မတော်တရော် နှိပ်စက်ညှဉ်းပန်းသည့် ရုရှားရဲ အရေးယူ

(အေအက်ဖ်ပီ) အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၆၄ (၆ - ၁၂ ၊ ၄ ၊ ၂၀၁၂)

ကာဇန်- ရုရှားရဲအချုပ်ခန်းအတွင်း သဘာဝမဟုတ်သော နည်းလမ်းဖြင့် လိင်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုနှင့် ယင်းသို့ပြုကျင့်ခံရ၍ ရုရှားအချုပ်သား တစ်ဦးသေဆုံးသွားသည့် သတင်းကြောင့် ကိုယ်တွေ့များကို ဖွင့်ချတော့ မည့် အခြားဖုံးကွယ် အချုပ်သားများစွာတို့ ပေါ်ထွက်လာကြသည်။

ရဲလက်ချက်ဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ရ သော ရုရှားအလယ်ပိုင်း ကာဇန်မြို့ရှိ ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မတီရှေ့တွင် ရဲတို့၏ညှဉ်းဆဲပုံများ ကို တရားဝင်ထွက်ဆိုပြောကြားမည့် လူ ပေါင်း ၄၀ ၀န်းကျင်ရှိနေသည်။

ခိုးမှုဖြင့် ဖမ်းဆီးခံထားရသူ အသက် ၅၂ နှစ် အရွယ်ရှိ ရုရှားအမျိုးသား ဆာဂီနာရာရော့ဗ်အား ရဲတို့က စအို တွင်းသို့ ရှန်ပိန်အရက် ပုလင်း သွတ်သွင်း ၍ ညှဉ်းဆဲစစ်ဆေးစဉ် သေဆုံးသွားခြင်း ဖြစ်သည်။

ယင်းအမှုကို စစ်ဆေးမည့် မော်စကိုမြို့မှ အကြီးတန်း စုံစမ်းစစ်ဆေး ရေးမှူးများပါဝင်သော အဖွဲ့တစ်ဖွဲ့ အခင်းဖြစ်ပွားသည့် ဒယ်နီ ရဲစခန်းသို့ ရောက်နေသည်။

ယင်းရဲစခန်း၌ ဖြစ်ပွားသည့် သုံးခုထက်မနည်းသော အမှုများကိုလည်း စစ်ဆေးဦးမည်ဖြစ် သည်။

ယင်းဒေသမှ ရဲအရာရှိခုနစ်ဦးကို ဖမ်းဆီးထားသည်။

လူငယ်အိုင်တီပါရဂူ အသက် ၂၂ နှစ် အရွယ်ရှိ အော်စကာခရိုင် လော့ဗ်မှာ ယခင်နှစ်အောက်တိုဘာလက ခိုးမှု မသင်္ကာ၍ အချုပ်ခံ ထားရစဉ် ယင်းရဲ စခန်းမှူး အိုင်နူးရာခါမတ်ဘူလင်အပါ အ၀င် ရဲသုံးဦးတို့က ခဲတံနှင့် ပုလင်းများ သုံး၍ ၎င်းအား လိင်ဆိုင်ရာ နှိပ်စက်ညှဉ်း ဆဲခဲ့သော်လည်း အသက်မသေခဲ့၍ မိမိကံကောင်းလှကြောင်း အေအက်ဖ်ပီ သတင်းထောက်အား ပြောပြသည်။

ယင်းသတင်းများကို မီဒီယာတွင် အသေးစိတ်ဖော်ထုတ်လိုက်သောအခါ ယင်းတို့သည် သီးခြားဖြစ်ရပ်များဖြစ် ကြောင်း၊ ရဲတပ်ဖွဲ့တွင် အသုံးမပြုသည့် ယုတ်မာကြမ်းတမ်းသော စစ်ဆေးနည်း များဖြစ်ကြောင်း ဒေသဆိုင်ရာ ရဲက ရှင်းလင်းသော်လည်း လူ့အခွင့်အရေး သမားများက လက်မခံကြပေ။

ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မတီရုံး ပြင်ပမှ လူထုကလည်း လက်မခံကြ။

ကာဇန်မြို့၏ အခြားရဲစခန်းတစ်ခု တွင်မူ အသက် ၅၀ ကျော်အရွယ် မိခင် တာဆီမာမီနီမူလော့ဗ်နာက လူသတ်မှု နှင့် အငှားယာဉ် မောင်းအား တိုက်ခိုက်မှု ကျူးလွန်ကြောင်း ဖြောင့်ချက်မပေး မချင်း မိမိ၏သား အိုင်ရက်ကို ရဲတို့က ရက်ပေါင်းများစွာ ရိုက်နှက် စစ်ဆေးခဲ့ကြ သည်ဟု ဆိုသည်။

"ရဲတွေက သူတို့အကျိုးစီးပွားအတွက်ပဲ လုပ်ကြတယ်။ အချုပ်သားတွေကို ဘာသတင်းစကားမှ မပြောဘူး။ ကျွန်မ သားကို ထောင်ထဲ ပို့ဖို့ ဘယ်နည်းဖြစ်ဖြစ် သုံးကြမှာပဲ"ဟုလည်း ပြောသည်။

