ကေအိုင်အိုခွဲထွက်ငြိမ်းချမ်းရေးအဖွဲ့က ၀ယ်ယူထားသည်ဆိုသည့် မြေ၌ ကျူးကျော်နေထိုင်သူ ၂,၀၀၀ ကျော်ကို စတင်၍ ဖယ်ရှားလျက်ရှိ
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

ကျူးကျော်နေထိုင်သူတစ်ဦးကိုအခြားသူများက၀ိုင်းဝန်းပြုစုနေစဉ်။
ဓာတ်ပုံ - ဖြိုးစည်အောင်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ကွင်းအမှတ် (၅၃၇) ရှိ မြေဧက ၁၅ဧကပေါ်တွင် ကျူးကျော်နေထိုင်လျက်ရှိသူ လူဦး ရေ ၂,၀၀၀ ကျော်ကို ဩဂုတ်လ ၂၁ ရက်မနက်ပိုင်းတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖယ်ရှားခဲ့သည်။
ကျူးကျော်နေထိုင်သူများမှာ အဆိုပါ နေရာသို့ ပြီးခဲ့သော ဇူလိုင်လ အတွင်း က တဖြည်းဖြည်းစတင်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဆင်းရဲမွဲတေမှု လျှော့ချရေး အစီအစဉ်ဟု ခေါင်းစဉ်တပ်ကာ စတင် နေထိုင်ခဲ့ခြင်းဖြစ် သည်။
သို့ရာတွင် အဆိုပါနေရာမှာ ကေအိုင်အို ခွဲထွက်ငြိမ်းချမ်းရေးအဖွဲ့ က လယ်သမားများထံမှ ၀ယ်ယူပြီးစိုက်ပျိုးမွေးမြူရေးလုပ်ရန် စီစဉ်ဆောင် ရွက်နေစဉ် ယခုကဲ့သို့ ၀င်ရောက် ကျူးကျော်ခံရခြင်းဖြစ်ကြောင်း အဆို ပါ အဖွဲ့မှ တာဝန်ရှိသူများက ယခုလ ၂၀ ရက်နေ့က ပြောသည်။
"ကျွန်တော်တို့အနေနဲ့ ဒီနေရာကို သိန်း၁,၈၀၀ နဲ့ ၀ယ်ထားတာပါ။ ၀ယ်ထားပြီး တစ်လမပြည့်ခင်မှာ ဒီကိစ္စတွေ ဖြစ်လာပါတယ်။ ကျူး ကျော်သူတွေအနေနဲ့ ဆင်းရဲမှုပပျောက်ရေးလို့ ခေါင်းစဉ်တပ်ပေမယ့် သူတို့ဟာ အစိုးရက တာဝန်ပေးထားသူတွေလည်း မဟုတ်ပါ ဘူး။ ငြိမ်းချမ်းရေးယူထားတဲ့ ကျွန်တော်တို့အဖွဲ့အနေနဲ့ အဖွဲ့ရပ်တည်နိုင်ဖို့ ရန်ပုံငွေအတွက် ဒီနေရာမှာ စိုက်ပျိုးမွေးမြူရေး လုပ်ဖို့ပါပဲ။
"အခု ကျူးလာတဲ့သူတွေက ဇူလိုင် ၂၃ ရက်နေ့ညမှာ ၀င်းမြင့်ထွန်းဆိုသူ ခေါင်းဆောင်ပြီး အင်အား ၁၀၀ ကျော်နဲ့ ဇွတ်ဝင်လာ၊ ခြိမ်း ခြောက်ခဲ့ပါတယ်။ ဒါနဲ့ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းတို့ကို အကြောင်းကြားခဲ့ပေမယ့် အကူအညီချက်ချင်းမရခဲ့ပါဘူး" ဟု အဖွဲ့ မှ ဒုဗိုလ်မှူးကြီးညွန့်စိန်က ပြောသည်။
စည်ပင်သာယာက ကျူးကျော်နေထိုင်သူများအား ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားရန် အမိန့် ထုတ်ခဲ့သော်လည်း အဆိုပါရက်ကို ကျော်လွန်သည့်တိုင် အခြေအနေမထူး ကြောင်း ၎င်းက ပြောသည်။
"ဒေသဆိုင်ရာ အာဏာပိုင်တွေကို အကူအညီတောင်းလို့ မရတော့လို့ သမ္မတအထိ သိစေချင်ပါတယ်"ဟု ၎င်းက ပြောသည်။
အဆိုပါနေရာကို လယ်သမားဦးတင် မောင် အပါအ၀င် အခြားဆွေနီးမျိုးစပ် ပိုင်ဆိုင်သူများက ရောင်းချခဲ့ကြောင်း၊ ယင်းလယ်မြေမှာ ၁၉၉၁ ခုနှစ်က သိမ်းယူ ခံ၊ နစ်နာကြေး တစ်ဧက ကျပ် ၄,၀၀၀ ရပြီး သော မြေဖြစ်ကာ ယခုအထိ မည်သည့် စီမံကိန်းမှ မလာရောက် ၍ လယ် ဆက်လက်လုပ်ကိုင်နေခဲ့သောနေရာဖြစ်ကြောင်းလည်း လယ်သမား ဦးတင်မောင် က ယခုလ ၂၀ ရက်က ပြောသည်။
စည်ပင်သာယာသည် ယခုကိစ္စတွင် ချင့်ချိန် လုပ်ဆောင်နေသည်ဟု ထင်ကြောင်း၊ ယခုနေရာတွင် မကျူးကျော်ရန် ဆိုင်းဘုတ်ထောင် သွားကြောင်းနှင့် ၎င်းတို့သည် သက်ဆိုင်ရာက မည်သည့် အချိန်လာဖယ်ခိုင်းမည်ကို စောင့်နေရသော အနေအထားဖြစ်ကြောင်း၊ အစိုး ရ ဖြစ်သည့်အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် ၎င်းတို့က အောက်ကျို့သွားမည်ဖြစ်ကြောင်း ကျူးကျော်သူများ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဝင်းမြင့်ထွန်းက ဩဂုတ် ၁၅ ရက်နေ့က ပြောသည်။
ယခုအခါ အဆိုပါနေရာတွင် ကျူး ကျော် နေထိုင်သူ အိမ်ထောင်စုပေါင်း ၅၀၀ ခန့်ရှိကာ လူဦးရေမှာ ၂,၀၀၀ ခန့် ရှိပြီး ကိုဝင်းမြင့်ထွန်း ဆိုသူ ဦးဆောင်ကာ ရေ၊ မီးအခမဲ့ပေးခြင်းများကို လုပ်ဆောင် ပေးကြောင်း ကျူးကျော်နေထိုင်သူများ က ရဲများဝင်ရောက်ဖယ်ရှားပြီး နောက်ပြောသည်။
ယခုကိစ္စနှင့် ပတ်သက်၍ အောင်ပင်လယ်ရဲစခန်းမှ တာဝန်ရှိသူများအား ယခုလ၂၁ ရက်တွင် မေးမြန်းခဲ့သော်လည်း မဖြေကြားနိုင် သေးကြောင်း ဒုရဲအုပ်တစ်ဦးက ပြောသည်။
