မြန်မာ့ပထမဆုံးဖုန်းစင်တာ ဩဂုတ် ၁၂ ရက် ဖွင့်မည်

ကြေးမုံဝင်း
အတွဲ ၂၉ ၊ အမှတ် ၅၇၉ (၂၇ ၊ ၇ - ၂ ၊ ၈ ၊ ၂၀၁၂)

မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် ၀န်ဆောင်မှု မျိုးစုံပေးမည့် အရောင်းဆိုင်ခန်းများကို တစ်နေရာတည်းတွင် စုစည်းထားသည့် မိုဘိုင်းဖုန်းစင်တာကို လာမည့်ဩဂုတ်လ ၁၂ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းဖုန်းစင်တာကို ၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြား ရှိ ဂရိတ်ဝေါလ်ရှော့ပင်းစင်တာ၊ စတုတ္ထထပ် တွင် ဖွင့်လှစ်မည် ဖြစ်ကာ ဆိုင်ခန်းပေါင်း ၄၅ ခန်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီလို ဖုန်းဆိုင်တွေကို တစုတစည်းတည်း ဖွင့်ဖို့ စီစဉ်နေတာတော့ ကြာပါပြီ။ စလုပ်ဖြစ် တာကတော့ ဒီနှစ် မေလပိုင်းလောက်မှပါ။ ဒီမိုဘိုင်းဖုန်း စင်တာကို Up-To-Date Mobile Phone Centre လို့ နာမည်ပေးထား ပါတယ်။

ကျွန်တော်တို့ စင်တာမှာ မိုဘိုင်းဖုန်း တွေကို လက်လီ၊ လက်ကားအပြင် ဖုန်းနဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေနဲ့ ၀န်ဆောင် မှုပိုင်းတွေပါ ရရှိနိုင်အောင် လုပ်ထားပါ တယ်။

အခုချိန်ထိ ဆိုင်ခန်းပေါင်း ၄၅ ခန်း ထဲကနေ ၈၅ ရာခိုင်နှုန်းလောက်ထိ ရောင်းချ ပြီးပါပြီ"ဟု Up-To-Date Mobile Phone Centre ကို တာဝန်ယူ ဖွင့်လှစ်သည့် MTG အထွေထွေမန်နေဂျာ ကိုစည်သူဗိုလ်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ကျန်ရှိသည့် ဆိုင်ခန်း ၁၅ ရာခိုင်နှုန်းကို ဖွင့်ပွဲ ပရိုမိုးရှင်းသဘောဖြင့် တစ်လ သို့မဟုတ် သုံးလ ကာလတိုငှားရမ်းနိုင်ရန် စီစဉ်ပေးထား
သည့်အပြင် ယင်းကာလ အတွင်း ဖွင့်လှစ်၍ အဆင်မပြေပါက ငှားရမ်းခများကို ပြန်အမ်းပေးမည်ဖြစ် ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ "လုပ်ငန်းရှင်တွေကလည်း စိတ်ဝင်စား ကြပါတယ်။

ဆိုင်ခန်းငှားထားတဲ့လူတွေက တော့ အခုမှ ဆိုင်စဖွင့်မယ့်လူ တွေများတယ်။ ဒီလိုတစုတစည်း တည်းဖွင့်ဖို့ စဉ်းစားတာက အဓိက နယ် Customer အတွက်ပါ။ မြို့ပေါ်ကလူ တွေလည်း ရာသီဥတုပူတဲ့ အချိန်မျိုးမှာဆို နေရိပ်ထဲမှာပဲ တစ်ဆိုင် ၀င် တစ်ဆိုင်ထွက် ၀ယ်နိုင်တာပေါ့။

