ရွှေဆိုင်းလေလံအောင်ထားသူများ ရွှေဈေးတက်မည်ကို စိုးရိမ်
အတွဲ ၃၀ ၊ အမှတ် ၅၈၁ ( ၁၀ - ၁၆ ၊ ၈ ၊ ၂၀၁၂)

ရွှေဆိုင်း ထုတ်ပိုးပြင်ဆင်နေသည့် လုပ်ငန်းခွင်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အောင်ရဲသွင်
မန္တလေးမြို့ မျက်ပါးရပ်တစ်နေရာတည်း တွင်သာ လုပ်ကိုင်လျက်ရှိ သော ရွှေဆိုင်း လုပ်ငန်းများသည် ရွှေဈေးကျသည့် အချိန် ဘုရားများ တွင် တစ်လစာချုပ်ဖြင့် လေလံအောင်ထားသည်ဖြစ်ရာ ရွှေဈေး ထပ် တက်မည်ကို စိုးရိမ်လျက်ရှိကြောင်း မြန်မာတိုင်း(မ်)ကို ပြောသည်။
"ရွှေတိဂုံဘုရားမှာ တစ်နှစ်မှ တစ်ခါ ခေါ်တဲ့ ရွှေဆိုင်းလေလံကို အောင် ခဲ့ပါ တယ်။ လေလံပေးချိန်မှာ ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၆၉၆,၀၀၀ ပါ။ နှစ်လက်မ အရွယ်တစ်ဆိုင်းကို ကျပ် ၂၈,၃၀၀နဲ့ တည့် လာတာ။ အမှန်ပေါက် ဈေးက တစ်ဆိုင်းကို ကျပ် ၃၁,၆၀၀ ရှိ တယ်။ အခု ရွှေဈေးက ကျပ် ၇၃၂,၀၀၀ ရှိနေပြီ။ နောက်ထပ်သုံးသောင်း လောက်သာ ထပ်တက်ရင် အရှုံးပေါ်မှာ"ဟု မန္တလေးမြို့၊ မျက်ပါးရပ်ရှိ အောင်သရဖူ ရွှေဆိုင်းလုပ်ငန်းမှ ဦးမောင်စုက ပြော သည်။
ရွှေဆိုင်းတစ်ဆိုင်းတွင် အရွက်တစ် ရာ ပါရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ ဘုရား၊ ကျောင်းကန်များနှင့် ရွှေချလုပ်ငန်းများ သို့ မန္တလေး၊ မျက်ပါး ရပ်တစ်နေရာ တည်းရှိ ရွှေဆိုင်းလုပ်ငန်းများမှ ဖြန့်ဖြူး နေခြင်းဖြစ် သည်။
ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင်လည်း ရွှေဆိုင်းလုပ်ငန်းများရှိသော်လည်း မြန်မာ့ရွှေဆိုင်းကဲ့သို့ အပါးလွှာဆုံးအဆင့်ထိ ရွှေမခတ်နိုင် သောကြောင့် ၎င်းတို့ဆီမှ နည်းပညာ လာရောက်လေ့လာကြသည် လည်းရှိကြောင်း ပြောသည်။
"တစ်နိုင်ငံလုံးအတွက် ဒီကပဲ ဖြန့်ဖြူး နေတာပါ။ စေတီတွေကို ကန်ထရိုက်ဆွဲ၊ စာချုပ်ချုပ်ပြီး ရွှေဆိုင်းပြန်ဝယ်ကြတာ ရှိတယ်။ မန္တလေးက မဟာမုနိဘုရား ကတော့ တင်ဒါစနစ်နဲ့ တစ်လကို တစ်ကြိမ်၊ နှစ်ကြိမ်ခေါ်တယ်"ဟု ဦးမောင်စုက မြန်မာတိုင်း(မ်)ကို ပြော သည်။
