ရာသီဥတုဖောက်ပြန်မှုကြောင့် အုတ်ဈေးနှုန်းများကျဆင်း အခြားအိမ်ဆောက်ပစ္စည်းများ ဈေးတည်ငြိမ်လျက်ရှိနေ

အောင်ရဲသွင်
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

ဧရာဝတီမြစ်ရေ တက်လာသဖြင့် ရေလွတ်ရာ မြေနုကျွန်းသို့ ရွှေ့ပြောင်း လုပ်ကိုင်ရတော့မည့် အုတ်ဖိုတစ်ဖိုကို ယခုလ ၂၆ ရက်က တွေ့ရစဉ်။
ဓာတ်ပုံ - အောင်ရဲသွင်

မန္တလေးမြို့ရှိ အုတ်လုပ်ငန်းများမှာ ယခုနှစ် ရာသီဥတုဖောက်ပြန်မှု ကြောင့် အုတ်ဈေးများ ကျဆင်းသည့်ဒဏ်ကိုခံ နေကြရပြီး ထုံး၊ သဲ၊ ကျောက်ရောင်း ၀ယ်မှုမှာ ပုံမှန်အနေအထားတွင်ရှိကြောင်း တီကေ အုတ်လုပ်ငန်းမှ အုတ်သူကြီးဦးကျော်တင့်က ပြောသည်။

မိုးတွင်းပိုင်းတွင် မိုးခေါင်မှုကြောင့် အုတ်လုပ်ငန်း လုပ်ကိုင်သူများ အရှုံးပေါ် နေပြီး လက်ရှိတွင်အုတ်တစ်ချပ်ကို လက်လီဈေးကျပ် ၁၁၀ ဖြင့် ရောင်းချ လျက်ရှိကာ လက်ကားဈေး ၉၅ ကျပ်မှ ကျပ် ၉၀ အထိ ကျဆင်းဖွယ်ရှိကြောင်း ၎င်းက ပြောသည်။

"အဓိကတော့ ရာသီဥတုပေါ့၊ ကျပ် ၁၁၀ နဲ့ ရောင်းနေတာ တစ်လခွဲ လောက် တော့ ရှိပြီ၊ အရင်ဈေးကတော့ အုတ် တစ်လုံး ကျပ် ၁၀၀ ပါ၊ ဇွန်လထဲက ဧရာဝတီမြစ်ရေတိုးလို့ နားလိုက်ရတဲ့ အချိန်မှာ ဈေးနည်း နည်း တက်သွားပြီး ကျပ် ၁၁၀ ဖြစ်သွားတယ်၊ အရင်နှစ်ကဆို လည်း ကျပ် ၁၀၀ ၀န်းကျင်ပဲရောင်းတယ်၊ မိုးကောင်းရင် ကျပ် ၁၂၀ ပြော လည်း ၀ယ်ကြတယ်"ဟု ၎င်းက ပြောသည်။

အုတ်လုပ်ကိုင်သူများ အရှုံးပေါ်ရခြင်း မှာ နွေကာလတွင် အုတ်များလှောင်ထားကြပြီး မိုးတွင်းပိုင်းဈေး ကောင်းရချိန်တွင် ပြန်လည် ရောင်းချရာမှယခုနှစ်တွင် မိုးခေါင်မှု နှင့်ကြုံတွေ့ ရခြင်းကြောင့် အုတ်လုပ်များ ပုံမှန်ထွက်ရှိပြီးဈေးနှုန်းများ ကျဆင်းသွားခြင်း ဖြစ်ကြောင်း ဦးကျော်တင့်က ရှင်းလင်းပြောပြသည်။

"မိုးတွင်းဆို အုတ်အထွက်နှုန်းက နည်းတော့ နွေမှာလှောင်ထားကြတယ်၊ အခုမိုးလည်း မရွာတော့အုတ်လုပ်ငန်း ကလည်း ပုံမှန် လည်ပတ်နေတယ်၊ အဲဒီ တော့ အုတ်တွေအများကြီးဖြစ်ပြီးဈေးက ကျသွားတယ်။ အုတ်အရောင်းအ၀ယ် အကောင်းဆုံးကတော့ တစ်လပိုင်း ကနေ လေးလပိုင်းအထိပါ"ဟု ၎င်းက မြန်မာ တိုင်း(မ်)ကို ပြောပြသည်။

