အကြမ်းဖက်မှုအဆုံးသတ်ရန် အိုဘားမားနှင့် ပူတင်တောင်းဆို

(အေအက်ဖ်ပီ) ဇော်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)

မက္ကဆီကို ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲတွင် အိုဘားမားနှင့် ပူတင် တို့ရင်းနှီးစွာတွေ့ဆုံကြစဉ်။
ဓာတ်ပုံ-အေအက်ဖ်ပီ

ဆီးရီးယားမြို့ကြီးများတွင် လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် လူ ၉၄ ဦး သေဆုံးခဲ့ရအပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ဆီးရီးယားရှိ အကြမ်းဖက်မှု များကို ချက်ချင်းရပ်တန့် ကြရန် ဇွန်လ ၁၈ ရက်နေ့က တောင်းဆို လိုက်သည်။

ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ် အာဆတ်အား ရာထူးမှ ဆင်း ပေးရန် အမေရိကန်၏ တောင်းဆိုမှုနှင့် စပ်လျဉ်း ၍ လူသိရှင်ကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်နှင့် ရုရှား နိုင်ငံ ခေါင်းဆောင်များ ပထမဆုံးသော သမ္မတအဆင့် ဆွေးနွေးပွဲအပြီး ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

"ဆီးရီးယားမှာရှိတဲ့ သွေးထွက်သံယိုမှုတွေဆက်မဖြစ်ဖို့၊ အကြမ်းဖက် မှုတွေ အားလုံးကို ချက်ချင်းရပ်ဆိုင်းဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်" ဟု မက္ကဆီကိုနိုင်ငံ၊ လော့စ်ကာဘို့စ်ရှိ ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၌ သီးခြားတွေ့ဆုံမှုအပြီး ပူးတွဲထုတ်ပြန်ချက်တစ်ရပ်တွင် ခေါင်းဆောင်များက ပြောသည်။

"ဆီးရီးယားပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို လွတ်လွတ်လပ်လပ်နဲ့ ဒီမိုကရေစီနည်းလမ်းတကျ ရွေးချယ်သွားခွင့်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ကို ကျွန်တော်တို့ တူညီစွာ ရှုမြင်ထားပါတယ်" ဟု ခေါင်းဆောင်များက ပြောသည်။

ဆီးရီးယားသမ္မတ အာဆတ်အား ၁၅ လကြာ ဆန့်ကျင်အုံကြွမှုများနှင့် စပ်လျဉ်း၍ ၎င်းနှင့်သမ္မတ အိုဘားမား တို့သည် တူညီသည့် အမြင် များစွာရှိခဲ့သည်ဟု ပူတင်က သတင်းထောက်များကို ပြောသည်။

သမ္မတအိုဘားမားကလည်း ၎င်းနှင့် သမ္မတပူတင်တို့သည် ပဋိပက္ခများ အဆုံး သတ်ရေးအတွက် နိုင်ငံရေးလမ်းစဉ် တစ်ခုလိုအပ် သည်ကို သဘောတူညီခဲ့ ကြကာ အဆိုပါ ပြဿနာများအား ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ် သံတမန် ကိုဖီအန်နန်နှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန် ကတိပြုခဲ့ကြ ကြောင်းပြောသည်။

သမ္မတပူတင်သည် ဆီးရီးယားနိုင်ငံရေး အပြောင်းအလဲကို ပံ့ပိုးကူညီရေး တွင် ပွင့်လင်းမှုနှင့် စိတ်ဝင်စားမှုရှိခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး ဘင်ရုတ်စ်က ပြောသည်။

"ဒီကိစ္စတွေပြီးမြောက်ဖို့ ကျွန်တော်တို့ဟာ ရုရှားနိုင်ငံနဲ့အတူ နိုင်ငံတကာ အဆင့် ပူးပေါင်းဆောင်ရွက်သွားပါမယ်" ဟု ၎င်းကဆိုသည်။

ပူတင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပူတင်နှင့် အိုဘားမား သည် သေဆုံးမှုများ ဆက်လက်မဖြစ်ပေါ်စေရန် ဆီးရီးယားရှိ အခြေအနေ များကို အမြန်ဆုံး ကိုင်တွယ်သွားဖို့ လိုကြောင်းကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

"ဆီးရီးယားအကြမ်းဖက်မှုရဲ့ နှစ်ဖက် စလုံးကို ဖိအားပေးသွားဖို့နဲ့ တစ်ဖက်တည်းကိုသာ ဖြေရှင်းရင် အောင်မြင်မှာ မဟုတ်ဘူး ဆိုတာကို ရုရှားနဲ့ အမေရိကန်တို့က နားလည်ထားပါတယ်" ဟု ၎င်းက ပြောသည်။

သို့ရာတွင် လူပေါင်း ၁၄,၄၀၀ သေဆုံးခဲ့ရသည့် အကြမ်းဖက်မှု ပြဿနာများကို မည်သို့အဆုံးသတ်ရန် သဘောတူညီ ခဲ့သည်ဆိုခြင်း ကိုမူ သိရှိရခြင်းမရှိ ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။ အာဆတ်အား ဖယ်ရှားရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကြိုးပမ်းမှုကို ရုရှားက တားဆီးခဲ့သည့်အတွက် စိတ်ပျက်မိကြောင်း အမေရိကန်က ပြောကြားခဲ့သည်။

ဆီးရီးယားရှိ ကုလသမဂ္ဂ အကြီးအကဲသည် ဆိုးရွားလာသည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဇွန်လ ၁၉ ရက်နေ့၌ တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ တို့သည် အာဆတ်အား အရေးယူသွား မည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အသစ် တစ်ခုအတွက် ကြိုးပမ်းနေကြသည်။

သို့ရာတွင် ဆီးရီးယား၏ အဓိက နိုင်ငံတကာ မဟာမိတ်ဖြစ်သော ရုရှားနှင့် တရုတ် နိုင်ငံများက လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် နှစ်ခုကို ပယ်ချခဲ့သည်။