ရွှေဆိုင်းလုပ်ငန်းတွင် ငွေအရင်း အနှီး၊ အလုပ်သမား၊ ၀ယ်သူနှင့် ရွှေခတ် စက္ကူရရှိမှုမှာ အဓိက အခက်အခဲများ ဖြစ်ကြောင်း၊ ရွှေခတ် စက္ကူမှာ သုံးနှစ် သုံးမိုး ပြုလုပ်ရသော လုပ်ငန်းဖြစ်ပြီး လုပ်ကိုင်သူဦးရေ နည်းပါးခြင်းကြောင့် ကြိုတင်ငွေစိုက်ထုတ် ရင်းနှီးပြီး ၀ယ်ယူ ထားရကြောင်း သိရသည်။
"ရောင်းအားကောင်းတဲ့ အချိန်ဆို ၀ယ်လို့မရတော့ဘူး။ ရွှေဆိုင်းတစ်ဆိုင်း စာအတွက် ငါးလက်မပတ်လည် စက္ကူ အရွက်ရေ ၁,၂၀၀ ပါ တစ်ထုပ်ကို ပေါက် ဈေး ကျပ်သုံးသိန်းရှိတယ်"ဟု ၎င်းက ပြောသည်။
ရွှေဆိုင်းရောင်းအား အသွက်ဆုံး အချိန်မှာ သီတင်းကျွတ်မှ တပို့တွဲထိ ခြောက်လခန့်ဖြစ်ကြောင်း၊ ယမန်နှစ်က ထိုအချိန်များတွင် ရွှေဆိုင်းဝယ်မရတော့ သည်အထိ ပစ္စည်းပြတ်လတ်မှုများဖြစ် ခဲ့ကြောင်း ပြောသည်။
"မနှစ်က ဆောင်းတွင်းဆို စေတီ၊ ပုထိုး တွေ ရွှေချတာဆုံသွားလို့ ရွှေဆိုင်း ၀ယ် မရဖြစ်ရတယ်။ အခုတော့ ရွှေဈေး တက်မှာ စိုးရိမ်နေ ရတယ်။ အင်မတန် အန္တရာယ်များပြီး အမှားမခံတဲ့ အလုပ် ပါ။ နောက်ထပ်ရွှေဈေး တစ်သောင်း လောက်ထပ်တက်ရင် လမ်းစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်မှာ အရှုံးပြနေ ပါပြီ"ဟု ကမ္ဘာသစ်ရွှေဆိုင်းလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
ရွှေဆိုင်းလုပ်ငန်းမှာ ပွဲရုံလုပ်ငန်းမျိုး မဟုတ်၊ မျက်ပါးရပ်မှ လွဲ၍အခြားနေရာ တွင်လုပ်ကိုင်မရဟု အယူအဆများ လည်းရှိခြင်းကြောင့် တစ်နိုင်ငံလုံးကို ဖြန့်ဖြူးနေရသော လုပ်ငန်းမျိုးဖြစ်သော် လည်း တစ်နိုင်တစ်ပိုင်အဆင့်ထိသာ လုပ်ကိုင်နေကြရကြောင်း ပြောသည်။
ကျိုက်ထီးရိုးဘုရားတွင် တစ်လက်မ အရွယ်ရွှေဆိုင်း အ၀ယ်များပြီးမုံရွာ-ရွှေဂူကြီးဘုရား၊ အင်းလေး ဖောင်တော် ဦးဘုရားနှင့် ရန်ကုန် မြို့ရှိဘုရားစေတီ များကလည်း ပုံမှန်ဝယ်လိုအားရှိကာ ယတြာချေခြင်းများ၊ အိမ်တွင် ကိုးကွယ် ထားသောဘုရားကို ရွှေချခြင်းတို့ အတွက်လည်း ၀ယ်ယူကြောင်း ၎င်းက ပြောသည်။
