ထီးချိုင့်မြို့နယ် လယ်သမားများ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ပြုရန်လျှောက်ထား

စည်သူလွင်
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

မောင်းကုန်းကျေးရွာရှိ နီကယ်စက်ရုံကို တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်

ကသာခရိုင် ထီးချိုင့်မြို့နယ် ရဲတပ် ဖွဲ့မှူး ရုံးသို့ ယခုလ ၁၈ ရက်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့် လည်ခွင့်ပြုရန် မောင်းကုန်းကျေးရွာ အုပ်စုမှ တင်ပြ လျှောက်ထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

လျှောက်ထားချက်တွင် ရည်ရွယ်ချက် ခြောက်ချက်ပါဝင်ပြီး မောင်းကုန်း ကျေး ရွာအုပ်စုများဖြစ်ကြသော အုတ်စုံ၊ ဖုန်းကြီး၊ ဆပ်ဆား၊ ဘူးကြီး
ကုန်း၊ ကံသာယာနှင့် မောင်းကုန်းကျေးရွာ အပြင် သပြေလှ၊ တောရာနှင့် မြတောင် ဒေသရှိ လယ်မြေသိမ်းယူခံခဲ့ရသော ဒေသခံများကိုယ်စား ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးက တင်ပြထား ကြောင်းသိရသည်။

"အဓိကအချက်တွေကတော့ မောင်း ကုန်းကျေးရွာမှာ စက်ရုံအလုပ်ရုံ
တွေ တည်ဆောက်ဖို့အတွက် သိမ်းထားတဲ့ စိုက်ပျိုးမြေတွေကို ပြန်ပေးဖို့၊ ပြန်ပေး လို့မရတဲ့ မြေနေရာတွေကို ထိုက်တန်တဲ့ နစ်နာကြေးပေးဖို့၊ စက်ရုံတွေကထွက်တဲ့ အနံ့အသက် တွေနဲ့ ရေဆိုးတွေကြောင့် သဘာဝပတ်ဝန်းကျင်ထိ ခိုက်နေတာတွေ ကိုရပ်တန့်အောင် ဆောင်ရွက်ပေးဖို့၊ ပြည်ခိုင်ဖြိုးပါတီက ဥပဒေမဲ့ သိမ်းထား တဲ့ မြေနေရာ
ကို မူလပိုင်ရှင်ထံ ပြန်ပေးဖို့နဲ့ ဧရာဝတီမြစ် ကန်ဘောင်လမ်းကို အရင် အတိုင်း လွတ်လပ်စွာနဲ့ သွားလာခွင့်ပြုဖို့ အဲဒီအချက်တွေကို သက်ဆိုင်ရာ ရဲတပ် ဖွဲ့မှူးရုံးကို တင်ပြထားပါတယ်"ဟု ဥပဒေ ရေးရာအကြံပေး (တစ်သီးပုဂ္ဂလ) ဦးစိန် လှက မြန်မာတိုင်း(မ်)ကို ပြောသည်။

တင်ပြလျှောက်ထားချက်တွင် ဟော ပြောမည့် အကြောင်းအရာမှာ သမ္မတ ကြီးဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့၏ လမ်းညွှန်ချက် များ၊ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲမွဲ တွေမှုတိုက်ဖျက်ရေး၊ နိုင်ငံ၏ အခြေခံ လူဦးရေ ၈၀ ရာခိုင်နှုန်းရှိ တောင်သူ လယ်သမားများ ဘ၀တိုးတက်ခိုင်မာလုံ ခြုံမှုဖြင့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး၊ အနာဂတ် မြန်မာ့လူ ဘောင် ကမ္ဘာ့အဆင့်မီရေးတို့ဖြစ် ကြောင်းသိရသည်။

"ဆန္ဒတောင်းဆိုမှာကတော့ ဒီလ ၂၈ ရက်နဲ့ ၂၉ ရက်ပါ။ နံနက် ၈ နာရီ ကစပြီး ညနေ ၄ နာရီခွဲမှာ ပြီးမယ်။ ကျေးရွာ ၁၀ ရွာက လယ်မြေ အသိမ်းခံရတဲ့ ဒေသခံ တောင်သူ ၃၀၀ နီးပါး ပါမယ်"ဟု ဦးစိန် လှက ဆက်လက် ပြောသည်။

အဆိုပါ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် လျှောက်ထားခြင်းအတွက် ထီးချိုင့်မြို့ နယ်ရဲတပ်ဖွဲမှုးရုံးသို့ ဆက်သွယ်မေးမြန်း ရာ"တောင်သူတွေက နီကယ်စက်ရုံ၊ ဂရိတ်ဝေါစက်ရုံ၊ ထူးကုမ္ပဏီနဲ့ တခြား ကုမ္ပဏီတွေက သိမ်းထားတဲ့ မြေနေရာ တွေအတွက် လျော်ကြေးလိုချင်တဲ့ အတွက် စာတင်ထားတာပါ။

အဲဒီ စက်ရုံ တွေအတွက် သိမ်းထားတဲ့ အချိန့် လည်း စာရွက်စာတမ်းတွေနဲ့ လျော်ကြေး တွေ ပေးထားပြီးသားပါ။ အခုမှ လက်ရှိ တန်ကြေးအနေနဲ့ ထပ်ပြီး လိုချင်ကြတာ ပါ။

လျှောက်ထားချက်ကိုတော့ အဆင့် ဆင့်တင်ပြထားပါတယ်"ဟု ထီးချိုင့် မြို့နယ်ရဲမှူးကြီး ဦးမြင့်ဆွေ က ယခုလ ၂၀ ရက်နေ့က မြန်မာတိုင်း(မ်)ကို ပြော သည်။

စီတန်းလှည့်လည်ခြင်းအတွက် ကုမ္ပဏီ အချို့က သိမ်းယူထားသော လယ်ယာ မြေများအတွက် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက်
ဖြင့် နစ်နာကြေးများ ပြန် လည်ပေးအပ်ရန် ဆန္ဒပြုခဲ့ကြောင်း၊ စည်းကမ်းနှင့်အညီ စီတန်းလှည့်လည် မည်ဆိုပါက လုံခြုံရေးပိုင်း
အတွက်ကို လည်း စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မောင်းကုန်း ကျေးရွာ အုပ်စု ၏ အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်က မြန်မာ တိုင်း(မ်)ကို ပြောသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီ တန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေ အရ စီတန်းလှည့်လည်မည့် နေ့ရက် မတိုင်မီ အနည်းဆုံး ငါးရက်ကြိုတင်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လျှောက်ထားရမည်ဖြစ်သည်။

သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး (သို့မဟုတ်) ပြည်သူတို့၏ ကိုယ်ကျင့် တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့် ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုရ ဟူ သော အချက်လည်းပါဝင်သည်။

.