ကုန်ကားကြီးများ သိမ်းယူခံခဲ့ရသောအမှုကို ပြန်လည် စစ်ဆေးပြီးလျော်ကြေးပြန်ပေးရန် နစ်နာသူတစ်ဦးက တောင်းဆိုထားဟုဆို
အတွဲ ၃၀ ၊ အမှတ် ၅၈၆ ( ၁၄ - ၂၀ ၊ ၉ ၊ ၂၀၁၂)

ဦးကိုကိုအောင်က ၎င်းသိမ်းယူခံခဲ့ရသောယာဉ်၏ မှတ်ပုံတင် စာအုပ်ဟောင်းကို ပြသရှင်းပြနေစဉ်။
ဓာတ်ပုံ - ဖြိုးဝေကျော်
ပြီးခဲ့သော ၂၀၀၆ ခုနှစ်၊ မေလအတွင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တရုတ် ပြည်မှ မြန်မာနိုင်ငံအတွင်းသို့ ဓာတ်မြေ ဩဇာများ တင်ဆောင်လာသော ကုန်တင်ယာဉ်ကြီး၊ ငယ် ၉၉ စီးကို ဖမ်းဆီးသိမ်း ယူကာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ထောင်ချခဲ့သော အမှုကို ပြန်လည်စစ်ဆေးပြီး လျော်ကြေးပြန်ပေး ပါရန် အသနားခံ တောင်းဆိုထားကြောင်း သိရသည်။
ထိုစဉ်က မူဆယ် ၁၀၅ မိုင်ဂိတ်နှင့် လားရှိုးရေပူဂိတ်ကြားတွင် အဆိုပါ ယာဉ် များဖမ်းဆီးခံခဲ့ရကြောင်း၊ ယာဉ်မောင်း များသည် သယ်ဆောင် လာသော ကုန်ပစ္စည်းအတွက် နိုင်ငံတော်အား အခွန် ပေးဆောင် ရာတွင် လျော့နည်းခဲ့သည်ဟု စွပ်စွဲခံရကာ အရေးယူခံခဲ့ရကြောင်း၊ အဆိုပါအမှုကို အမှုမှန်ပေါ်ပေါက်နိုင် ရေး၊ မှန်ကန်မျှတစွာ တရားစီရင် နိုင်ရေး၊ မတရားသိမ်းပိုက် ခံခဲ့ရသော မော်တော် ယာဉ်များ၊ သို့မဟုတ် ကာလတန်ဖိုးနှင့် လုပ်အားခတို့ကို နိုင်ငံတော်က ယာဉ်ပိုင် ရှင်များအား ပြန်လည်ပေးလျော်နိုင်ရေး အတွက် လိုအပ်သည်များ ဆောင်ရွက် ညွှန်ကြားပေးနိုင်ရန် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာ ကော်မတီ၊ အမျိုးသားလွှတ်တော်နှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီဥက္ကဋ္ဌတို့ထံ တင်ပြ ထားကြောင်း ယာဉ်သိမ်းခံခဲ့ရသူတစ်ဦး ဖြစ်သော ဦးကိုကိုအောင်က ယခုလ ၈ ရက်နေ့က ပြောသည်။
"အခု စက်တင်ဘာလ ၁ ရက်နေ့ ရက်စွဲ နဲ့ စာတင်ထားပါတယ်။ အဲဒီအချိန်က ဖမ်းဆီးခံခဲ့ရတဲ့ ယာဉ်ပိုင်ရှင်အများစုဟာ မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ မူဆယ် မြို့တွေကပါ။ မော်တော်ယာဉ်တွေကတော့ ခြောက် ဘီး၊ ၁၀ ဘီး၊ ၁၂ ဘီး ယာဉ်တွေဖြစ်ပြီး အဲဒီကာလ ယာဉ်တစ်စီးရဲ့ ပျမ်းမျှတန်ဖိုး က ကျပ်သိန်း ၅၀၀ ကနေ သိန်း ၈၀၀ ကြား ရှိပါတယ်။
