အင်းဝရှိရှေးဟောင်း ဘုရား၊ စေတီများ ပြုပြင်ထိန်းသိမ်းနိုင်ရန် အလှူငွေ ကျပ် သိန်း ၁,၀၀၀ ခန့်လိုအပ်နေသေး
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

ထိန်းသိမ်းပြုပြင်ရန် လိုအပ်နေသည့် အင်းဝရှေးဟောင်းဆင်းတု နှင့်အဆောက်အအုံကို တွေ့ရစဉ်။
ဓာတ်ပုံ - ရွှေဝါလွင်
အင်းဝရှိရှေးဟောင်း ဘုရား၊ ပုထိုး၊ အဆောက်အအုံများ ပြုပြင်ထိန်း သိမ်းနိုင်ရန် အလှူငွေ ကျပ်သိန်း ၁,၀၀၀ ခန့် လိုအပ်နေပြီး လက်ရှိတွင် ရှေးဟောင်းဘုရားစေတီပေါင်း ၄၀ကျော်သာ ထိန်းသိမ်းနိုင်သေး ကြောင်း ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူတစ်ဦးက မြန်မာ တိုင်း(မ်) ကို ပြောသည်။
ယခုအချိန်တွင် ဘုရားစေတီပေါင်း ၇၄ ဆူခန့် ထိန်းသိမ်းရန် သိန်း ၁,၆၀၀ ကျော် ကုန်ကျမည် ဖြစ်ကြောင်း လက်ရှိ အချိန်တွင် စေတီ ပေါင်း ၄၀ ကျော် ပြုပြင် ထိန်းသိမ်းပြီးဖြစ်ရာ သိန်း ၆၀၀ ကျော်ကုန် ကျပြီးဖြစ်ကြောင်း သိရသည်။
"ရှေးဟောင်းအဆောက်အအုံဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ရဲ့အရှေ့ ပိုင်း ကာလက အဆောက်အအုံတွေကို ခေါ်တာ၊ ကာလကြာလာတာ နဲ့အမျှ ရှေးဟောင်း အဆောက်အအုံတွေက လျော့မသွားဘဲ တိုးလာ တဲ့အတွက် ထိန်းသိမ်းဖို့ကလည်း ခက်လာတယ်" ဟု ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန မန္တလေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဝန်ကြီးဌာန၏မူအရ ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းနိုင်သည်များကို ထိန်းသိမ်းလျက်ရှိကြောင်း INGO, NGO အဖွဲ့ အစည်း များနှင့် အလှူရှင်များက ၀ိုင်းဝန်းကူညီလျှင် ပိုမို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်သော အနေအထားတွင်ရှိကြောင်း ၎င်းက ပြောသည်။
"အလှူရှင်တွေအနေနဲ့ မိမိတို့စိတ် ကြိုက် အင်ဂျင်နီယာ၊ ပန်းရံ ၊လက်သမားတွေနဲ့ ဌာနကသတ်မှတ်ထားတဲ့ လက်ရာ၊ နိုင်ငံတကာက လက်ခံနိုင်တဲ့ ပြင်ဆင် ထိန်းသိမ်းမှုတွေကို ဆောင်ရွက်လိုရင် လည်း ဌာနကနေ ကျွမ်းကျင်မှုအကူအညီ ပေးနိုင်ပါတယ်"ဟု ဆိုသည်။
အင်းဝရှိ ရှေးဟောင်း အဆောက်အအုံများကို နိုင်ငံခြားသားများ စိတ်ဝင်စားမှုများပြားလာကြောင်း၊ ခရီးသွားဧည့်သည်များကို အဓိက ဆွဲဆောင်နိုင်သော နေရာများမှာ မယ်နုအုတ်ကျောင်း၊ ဗားကရာသစ်လုံးကျောင်း၊ နန်းမြင့်မျှော် စင်နှင့် မဟာဗောဓိပင်တို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။ အင်းဝကို ရှေးဟောင်းယဉ်ကျေးမှု လက်ရာများ စုဝေးရာဥယျာဉ်ကြီးဟု သတ်မှတ်ကြကြောင်း၊ ရှေးဟောင်း အဖြစ် သတ်မှတ်ပြီး နောက်ပိုင်းတွင် နန်းတော်အောက်ရှိ အုတ်ရိုးကို ၁၉၉၅ ခုနှစ်က တူးဖော်ရရှိခဲ့ကြောင်း ပြောသည်။
"ခရီးသွား ဧည့်သည်တွေကို ရှေးဟောင်းလက်ရာအတိုင်း ထိန်းသိမ်းထားတဲ့ အဆောက်အအုံတွေကသာ ဆွဲဆောင်နိုင်တာ၊ အဲဒါတွေ ကို အသစ် အတိုင်း ပြင်လိုက်မယ်ဆိုရင် သူတို့ စိတ်မ၀င်စားတော့ဘူး"ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
အင်းဝမြို့ဟောင်းကို စပိန်၊ ပြင်သစ်၊ အီတလီ၊ ထိုင်း နိုင်ငံများမှ လာရောက် လေ့လာသူများပြီး ယခုနောက်ပိုင်းတွင် အမေရိကန်နိုင်ငံ မှလည်း လာရောက် လေ့လာကြောင်း ၎င်းက ပြောသည်။
"ခရီးသွား ဧည်သည့်တွေ များများလာရင် ဗဟုသုတများများရတယ်၊ တိုင်းပြည် လည်းဝင်ငွေတိုးတယ်၊ ဈေးသည်တွေလည်းဝင်ငွေ တိုးမယ်၊ မြင်းလှည်း သမား တွေလည်း ပြေးဆွဲရမယ်။ ဒါတွေကတော့ ကောင်းကျိုးတွေပေါ့၊ ဆိုးကျိုးက လတ်တလောတော့ မရှိသေး ပါဘူး"ဟု ၎င်းက ပြောသည်။
ပြည်သူများကလည်း ရှေးဟောင်း လက်ရာများကို တန်ဖိုးထားထိန်းသိမ်း ခြင်းဖြင့် နောက်လူများ လေ့လာနိုင်ခွင့် ရရှိစေပြီး၊ တိုင်းပြည် အတွက် ဂုဏ်ယူ စရာ များအဖြစ် သိမြင်လာနိုင်သောကြောင့် အလှူရှင်များအနေဖြင့် လာရောက် လှူဒါန်းစေလိုကြောင်းပြောသည်။
ရှေး ဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန နေပြည်တော်ရုံးချုပ် ၀၆၄-၄၀၈၀၄၀ ၊ မန္တလေးရုံးခွဲ ၀၂-၇၆၁၅၂ နှင့် ရန်ကုန်ရုံးခွဲ ၀၁-၅၁၂၁၃၇ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းပြောသည်။
