အမေရိကန်နှင့် ဗီယက်နမ် ပူးတွဲစစ်ရေးလေ့ကျင့်
အတွဲ ၂၉ ၊ အမှတ် ၅၆၇ (၄ - ၁၀ ၊ ၅ ၊ ၂၀၁၂)

ဗီယက်နမ်နှင့်ပူးတွဲစစ်ရေးလေ့ကျင့်ရန် ဒါနန်းဆိပ်ကမ်းသို့ ရောက်ရှိလာသည့် အမေရိကန်အမှတ်-၇ ရေတပ်မတော်မှ ကွပ်ကဲရေးစစ်သင်္ဘောကြီး။
ဓာတ်ပုံ-အေအက်ဖ်ပီ
ဟနွိုင်း - တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ အရှိန်မြင့် နေသော်လည်း ဗီယက်နမ်နှင့် အမေရိကန်နိုင်ငံတို့က လာမည့် သီတင်းပတ်တွင် ဗီယက်နမ် နိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ဒါနန်း၌ ငါးရက်ကြာ စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် သံရုံးကဆိုသည်။
ထိုစစ်ရေးလေ့ကျင့်မှုမှာ ယင်းဒေသတွင်းရှိ တရုတ်နိုင်ငံ၏ ကြီးမားလာ နေသော ရေတပ်အင်အားနှင့် အင်အားချင်း မျှသည်ဟု ယူဆရပြီး အမေရိကန်နှင့် ဗီယက်နမ်တို့အကြား ပို၍နီးကပ်သော ဆက်ဆံရေးကို မီးမောင်းထိုးပြနေသည်ဟု အမေရိကန်ပြည်ထောင်စု၏ ကြေညာ ချက်တစ်စောင်အရ သိရသည်။
အမေရိကန်ပြည်ထောင်စု အမှတ် (၇) ရေတပ်သင်္ဘောအုပ်စုကြီးမှ ကွပ်ကဲရေးသင်္ဘော USS Blue Ridge ၊ ဒုံးခွင်းဒုံးလက်နက် တပ်ဆင်ထားသော USS Chafeeစစ်သင်္ဘောနှင့် ကယ်ဆယ်ရေးနှင့် သယ်ယူရေးသင်္ဘော USNS Safeguardတို့သည် ဒါနန်း ဆိပ်ကမ်းသို့ ဧပြီလ ၂၃ ရက်နေ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ယင်းနေ့၌ အမေရိကန်သံရုံးက ထုတ်ပြန်သော ကြေညာချက်အရသိရသည်။
ဤလေ့ကျင့်မှုတွင် ရေကြောင်းသွားလာမှုနှင့် ပြုပြင်ထိန်းသိမ်းမှု စသော ကိစ္စများကို အဓိကထားပြီးအတွေ့ အကြုံခြင်း ဖလှယ် မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်အတွင်းမှ ကျွန်းများနှင့်ပတ်သတ်ပြီး ယခုနှစ် အတွင်းက တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံအကြား သံတမန် နည်းလမ်းဖြင့် အပြန်အလှန် ငြင်းခုန်မှုများ ပေါ်ပေါက် ပြီးနောက် အဆိုပါစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ်မှာ အမေရိ ကန်ပြည်ထောင်စုအတွက် အဓိက ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံက နှစ်ဦးနှစ်ဖက် အငြင်းပွား ကာ သဘောထားကွဲလွဲမှုများကို ပြေလည်အောင် ကြိုးစားမည့်အစား ထိုအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် အမေရိကန်က အထပ်ထပ် မေတ္တာရပ်ခံထားသည်။
တရုတ်နိုင်ငံက ကန့်ကွက်မှုများ ရှိသော်လည်း မကြာသေးမီနှစ်များ အတွင်းက အမေရိကန်သင်္ဘောများက ဗီယက်နမ်ဆိပ်ကမ်းသို့ ပုံမှန်ကပ်ခဲ့ပြီး ယမန်နှစ် ဇူလိုင်လတွင် နောက်ဆုံး အသုံးပြုခဲ့သည်။