တစ်ဆိုင်နဲ့တစ်ဆိုင် အပြိုင်အဆိုင် ရောင်းရမှာဆိုတော့ ဈေးနှုန်းလည်း ထိန်းပြီးသား ဖြစ်သွား တာပေါ့။ ခေတ်ကလည်း ဖုန်းခေတ် ဖြစ် နေတယ်။ လူတစ်ယောက် ဖုန်းတစ်လုံး ကိုင်နိုင်တဲ့အနေအထားဆိုတော့ ဒီလို ဖွင့်တာ အောင်မြင်မယ်လို့ ထင်ပါ တယ်" ဟု ကိုစည်သူဗိုလ်က ဆိုသည်။

၁၇,၄၇၂ စတုရန်းပေ ကျယ်ဝန်းသည့် ဂရိတ်ဝေါလ်ရှော့ပင်းစင်တာ စတုတ္ထ ထပ်တွင် ဆိုင်ခန်းများကို ၁၂ ပေပတ် လည်နှင့် ၁၂ ပေ x ၁၆ ပေ စသဖြင့် နှစ်မျိုး ခွဲခြားထားပြီး စုစုပေါင်း ၁၄ ခန်းသာ ရှိသည့် ၁၂ ပေပတ်လည်ဆိုင် ခန်းများမှာ ငှားရမ်းခ ကျပ်နှစ်သိန်း ဖြစ်ကာ ၁၂ ပေ x ၁၆ ပေအကျယ်ရှိ ဆိုင်ခန်းများမှာ ငှားရမ်းခ ကျပ် ၂၅၀,၀၀၀ ထိရှိကြောင်း သိရသည်။

ဆိုင်ခန်းများကြား လစ်လပ် နေရာများတွင်လည်း ကောင်တာများဖွင့် လှစ်ရောင်းချနိုင်ရန် စီစဉ်ပေးသွားမည် ဖြစ်ပြီး ကောင်တာ
အတွက်ကိုမူ ဈေး မသတ်မှတ်ရသေးကြောင်း သိရသည်။

"ကျွန်တော့အနေနဲ့ကတော့ မန္တလေး ကလူတွေရဲ့ အလေ့အထနဲ့ မိုဘိုင်းဖုန်း စင်တာဖွင့်ထားတဲ့နေရာနဲ့က သဟဇာတ ဖြစ်ပါ့မလား
လို့တော့ စိုးရိမ်မိတယ်။

မန္တလေးကလူတွေက ဈေးဝယ်ရင် လွယ် လွယ်ကူကူမြန်မြန်ဆန်ဆန် ၀ယ်ချင်ကြ တာဆိုတော့ ဈေးချိုလို၊ ဆဲဗင်းတီအိတ် ရှော့ပင်း
စင်တာလိုဟာမျိုးမှာတောင် အပေါ်ထပ်ဆိုင်ခန်းတွေက အရောင်း ပါးကြတာမျိုးလေ။

ဆိုင်ကယ်ကို ဆိုင်ရှေ့ ထိုးရပ်ပြီး ဆိုင်ထဲတန်းဝင်ရတာမျိုးကို ကြိုက်ကြတာဆိုတော့ အခုလို စတုတ္ထ ထပ်လို နေရာမျိုးမှာ ဖွင့်တာက အဆင် ပြေနိုင်မပြေနိုင်က စောင့်ကြည့်ဖို့ လိုလိမ့် မယ်လို့ ထင်တယ်။

ဆိုင်ခန်းငှား ရမ်းခနှုန်း ထားကတော့ မဆိုးပါဘူး"ဟု မိုဘိုင်းဖုန်း နှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင် တစ်ဦးက ၎င်းအမြင်ကို ပြော
သည်။

အဆိုပါ မိုဘိုင်းဖုန်းစင်တာတွင် မိုဘိုင်း ဖုန်းဆိုင်များကိုသာ အဓိက ဖွင့်လှစ် ခွင့်ပြု မည်ဖြစ်ပြီး ကွန်ပျူတာနဲ့အခြားဒစ်ဂျစ်တယ်
ပစ္စည်းဆိုင်များ ဖွင့်လှစ်လိုပါက လည်း မိုဘိုင်းဖုန်းများကိုပါ တွဲဖက် ရောင်းချရန် သတ်မှတ်ထားကြောင်း သိရသည်။

.