နှုတ်ခမ်းမွှေးပါပါလေး လူရွှင်တော်အဖွဲ့တွင် အနုပညာအမွေ ဆက်ခံရန် မျိုးဆက်သစ်မရှိတော့ဟုဆို

ဖြိုးဝေကျော်
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

လူရွှင်တော် ပါပါလေးနှင့်လူမော်ကို ၎င်းတို့နေအိမ်တွင် ယခုလ ၂၇ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်

နိုင်ငံရေး နောက်ခံပြက်လုံးများဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ထင်ရှား သော မန္တလေးမြို့မှ နှုတ်ခမ်းမွှေးပါပါ လေး လူရွှင်တော်အဖွဲ့မှာ ၎င်းတို့အနုပညာကို အမွေဆက်ပေးရမည့် ရင်းချာ မျိုးဆက်သစ် မရှိ တော့ဘဲ ၎င်းတို့မှာ နောက်ဆုံးအဖွဲ့သာဖြစ်ကြောင်း ပြောသည်။

"ကျွန်တော်တို့ရဲ့ အဘိုးလက်ထက်၊ အဖေလက်ထက်တုန်းက သူတို့ လည်း လူရွှင်တော်တွေပါပဲ။ ကျွန်တော်တို့နဲ့ ဆို မျိုးဆက်သုံးဆက်ပေါ့။ အခုတော့ ကျွန်တော်တို့ အမွေဆက်ပေးရမယ့် မျိုးဆက်သစ် မရှိတော့ ပါဘူး။ အင်္ဂလိပ်လို လည်လည်ပတ်ပတ်ရှင်းပြ၊ ပြောပြမယ့် သူလည်း မရှိတော့ဘူး။ သားသမီးကလည်း ဦးလူမော်မှာ သမီးတစ်ယောက်ပဲ ရှိတယ်။ တူ၊ တူမတွေကလည်း တခြား နယ်ပယ်တွေမှာ အလုပ်အကိုင် ကိုယ်စီနဲ့ ဖြစ်ကုန်ပြီ"ဟု Moustache Brothers ဟုလည်း ထင်ရှားသော အဖွဲ့မှ ဦးလူမော် က ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြော သည်။

၎င်းတို့ လူရွှင်တော်အဖွဲ့တွင် ညီအစ်ကိုနှစ်ဦးဖြစ်သော ပါပါလေး၊ လူမော် နှင့် ၀မ်းကွဲအစ်ကို လူဇော်တို့ပါဝင် သည်။ ၎င်းတို့အဖွဲ့မှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင် NLD ပါတီ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံး ချိန်က ပြက်လုံးတစ်ခုကြောင့် လူရွှင် တော် ပါပါလေးမှာ ထောင်ခြောက်လ ကျခံခဲ့ရကြောင်း ပြောသည်။

ထို့နောက် ၁၉၉၆ ခုနှစ်၊ ဇန်န၀ါရီလ တွင် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း လွတ်လပ်ရေးနေ့ အခမ်းအနား အထိမ်းအမှတ်ပွဲ တွင် အငြိမ့်ဖြင့်သွားရောက်ဖျော်ဖြေပြီး နောက် မန္တလေးသို့ ပြန်ရောက်ခဲ့ရာတွင် ပါပါလေးနှင့် လူဇော်မှာ ဖမ်းဆီးခံရ ပြီး ထောင်ဒဏ် ခုနစ်နှစ်စီကျခံခဲ့ရကြောင်း ပြောသည်။

"အဲဒီတုန်းက ဦးလူမော်က အငြိမ့်ပွဲမှာ ပါမသွားဘဲ မန္တလေးမှာကျန်နေခဲ့တာ။ သူတို့ထောင်ကျသွားတော့ ဦးလူမော်က ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ ဒီမှာပွဲကပြီး ရတဲ့ငွေနဲ့ ထောက်ပံ့ရတာပေါ့။ အဲဒီတုန်း က ပွဲမိန့်အပိတ်ခံရပေမယ့် ဦးလူမော်က မိတ်ကပ်မပါ၊ ပါးစပ် ဆိုင်းနဲ့ ကတာပါ ပဲ။ ပိတ်လိုက်၊ ကလိုက်ပေါ့။ ခံဝန်ချက် လက်မှတ်ကို ရပ်ကွက်ရုံးမှာ သွားထိုးပြီးရင် အိမ်ပြန်ရောက်တော့ ပြန်ကတာ ပဲ"ဟု ဦးလူမော်က ပြောသည်။