ရွှေနှင်းဆီ ရွှေဆိုင်းလုပ်ငန်းမှ မတင် တင်နွယ်က "လုပ်ငန်းက သားစဉ်မြေးဆက် လုပ်လာတာဆိုတော့ နာမည်ရပြီးသားမို့ လေလံခေါ် တဲ့အခါ ဈေးတော့ တအားလျှော့မပေးဘူး။ ဒါပေမယ့်လည်း ရွှေဈေးက တစ်သိန်းကျော်လောက်သာ ခုန်တက်သွားမယ်ဆိုရင် လုပ်ငန်း ကို ထိ ခိုက်ပါတယ်။ ရွှေဈေးတက်မှာတော့ သတိထားရတယ်"ဟု မြန်မာတိုင်း(မ်)ကို ပြောသည်။
ရွှေဈေးတက်ပါက အခက်တွေ့မည် ကို ကာကွယ်နိုင်ရေးအတွက် ပေါက်ဈေး နှင့် တစ်ခါတည်းဈေးဖြတ်၍ ငွေစရံသတ် ခိုင်းသည့် စနစ် မျိုးဖြင့် လုပ်ကိုင်ခြင်းဖြစ် သည် ဟုဆိုသည်။
ကုန်ကြမ်းဖြစ်သော ရွှေခတ်စက္ကူနှင့် အခြား ပစ္စည်းများကိုလည်းကိုယ်တိုင် ထုတ်လုပ်ကြောင်း၊ ရွှေလှောင်စက္ကူမှာ အရွက်၃၀၀ ပါ တစ်စီးကို ကျပ် ၈၀၀၊ ကန့်ကူဆန်မှာ တစ်ပိဿကို ကျပ် တစ် သောင်းခွဲခန့်ရှိကြောင်းပြောသည်။ ရွှေ ၁၁ ပဲခန့်ကို အရွက်တစ်ရာပါ နှစ်လက်မအရွယ် ရွှေဆိုင်း ဆိုင်းရေ ၈၀ ခန့် ရရှိပြီး ရွှေဆိုင်းတစ်ဆိုင်းကို ရွှေ အလေးချိန် ငါးရွေးခန့်ရှိသည်။ ရွှေဆိုင်း ပြုလုပ်ရာတွင် အခေါက်ရွှေကို သန့်စင်ပြီး အပြားခတ်ထားသော ရွှေအဆင့်မှ ရွှေ ဆိုင်းအဆင့်ထိ အကြမ်းဖျင်း သုံးဆင့်ခန့် ရှိပြီး အနုစိတ်ပါက ခြောက်ဆင့်ခန့် ရှိသည်။
"ထိုင်ဝမ်က နည်းပညာလာကြည့်ပြီး သူတို့နိုင်ငံမှာ စက်နဲ့လုပ်ကြည့်ကြပါ တယ်။ မြန်မာ့လက်မှုရွှေဆိုင်းလောက် ပါးနိုင်ဖို့ မမီပါဘူး။ အကြမ်းဖျင်း ဒုတိယ အဆင့်နီးနီးလောက်ထိပဲမှီတယ်"ဟု ဆိုသည်။
ရွှေဆိုင်းလုပ်ငန်းကို နိုင်ငံခြားခရီးသွားများလည်း အထူးစိတ်ဝင်စားမှု ရှိပြီး လာရောက်လေ့လာကြပြီး နောက်ပိုင်းတွင် ရွှေဆိုင်း အမှုန့် ကို နှလုံးအတွက် ကောင်းသည်ဟုယူဆကာ ရေဖြင့် ဖျော် သောက်ခြင်းများ၊ မိန်းကလေးများ မျက်နှာ ရွှေသွင်းရာတွင် အသုံးပြုခြင်း မျိုး များရှိလာကြောင်း ၎င်းက ပြောသည်။
ရွှေဈေးနှုန်း မြင့်တက်လာခြင်းနှင့် အတူ ရွှေဆိုင်းဈေးနှုန်းများမှာ ၂၀၀၉ ခုနှစ်တွင် ကျပ်၂၃,၅၀၀၊ ၂၀၁၀ ပြည့်နှစ် တွင် ကျပ် ၂၅,၀၀၀၊ ၂၀၁၁ ခုနှစ်တွင် ၂၇,၀၀၀ နှင့် ၂၀၁၂ ခုနှစ်တွင် ကျပ် သုံးသောင်း ၀န်းကျင်တွင်ရှိသည်။
မျက်ပါးရပ်တွင် ရွှေဆိုင်းလုပ်ငန်းလုပ် ကိုင်သူ စုစုပေါင်းဦးရေ ၃၀၀ ကျော် ရှိသည်။