ကာဇန် လူ့အခွင့်အရေးဌာန ညွှန်ကြား ရေးမှူး အိုင်ဂေါ်ရှိုလိုကော့က ရဲတို့၏ လူမဆန်သည့် အမှုစစ်ခြင်းနှင့် ပတ်သက် သည့် အမှုတွဲ ၁၇ ခုကို အစိုးရရှေ့နေ များသို့ ယခုသီတင်းပတ်တွင် ပေးပို့ ထားသည်။

အချုပ်သားငါးဦးမှာ ရဲများ ညှဉ်းဆဲ၍ သေဆုံးသွားပြီ ဖြစ်သည်။

တာတာစတန်ဒေသသည် အဆိုးဝါး ဆုံးဒေသဖြစ်နေ၍ တစ်ချိန်က ထောင် ပိုင်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူး သော ရှိုလိုကော့က ရဲများ နည်းအမျိုး မျိုးဖြင့် အကြမ်းဖက်စစ်ဆေးနေသည် များကို အချိန်ယူ၍ ဖော်ထုတ်စစ်ဆေး လျက်ရှိသည်။

ရဲအရာရှိများ ရရှိသည့် မှုခင်းပမာဏ နှင့် ဖော်ထုတ်နိုင်ခဲ့သည့် မှုခင်းပမာဏ အပေါ် အခြေခံ၍ ၎င်းတို့၏ လစာနှင့် အပိုရငွေများ အတိုးအလျှော့ဖြစ်နေသည့် စနစ်နှင့် ၎င်းတို့၏ အမှုစစ်နည်း များအပေါ် မည်သူမျှ စေ့စေ့ပေါက် ပေါက် မမေးမြန်းကြခြင်းကို ရှိုလိုကော့က ထောက်ပြဝေဖန်ခဲ့သည်။

ဤနည်းများဖြင့်ပင် ရဲများသည် အပို ဆုငွေများ၊ ရာထူးတိုးမြင့်မှုနှင့် အခြား ငွေကြေးများ ရရှိနေသည့်အပြင် ၎င်းတို့ ၏ လုပ်ငန်း တာဝန်ဆိုးရွားစွာ ဆောင် ရွက်ခြင်းအတွက် ရရှိမည့်ပြစ်ဒဏ်ကိုပါ ရှောင်တိမ်းနေခဲ့ကြကြောင်း၊ အစီရင်ခံ စာများ ပြည့်စုံကောင်းမွန်စွာ တင်နိုင်ဖို့ အတွက် ညှဉ်းပန်းနှိပ်စက်နည်းများကို အသုံးပြုကြ၍ မည်သူမဆို တရားခံဘ၀ ရောက်သွားနိုင်ကြောင်း၊ လူမှုရေးနှင့် ပညာရေးအဆင့်များလည်း အရာမ၀င် တော့ကြောင်း ၎င်းက ရှင်းလင်းပြော ကြားသည်။

တာတာစတန်ဒေသမှ ဤဖြစ်ရပ် ကြောင့်လည်း ရုရှားနိုင်ငံတစ်ဝန်းလုံး မှ အလားတူ မှုခင်းများကို လူ့အခွင့် အရေးအဖွဲ့များက ဆက်လက်ဖော် ထုတ်လာနိုင်ခဲ့ကြသည်။

ယခုမတ်လက မော်စကိုဒေသတွင် အဖမ်းခံရပြီးနောက် ရဲစခန်းတွင် အစစ် ခံရင်း အရိုက်အနှက်ခံခြေသည်းလက် သည်း အချွတ် ခံရသော မြောက်ကော့ ကေးဆပ် တောင်ပေါ်ဒေသမှ လူငယ် တစ်ဦး၏ ဖြစ်ရပ်ကို Memorial လူ့အခွင့် အရေးအဖွဲ့က ဖော်ထုတ် နိုင်ခဲ့သည်။

သမ္မတအဖြစ်မှ အနားယူတော့မည့် ဒီမီထရီမက်ဗီဒက်ဗ်သည် ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးကို ၎င်း၏ အဓိက မူဝါဒ တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ သော်လည်း မပြောပလောက်ရုံသာ အောင်မြင်ခဲ့သည်ဟု ပြည်သူများက ဆိုသည်။

လွတ်လပ်သော လီဗာဒါအဖွဲ့၏ လူထုသဘောထားစစ်တမ်း ကောက်ယူမှုအရ ရုရှားနိုင်ငံသား ၇၅ ရာခိုင်နှုန်းက သမ္မတ၏ ရဲပြုပြင်ရေးလုပ်ငန်းများ မတိုး တက် မအောင်မြင်ဟုဆိုကြပြီး ၁၄ ရာခိုင်နှုန်းက ရဲတပ်ဖွဲ့ဝင်များ၏ အခြေ အနေအဆိုးဝါးဆုံး အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သဘောထားမှတ်ချက် ပေးခဲ့ကြသည်။