ယာဉ်မောင်း၊ ယာဉ်နောက် လိုက်ယာဉ်ပိုင်ရှင် မိသားစုတွေကို တွက်ကြည့်ရင် မိသားစု ၃၀၀ လောက် ဒုက္ခရောက်ခဲ့ကြရပါတယ်" ဟု ဦးကိုကိုအောင်က ပြောသည်။ အမှုမှာ အဆိုပါမော်တော်ယာဉ်များ ပေါ်တွင် တင်ဆောင်လာသော သွင်း ကုန်ပစ္စည်းများမှာ ပြင်ပ ပေါက်ဈေးနှင့် ၎င်းတို့ အခွန်ပေးဆောင်လာသော စာရွက်စာတမ်းများကို နှိုင်းယှဉ်စစ်ဆေးခဲ့ရာ အမှန်ပေါက်ဈေးထက် လျော့နည်း၍ အခွန်ပေးဆောင်လာသည့် အတွက် နိုင်ငံတော်က အခွန်ငွေများ နစ်နာဆုံးရှုံး ခဲ့ရ၍ ထိုသို့ဆောင်ရွက်ခဲ့သူ ယာဉ်ပိုင်ရှင်များ၊ ပစ္စည်း ပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို အရေးယူပေးရန် လုပ်ဆောင်ခဲ့သောအမှုဖြစ်သည်။
"ကုမ္ပဏီကနေ တင်သွင်းတဲ့ပစ္စည်း တွေနဲ့ ပတ်သက်ပြီး ကုမ္ပဏီကိုယ်စား လှယ်နဲ့ အေးဂျင့်တို့ကသာ အခွန်ကိစ္စ တွေကို လုပ်ဆောင် တာပါ။ ကားဒရိုင်ဘာ၊ ကားပိုင်ရှင်တွေနဲ့ မပတ်သက်ပါ ဘူး။ ကားဒရိုင်ဘာတွေအနေနဲ့ ကုမ္ပဏီ ကပေးတဲ့ အခွန်စာရွက်ကိုပဲယူပြီး သက်ဆိုင်ရာကစစ်ရင် ပြရပါတယ်။ ပြီး ရင် မန္တလေးကိုရောက်ရင် စာရင်းအတိုင်း ပစ္စည်းချပေးပြီး သယ်ယူပို့ဆောင်ခ စရိတ် ရပါ တယ်" ဟု ဦးကိုကိုအောင် က ဆက်လက်ပြောသည်။
၎င်းဖမ်းဆီး ခံရသောယာဉ်အမှတ်မှာ ၃ခ/၇၉၁၁CONDA CM-200 ဖြစ်ကြောင်း ပြောသည်။ အမှုနှင့် ပတ်သက်၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ထောင်ဒဏ် ခုနစ်နှစ်၊ ၁၀ နှစ်၊ ၁၇ နှစ် အသီးသီး ချမှတ်ကာ ခုနစ်နှစ်ကျသူကို တစ်နှစ်ကျော်၊ ၁၀ နှစ်ကျ သူကို နှစ်နှစ်နှင့် ၁၇ နှစ်ကျသူကို နှစ်နှစ်ကျော်သာချပြီး အကျဉ်းထောင်များမှ ပြန်လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
"အမှုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်း၊ အမှုတွဲ ထွက်ဆိုချက်တွေလည်း လားရှိုး မြို့ကျောက်တိုက်ထဲမှာ ရှိပါသေးတယ်။ အဲဒီတုန်းက ဒုက္ခရောက်ခဲ့ကြသူ အများ စုက အခုအချိန်မှာ အဲဒီအကြောင်း ထပ်ဖော်မယ်ဆိုလည်း ပိုက်ဆံကုန်ပြီး အလုပ်ရှုပ်မယ်ဆိုပြီး မပါဝင်လို ကြတော့ ပါဘူး။ ကျွန်တော်ကတော့ အခု ကျွန် တော် လုပ်နေတာကိုကြားသိပြီး ပါဝင် ပူးပေါင်းချင်ရင် ကြိုဆိုပါတယ်"ဟု ဦးကိုကိုအောင် က ပြောသည်။