ယခုအခါ လူရွှင်တော်အဖွဲ့မှာ ၃၉ လမ်း၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြားရှိ နေအိမ်တွင် ညစဉ်ဗလာပွဲ ကပြနေကာ နိုင်ငံခြားသား တစ်ဦး လျှင် ကျပ် ၈,၀၀၀ နှုန်းဖြင့် လာရောက်ကြည့်ရှုကြသည်ကို တွေ့ရသည်။

၎င်းတို့ မိသားစုဝင်များ ပါဝင်သော ရှစ်ယောက်အဖွဲ့ဖြင့် ကပြ ကာ ပါပါလေးနှင့် လူမော်က ပြက်လုံးထုတ်ပြီး ကျန်လူများက မြန်မာ့ အကများ ဖြင့် ဖျော်ဖြေကြသည်။ ၎င်းတို့ထဲတွင် လူမော်မှာ အင်္ဂလိပ်စကားကို လည်ပတ် စွာပြောတတ်သော တစ်ဦးတည်းသော လူရွှင်တော်ဖြစ်သည်။

"အခု လူမော်က ၆၂ နှစ်၊ ပါပါလေး က ၆၄ နှစ်ရှိပြီ။ ၁၉၇၀ ပြည့်နှစ်ဝန်းကျင် မှာ ဦးနေ၀င်းအစိုးရရဲ့ လွဲမှားတဲ့ ပေါ်လစီကြောင့် လူထု ကျပ်တည်းပြီး၊ ဆန်ဆီ လူသုံးကုန်ပစ္စည်း အကုန်ဈေးတက် တယ်။ အဲဒီတုန်းကလည်း ပြက်လုံး ထုတ်ခဲ့တာပါပဲ။

"အစိုးရဘယ်သူပဲတက်တက် လူရွှင်တော်ကတော့ ပြည်သူ့ဘက်ကပဲ ရပ်တည်မယ်။ မှားတာ၊ မှန်တာကို စေတနာနဲ့ တည့်မတ် ပေးရ မှာပါ"ဟု ဦးလူမော်က မြန်မာတိုင်း(မ်)ကို ဆက်လက်ပြောပြသည်။

"ပြက်လုံး ပြက်တယ်ဆိုတာ ပြည်သူတွေအတွက် ပြက်တာပါ။ ဒီမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကိုသိမှ၊ ပြောနိုင်မှ အကူအညီ ဆို တာရမှာပါ"ဟု လူရွှင် တော်ပါပါလေးက ပြောသည်။

၎င်းတို့ငယ်စဉ်က ချာလီချက်ပလင်၊ ချားလ်စ်ဘရွန်ဆန်တို့ နှုတ်ခမ်းမွှေး ထားသည်ကို အားကျသလို အများနှင့် မတူဘဲ တစ်ခါ မြင်ရုံဖြင့် မှတ်မိစေချင် သည့်အတွက် နှုတ်ခမ်းမွှေးထားကြခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

"ကျွန်တော်တို့ ဒေါ်အောင်ဆန်းစု ကြည်ကို ချစ်ခင်တာ အကြောင်းပြချက် နှစ်ခုရှိပါတယ်။ တစ်ခုက ဗိုလ်ချုပ်သမီး ဖြစ်လို့၊ နောက် တစ်ချက်က သူ့အရည် အချင်းနဲ့ အကျင့်စာရိတ္တကြောင့်ပါ။ သူက အရှိကိုအရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ရဲရဲဝံ့ဝံ့ပြောလို့ သူ့ character ကို နှစ်သက်ပါတယ်"ဟု ဦးလူမော်က ဖြည့်စွက်ပြောသည်။