အုတ်ဖုတ်လုပ်ငန်းတွင် လုပ်ကိုင်နေ ကြသော အုတ်ဖုတ်လုပ်သားများကို တစ်ဦးလျှင်ကြိုတင်ငွေအဖြစ် ကျပ် သုံးသိန်းနှင့် ငါးသိန်း ကြားပေးရပြီး ထိုသူတို့က လေးလလုပ်ကိုင်ပေးရ ကြောင်း သိရသည်။

"အလုပ်သမားတွေက နယ်ကလာ တာများတယ်၊ ငွေကြိုတင်ယူပြီးတော့ လုပ်အားနဲ့ ပြန်ဆပ်ကြတယ်"ဟု အုတ် ဖုတ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အုတ်ဖုတ်လုပ်ငန်းမှာ ရာသီဥတု ပြောင်းလဲမှုပေါ် မူတည်၍ရွေ့ပြောင်း လုပ်ကိုင်နေရပြီး အုတ်ထုတ်လုပ်မှုမှာ မိုးတွင်းပိုင်းတွင် အုတ် အလုံးရေ ၁၀ သိန်းကျော်ထွက်ရှိကာ မန္တလေးတိုင်း ဒေသကြီးအတွင်းသာ ဖြန့်ဖြူးရောင်းချ ကြောင်း သိရသည်။

"အုတ်လုပ်တဲ့နေရာတွေက ကျွန်းမြေ မှာလုပ်တော့ မြစ်ကြောင်းတစ်လျှောက် ကျွန်းပေါ်တဲ့နေရာမှာ သွားလုပ်တယ်၊ ဒီကျွန်းကမြုပ် သွားရင် တခြားနေရာ ပြောင်းလုပ်တယ်။ "ဖြန့်ဖြူးတာကတော့ မန္တလေးမြိုမှာတင် အိမ်တွေအများကြီး ဆောက်လာတော့ အုတ်လုပ် ငန်းက ခေတ်ကောင်းနေတယ် ပြီးတော့လူတွေရဲ့ အဆင့်အတန်း လည်း မြင့်မားလာတော့အုတ်လုပ်ငန်း က မပျောက်ကွယ်နိုင်သေး ပါဘူး"ဟု ၎င်းက ပြောသည်။

ထုံးလုပ်ငန်းမှာလည်း ရာသီဥတုပေါ် မူတည်၍ ဈေးပြောင်းလဲမှုရှိပြီး လက်ရှိ တွင် ထုံးတစ်အိတ်ကို ကျပ်၂,၄၀၀ ဖြင့် ရောင်းချနေ ကြောင်းနှင့်ပြင်ဦးလွင်မြို့ နယ် ၀က်ဝံရွာမှ အဓိကထွက်ရှိ ကြောင်း ဦးကျော်တင့်က ပြောသည်။

"ထုံးက မိုးများရင် ရှားသွားတယ်၊ ထုံး ဈေးကတော့ အခုနည်းနည်းတော့ တက်လာတယ်၊ မိုးတွင်းဆိုရင်ထုံးတွေကို အိတ်တွေနဲ့ လှောင်ထားရတယ်၊ မန္တလေးကတော့ ထုံးအဓိကသုံးတယ်၊ ရန်ကုန် ကကျောက်မှုန့် သုံးတာများ တယ်"ဟု ၎င်းက ပြောသည်။

သဲနှင့်ကျောက်လုပ်ငန်းမှာလည်း ပုံမှန် အရောင်းအ၀ယ်ဖြစ်နေပြီး၊ ဈေးနှုန်းမှာလည်း အပြောင်းအလဲမရှိဘဲ ၁၀ ပေ ပတ်လည် သဲတစ် ကျင်းကို ကျပ် ၁၀,၀၀၀ဈေး ရှိကာ ၁၀ ပေပတ်လည် ကျောက်တစ်ကျင်းမှာ ကျပ် ၃၅,၀၀၀ ရှိ ကြောင်း ဆိုသည်။

"သဲကတော့ မြစ်ဆိပ်ဘက်ကထွက် ပြီးတော့ ကျောက်ကတော့ အုန်းချောရွာ ဘက်ကထွက်ပါတယ်"ဟု ဦးကျော်တင့် က ပြောသည်။ မန္တလေးမြို့တွင် အုတ်လုပ်ငန်း လုပ်ကိုင်သူဦးရေ ၂၀ ရှိပြီး အလုပ်သမား ဦးရေမှာ ၅,၀၀၀ ကျော်ရှိကြောင်း သိရှိရသည်။