အီဂျစ် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်ကို အနားပေး

ဇော်ဝင်း ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၂ ( ၁၇ - ၂၃ ၊ ၈ ၊ ၂၀၁၂)

ရာထူးမှအနားပေးလိုက်သည့် ကာကွယ်ရေးဝန်ကြီး ဟူစိန်တန် တာဝီ (၀ဲ) နှင့် စစ်ဦးစီးချုပ် ဆမ်မီအန်နန် (ယာ) တို့ကို အီဂျစ်သမ္မတ မော်ဆီနှင့်အတူတွေ့ရစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ကိုင်ရို - ယမန်နှစ်က ဟော့စနီမူဘာ ရက်အား ဖြုတ်ချခဲ့ချိန်မှစ၍ စစ်တပ်က ရယူထားသည့် နိုင်ငံရေးအာဏာကို ပြန်လည် ရယူရေး အတွက် အီဂျစ်သမ္မတ မော်ဆီသည် ယခင်ကထက် ပိုမို ပြတ်သား သည့် ဆောင်ရွက်မှုဖြင့် ဩဇာအာဏာကြီးမားသော ၎င်း၏ ကာကွယ်ရေးဝန်ကြီး ဟူစိန်တန်တာဝီ၊ စစ်ဦးစီးချုပ် ဆမ်မီအန်နန်နှင့် အခြား အဆင့်မြင့် ဗိုလ်ချုပ်ကြီးများကို ဩဂုတ် လ ၁၂ ရက်နေ့က ရာထူးမှအနားပေး လိုက်သည်။

မစ္စတာမော်ဆီသည် ၎င်း၏ သမ္မတ တာဝန်စတင်ထမ်းဆောင်သည့် ဇွန်လ ၃၀ ရက်နေ့မတိုင်မီက ထုတ်ပြန်ထား သည့် စစ်တပ်၏ လုပ်ပိုင် ခွင့်အာဏာကို များစွာပေးထားသော အခြေခံဥပဒေ ကြေညာချက် တစ်ရပ်ကိုလည်း ပယ်ဖျက်ခဲ့သည်။ ယင်းအား အစားထိုးရန် အီဂျစ် နိုင်ငံ၏ မပြီးစီးသေးသည့် အခြေခံဥပဒေသစ်မူကြမ်း၌ သမ္မတ လုပ်ပိုင်ခွင့် များစွာပေးထားသည့် ၎င်း၏ ကြေညာချက်တစ်ခုဖြင့် ဩဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မွတ်စလင်ညီနောင်များ ခေါင်း ဆောင်ဟောင်းတစ်ဦးဖြစ်သူ မစ္စတာ မော်ဆီ၏ ထိုသို့ဆောင်ရွက်မှုများသည် ရွေးကောက်ပွဲ စတင် ခဲ့ချိန်မှ စစ်တပ်၏ အပြင်းအထန် အတိုက်အခံလုပ်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့် အာဏာလွှဲပြောင်းရ ယူမှုကို ပိုမိုခိုင်မာစေခဲ့သည်။

မြောက်ပိုင်း ဆိုင်းနိုင်းဒေသ၌ ယခုလအတွင်း အီဂျစ် စစ်သား ၁၆ ဦး အသတ်ခံရသဖြင့် ဗိုလ်ချုပ်ကြီးများအတွက် အရှက်ရစရာ ဖြစ်ခဲ့ ရကာ နိုင်ငံရေးအရ အင်အား ချည့်နဲ့ခဲ့ရအပြီး ယင်းသို့ရာထူးမှရပ်စဲ ခံရခြင်းလည်းဖြစ်သည်။ မစ္စတာမော်ဆီ၏ အဆိုပါ ကြေညာချက် ကို ဗိုလ်ချုပ်ကြီးများက လက်ခံ၊ မခံဆိုခြင်းကိုမူ ဩဂုတ်လ ၁၂ ရက်နေ့က ရှင်းလင်းစွာမသိရှိရချေ။

