ရတနာပုံ ဒိုင်းမွန်းပလာဇာ ယခုလ ၁၅ ရက်တွင် ဖွင့်လှစ်ခဲ့ပြီဖြစ်
အတွဲ ၃၀ ၊ အမှတ် ၅၈၃ ( ၂၄ - ၃၀ ၊ ၈ ၊ ၂၀၁၂)

ဒိုင်းမွန်ပလာဇာဖွင့်ပွဲနေ့တွင် ဖျော်ဖြေနေသူတစ်ဦးအားတွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဝေကျော်
မန္တလေးမြို့တွင် အကြီးဆုံးဈေးဝယ် စင်တာ တစ်ခုဖြစ်သည့် ရတနာပုံ ဒိုင်းမွန်း ပလာဇာကို ယခုလ ၁၅ ရက်နေ့တွင် အခမ်းအနားဖြင့် စတင် ဖွင့်လှစ်ခဲ့ပြီးဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။
၇၇ လမ်းနှင့် ၇၈ လမ်းကြား၊ ၃၃ လမ်း နှင့် ၃၄ လမ်းကြားတွင် တည် ရှိသော အဆိုပါပလာဇာ ကို M.G.W Construction Ltd. က ရာနှုန်း ပြည့် ရင်းနှီးမြှုပ်နှံ၍ နိုင်ငံတကာအဆင့်မီ တည် ဆောက်ခဲ့ခြင်းဖြစ်ကာ တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာသန်း ၄၀ ကျော်ရှိပြီး ပြီးခဲ့ သော ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်က အကြိုဖွင့်လှစ်ခဲ့သည်။
ပလာဇာရှိ တာဝါအေ တွင် ဆိုင်ခန်းပေါင်း ၆၄၀ ကျော်ပါရှိပြီး မြေ အောက် ထပ် အပါအ၀င် ခြောက်ထပ်ရှိကာ မြေအောက်ထပ်တွင် Ocean စူပါမားကက် ရှိသည်။
ကျောက်မျက်ရတနာဆိုင်များ၊ ဖက်ရှင်ဆိုင်များ၊ အလှကုန် ပစ္စည်းများနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဖန်စီဆိုင်များ၊ လျှပ်စစ် ပစ္စည်းဆိုင်များ၊ Super One စတိုး၊ ဗြူတီ ဆလွန်းများ၊ ကလေးကစားစရာ ပစ္စည်းဆိုင်၊ မိုဘိုင်းဖုန်းဆိုင်၊ ဓာတ်ပုံဆိုင်၊ နိုင်ငံတကာ အဆင့်မီ စားသောက်ဆိုင်များ၊ ပရိဘောဂ ဆိုင်များ ပါဝင်ဖွင့်လှစ်နေသည်။
တာဝါဘီတွင် ဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိ ကာ Food Court ၊ နိုင်ငံတကာ အဆင့်မီ လူသုံး ကုန်ပစ္စည်းမျိုးစုံ အရောင်းဆိုင်များနှင့် အတူ ခေတ်မီကစားကွင်း၊ ရုပ်ရှင်ရုံသုံးရုံ တို့ ပါဝင်သည်။ ရုပ်ရှင်ရုံတစ်ရုံလျှင် လူ ၂၀၀ ကျော် ၀င်ဆံ့နိုင်မည်ဖြစ်ကာ မကြာမီစတင် ပြသသွားတော့မည်ဖြစ်ကြောင်းသိရသည်။
တာဝါအေ ခေါင်မိုးထပ်တွင် ဧည့်ခံပွဲ၊ ဖျော်ဖြေပွဲများကျင်းပနိုင်မည့် အကျယ် စတုရန်းပေ ၄၆,၀၀၀ ကျော်ရှိ ပရိုမိုးရှင်း ဧရိယာနှင့် တာဝါဘီ တတိယ ထပ်တွင် စတုရန်းပေ ၈,၀၀၀ ကျော်ရှိ ပရိုမိုးရှင်း ဧရိယာတို့ ပါဝင်သည်။
ပလာဇာအတွင်း United Amara Bank ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုး ရေးဘဏ်တို့ ဖွင့်လှစ်ထားပြီး ကမ္ဘောဇဘဏ် ATM လည်း ထားရှိထားသည်။
လျှပ်စစ်မီးနှင့် ရေရရှိရေး၊ မီးဘေးကာကွယ်ရေးစနစ်များ ကိုလည်း အဆင့်မီ စီမံထားရှိကာ ပလာဇာ သည် ငလျင် ရစ်ခ်ျတာစကေး ၆ ဒသမ ၅ အဆင့် ခံနိုင်ရည်ရှိကြောင်းနှင့် မြေအောက်ယာဉ် ရပ်နားနေရာ တစ်ခုကိုလည်းထားရှိရာ ကားစီးရေ ၂၈၀၊ ဆိုင်ကယ် စီးရေ ၁,၆၀၀ ရပ်နားနိုင်ကြောင်း သိရှိရသည်။
ဒိုင်းမွန်းပလာဇာနှင့်အတူ ကပ်လျက် ရတနာပုံ စူပါစင်တာကို ၂၀၀၈ ခုနှစ်၊ ဖေဖော် ၀ါရီလတွင် ရတနာပုံဈေးကြီး မီးသင့်ပြီးနောက် ပိုင်း ၎င်းနေရာတွင် ပြန်လည်ဆောက်လုပ်ခဲ့ ခြင်းဖြစ်သည်။
