့်ဝေဖြိုး က မြန်မာတိုင်း(မ်) ကိုပြောသည်။

အဆိုပါ သဲထုတ်ရေတံခါးကို ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် စတင်တည် ဆောက်ခဲ့ပြီး စတင်တည်ဆောက်သည့် အချိန်တွင် ဒေသခံများက ကန့်ကွက်မှု များရှိခဲ့သောလည်း ပြည်ထောင်စု လွှတ်တော်၏ ပြန်လည်စီစစ်မှုကို စောင့်ဆိုင်းခံယူမှုမရှိဘဲ ဆက်လက်တည် ဆောက်ခဲ့ရာ ကျပ်သိန်းခုနစ်ထောင်ခန့် ကုန်ကျခဲ့သည်။ အဆိုပါ သဲထုတ်တံခါး တည်ဆောက်မှုကို ကန့်ကွက် ဆန္ဒ ဖော် ထုတ်မည့်နေ့ မတိုင်ခင် နှစ်ရက်ခန့်က ကြိုတင်ဖွင့်လှစ်ခဲ့သည်။