ထိပ်တန်း ဗိုလ်ချုပ်ကြီးတစ်ဦးကမူ ရာထူးအပြောင်း အလဲနှင့်စပ်လျဉ်း၍ မစ္စတာမော်ဆီနှင့် စစ်တပ်အကြား တိုင်ပင်ဆွေးနွေးခဲ့သည် ဟုဆိုသည်။ ယင်းညပိုင်းတွင် ရာထူး အပြောင်းအလဲကြောင့် စစ်တပ်ဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ဘဲ သမ္မတအား ထောက်ခံ သူများက ကိုင်ရိုမြို့ရှိ တာဟီးယားရင်ပြင်၌ အောင်ပွဲခံခဲ့ကြသည်။

"သမ္မတရဲ့ဆုံးဖြတ်ချက်ကို ပြည်သူတွေက ထောက်ခံပါတယ်" ဟု လူထုက သံပြိုင်ဟစ်ခဲ့ကြသည်။ ကြေညာချက်ထုတ်ပြန်အပြီး ကိုင်ရိုမြို့၏ အယ်လ်အဇာဗလီကျောင်းရှိ မိန့်ခွန်းပြောကြားချက်တွင် စစ်တပ်အား ဖယ်ထုတ်လိုသည်ဟူသော စွပ်စွဲ ပြောဆိုမှုများကို သမ္မတက ကာကွယ် ပြောဆိုခဲ့သည်။

"သူတို့ကို အကောင်းဆုံးဖြစ်စေချင် တာတစ်ခုတည်းပါ။ သူတို့ကို သူတို့ ဆောင်ရွက်ရမယ့် နိုင်ငံတော်ကာကွယ် ရေးဆိုတဲ့ ဦးတည် ချက် တစ်ခုတည်းကိုပဲ အလေးထားသွားစေချင်တာပါ။ ဘယ်သူ့ဘယ်သူကိုမှ ဘေးဖယ်ထားတာမျိုး၊ မတရားလုပ်တာမျိုးကို ကျွန်တော် မရည်ရွယ်ပါဘူး။ ဒါမှလည်း ကျွန်တော် တို့မျှော်လင့်ခဲ့တဲ့ သွေးသစ်လောင်းရေး ဆိုတဲ့ အနာဂတ်ကို ဖော်ဆောင်နိုင်မှာပါ။ စစ်တပ်ကို အရှက်ရစေဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး" ဟု သမ္မတ မော်ဆီက ပြောသည်။

မူဘာရက်အုပ်ချုပ်စဉ်က ကာကွယ် ရေးဝန်ကြီးအဖြစ် ဆယ်စုနှစ်နှစ်ခုအကြာ တာဝန်ယူခဲ့ကာ နိုင်ငံတော် အာဏာသိမ်းယူခဲ့အပြီး သမ္မတမော်ဆီ တက်မလာခင်အထိ တစ်နှစ်ကြာ အုပ်ချုပ်ခဲ့သည့် အသက် ၇၁ နှစ်အရွယ် ဟူစိန်တန်တာဝီ၏နေရာ၌ ကာကွယ် ရေးဝန်ကြီးသစ် အက်ဘ်ဒယ်လ်အယ်လ် ဆစ်ဆီဖြင့် အစားထိုးခဲ့သည်။

ပြည်သူ့မူဝါဒရေးရာ၊ နိုင်ငံတော်သုံး ငွေကြေးဆိုင်ရာနှင့် ဥပဒေပြုရေးနှင့် မူဘာရက်အလွန် အီဂျစ်နိုင်ငံအတွက် အခြေခံဥပဒေ အတည်ပြုရေးအတွက် လွှတ်တော်ခေါ်ယူခွင့် စသည့် ကိစ္စရပ်များ၌ စစ်တပ်၏ ပါဝင်ပတ်သက်မှုကို ငြင်းဆန်ထားသည့် ယာယီ အခြေခံဥပဒေတစ်ရပ်ကိုလည်း သမ္မတမော်ဆီက ပြင်ဆင်ခဲ့သည်။

"တန်တာဝီ ဦးဆောင်တဲ့ စစ်ကောင်စီ ရဲ့ ဇွန်လ ၁၇ ရက်နေ့က ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေ ကြေညာချက်ကိုလည်း သမ္မတက ပယ်ဖျက်လိုက်ပါပြီ" ဟု သမ္မတ မော်ဆီ၏ပြောခွင့်ရပုဂ္ဂိုလ် ယတ်ဆာ အလီက ပြောသည်။ (အေအက်ဖ်ပီ)