တောင်အာဖရိက ရော့ဘင်ကျွန်းပေါ်က၊အကျဉ်းထောင်တွင် ရှိတ်စပီးယားစာပေများ လက်ဆင့်ကမ်း ဖတ်ခဲ့ရ

အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၈၀ ( ၃ - ၉ ၊ ၈ ၊ ၂၀၁၂ )

ရော့ဘင်ကျွန်း (တောင်အာဖရိက)- တောင်အာဖရိက သမ္မတဟောင်းနှင့် လူမည်းလှုပ်ရှားမှုခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၏ လက်ရေး ကိုယ်တွေ့ မှတ်တမ်းများကို၎င်း ၂၇ နှစ်ကြာ အကျဉ်းကျ လွတ်မြောက်ခဲ့ပြီးနောက် တောင်အာဖရိကပိုင် ရော့ဘင်ကျွန်း ပြင်ပသို့ မှောင်ခိုထုတ်ကာ ကမ္ဘာ့ရောင်းအား အကောင်းဆုံးစာအုပ်အဖြစ်ပင် ဖန်တီးရန် ရှိနေသည်။

အန္တရာယ်ပြွမ်းသော ယင်းလက်ရေး စာများ၏ ခရီးစဉ်မှာ ကျွန်းပေါ်ရှိ စာအုပ် များ၏ အလွန်ထူးခြားသည့် ခရီးစဉ်များတွင် ပါဝင်သော်လည်း လက်ရေးစာရရှိရေး၊ လက်ရေးစာကို ထိန်းသိမ်းကာ ကွယ်ရေးနှင့် ထောင်အတွင်း အကျဉ်း ခန်းများအတွင်း မျှဝေ ဖတ်ရှုကြရဖို့အရေး ကြံဖန်ဆောင်ရွက်ပုံများမှာ ချီးမွမ်းထောမနာပြုလောက်သည်။

"ထောင်ထဲမှာ ကျွန်တော်တို့ ဘာမှ ဖတ်ခွင့်မရကြပါဘူး။ ကျွန်တော်က စာကြည့်တိုက်သွားခွင့် တောင်းပေမယ့် မရပါဘူး။ နောက်တော့ မှ စာအုပ်တစ်အုပ် ငှားခွင့်ရတယ်"ဟု ၁၉၇၀ ပြည့်လွန် နှစ်က အကျဉ်းကျခဲ့သော ဆန်နီဗင် ကတ်ရာနမ်က ပြန်လည်ပြောပြသည်။

"ပြဿနာက စာအုပ်တစ်အုပ်ပဲ ငှား ရတဲ့ကိစ္စပါ။ စာအုပ်တစ်အုပ်တည်း ဖတ် ရင်း ထောင်ထဲမှာ နေသာဖို့ဆိုရင် ရှိတ် စပီးယားရဲ့ စာပေါင်းစုစာအုပ်ကြီး(Shakespeare, Complete Works) ကိုပဲ ကျွန်တော်အမှတ်ရလာမိတယ်။ ဒီစာအုပ်ကို ကျွန်တော် ငှားလိုက် ပါတယ်" သီတင်းတစ်ပတ်အတွင်းမှာပင် ရှိတ်စပီးယားစာအုပ်ကြီးကို လာ၍ သိမ်းသွားခဲ့သည်။

သို့သော် စိတ်ကူးကောင်းသော ဗင်ကတ်ရာနမ်က ထောင်ကြပ်တစ်ဦး အား ယုံကြည်အောင်ပြော၍ စာအုပ်ကြီးကို ပြန်လည် ငှားယူခွင့် ရခဲ့သည်။ ယင်းနောက် ရှိတ်စပီးယား စာအုပ်ကြီး၏ အနှောင့်ပေါ်တွင် ဒေ၀ါလီပွဲတော် အထိမ်းအမှတ်ကတ်များပေါ်မှ ဘုရားပုံများကို ဖြတ်ညှပ်ကပ်လိုက်ကြပြီး ဘာသာရေး ကျမ်းစာအုပ်အသွင် ဖန်တီးလိုက်ကြသည်။

"ကျွန်တော့မိဘတွေက အိန္ဒိယ ဘာသာရေးရုပ်ပုံတွေပါတဲ့ အထိမ်း အမှတ် ဆုတောင်းကတ်ပြားတွေကို ကျွန်တော့ဆီ ပို့ထားကြတော့ ဒီပုံတွေ ဖြတ်ပြီး စာအုပ်အနှောင့်ပေါ်မှာ ကပ်လိုက်ကြတယ်။ ဒီနည်းနဲ့ ဒီစာအုပ် ကျန်ရစ်နေခဲ့တာပဲ။ ကျွန်တော့မှာ ခုထိ ရှိနေ ပါသေး တယ်"ဟု အသက် ၇၈ နှစ် အရွယ် ဗင်ကတ်ရာနမ်က အေအက်ဖ် ပီသတင်းထောက်အား ပြောသည်။

ယင်းရှိတ်စပီးယား စာပေါင်းစုစာအုပ်ကြီးကို ယခု ဇူလိုင်လ ၁၉ ရက်တွင် ဗြိတိသျှ ပြတိုက်၌ ပြသထားမည်ဖြစ်သည်။ ထိုစဉ်က ထောင်တွင်း အချုပ်ခန်းများအတွင်း လက်ဆင့်ကမ်း ဖတ်ရှုခဲ့ကြသော ယင်းစာအုပ်စာပိုဒ်အချို့တွင် အကြိုက်တွေ့ သူ အကျဉ်းသား များ၏လက်မှတ်များလည်း ရေးထိုးထားကြရာ မင်ဒဲလား၏ လက်မှတ်ကို 'ဂျူးလိယက်ဆီဇာ'၏ နံဘေးတွင် ကပ်လျက်တွေ့ရသည်။ အမ်မလီဇိုလာနှင့် ဂျက်လန်ဒန်ကဲ့သို့ သော စာရေးဆရာများ၏ စာများမှာ နိုင်ငံရေး အကျဉ်းသားများအတွက် အရေးပါခဲ့သည်။ (အေအက်ဖ်ပီ)