အိန္ဒိယ၀န်ကြီးချုပ်ဇာတိ ပါကစ္စတန်ရွာဖွံ့ဖြိုးရေးကြိုးပမ်း

ဝင်းသော်တာ ဘာသာပြန်သည်။
အတွဲ ၃၀ ၊ အမှတ် ၅၈၄ ( ၃၁ ၊ ၈ - ၆ ၊ ၉ ၊ ၂၀၁၂)

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ဇာတိ ပါကစ္စတန်နိုင်ငံတွင်းရှိ ဂါးကျေးရွာနှင့် သူ၏ငယ်သူငယ်ချင်း ဂိုလမ်မိုဟာမက်ခမ်း။
ဓာတ်ပုံ - အေအက်ဖ်ပီ

ဂါး (ပါကစ္စတန်) - နှစ်ပေါင်းများစွာတိုင် ဂိုလမ်မိုဟာမက်ခန်းသည် ၎င်း ၏ ထူးချွန်ထက်မြက်သော အတန်းဖော် မှာ ၁၉၄၇ ခုနှစ်တွင် ဖြစ်ပွား သည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများအဖြစ် ကွဲထွက်သွားစေသည့် ဗြိတိသျှကိုလိုနီ အုပ်ချုပ်ရေးအဆုံးသတ် သွေးချောင်းစီး တိုက်ပွဲများ အတွင်း သေဆုံးခဲ့ပြီဟု ယူဆခဲ့သည်။

သို့သော် အိန္ဒိယနိုင်ငံ၌ ၂၀၀၄ ခုနှစ်က ပြုလုပ်သည့်ရွေးကောက်ပွဲတွင် စကား အပြောအဆိုညင်သာသော မန်မိုဟန်ဆင်း ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီး ဆင်းက ၎င်းသည် ဝေးလံခေါင်သီလှသည့် ပါကစ္စ တန်ရွာတစ်ရွာတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း တွေ့ဆုံမေးမြန်းသူ တစ်ဦးအား ပြောကြားခဲ့ရာ ခန်းမှာ ၀မ်းသာမဆုံး ဖြစ်ခဲ့ရသည်။

"သူက ကျွန်တော်တို့ရဲ့ အတန်း ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ကျွန်တော် တို့ အတူတူကစားခဲ့ကြတယ်။ သူက ရည်ရည်မွန်မွန်ရှိပြီး ထူးချွန်တဲ့ ကျောင်း သားတစ်ဦးပါ။ ကျွန်တော်တို့ တစ်ခုခု နားမလည်ရင် သူ့ဆီကအကူအညီ ယူဖို့ ကျွန်တော်တို့ဆရာမက အမြဲပြော လေ့ရှိပါ တယ်" ဟု ခန်းက ပြန်လည် အမှတ်ရရင်း ပြောကြားခဲ့သည်။

ပို၍ မယုံကြည်နိုင်စရာကောင်းသည့် အရာမှာ အိန္ဒိယနယ်စပ်နားအထိ ရောက်သော အလွန်ကောင်းသည့် အမြန်လမ်းမကြီးအနီးရှိ အစ္စလမ္မာ ဘတ်မြို့၏ အရှေ့တောင်ဘက် ကီလို မီတာ ၁၀၀ (၆၂ မိုင်) အကွာတွင်ရှိသော ကုန်းပြင်မြင့်တစ်ခုပေါ်ရှိ ဂါးဟုခေါ်သည့် ရွာကလေးတွင် နေထိုင်သော ရွာသူ ရွာသား ၂,၅၀၀ ကို ဆင်းက အကူအညီ ပေးချင်သည့်ဆန္ဒရှိခြင်းဖြစ်သည်။

"မန်မိုဟန်က တစ်နေ့မှာ ကျွန်တော် တို့ရွာကို ကောင်းကျိုးဖြစ်ထွန်းစေလိမ့် မယ်လို့ ကျွန်တော်ဘယ်တုန်းကမှ မစဉ်းစားမိခဲ့ဖူးပါဘူး။ ကျွန်တော်တို့ရဲ့ အစိုးရ (ပါကစ္စတန်အစိုးရ) က အဲဒါကို လုပ်ဖို့ အခုချိန်ထိ ငြင်းပယ်ထားတာကို သူက လုပ်ပေးခဲ့ပါတယ်" ဟု အဆိုပါ ရွာရှိ ဆင်း၏ နောက်ဆုံးအသက်ရှင် ကျန်ရစ် သည့် အတန်းဖော်ဖြစ်သူ ခန်းက ပြောသည်။

ဝန်ကြီးချုပ်ရာထူးကို လက်ခံရရှိပြီး မကြာမီ ဆင်းက ထိုအချိန်က ပါကစ္စတန် နိုင်ငံကို အုပ်ချုပ်သူ ဗိုလ်ချုပ်ကြီး ပါဗက်ဇ် မူရှာရက်ဖ်ထံ သို့ စာတစ်စောင်ရေးကာ ဂါးရွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ရေးနှင့်ပတ်သက်ပြီး မေးမြန်းခဲ့သည်။

ကက်ရှ်မီးယားကိစ္စနှင့် ပတ်သက်ပြီး ဖြစ်ပွားနေသော အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခကို ပြေလည်အောင်ဖြေရှင်းနိုင် လိမ့်မည်ဟုမျှော်လင့် ရသည့် ငြိမ်းချမ်း ရေးဆွေးနွေးပွဲများကို ထိုအချိန်က ပြုလုပ်လျက်ရှိသော မူရှာရက်ဖ်သည် ဆင်း၏တောင်းဆိုမှုကို ကူညီဆောင်ရွက် ပေးခဲ့သည်။

နေရောင်ခြည်စွမ်းအင်သုံး လမ်းမီး များကို တပ်ဆင်ရန်၊ လျှပ်စစ်ဓာတ်အား မရသော အိမ်ထောင်စု ၅၁ စုကို နေရောင် ခြည်စွမ်းအင် ဖြင့် လျှပ်စစ်ဓာတ်အား ပေးနိုင်ရန်နှင့် ၎င်း၏ ဇာတိမြို့အနီးရှိ ဗလီတွင် ရေအပူပေးစနစ်တစ်ခုကို တပ်ဆင်ရန် အိန္ဒိယကုမ္ပဏီတစ်ခုကို ဆင်းက စေလွှတ်ခဲ့သည်။

သို့သော် ပါကစ္စတန်၌ ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲများအပြီးတွင် ပန်ဂျပ် ပြည်နယ်၌ ၀န်ကြီးချုပ်ဟောင်း နာဝပ်ဇ် ရှာရစ်ဖ်၏ ပါကစ္စတန် - မွတ်စလင် အသင်းချုပ် N ပါတီက ပါကစ္စတန်-မွတ်စလင်အသင်းချုပ် Q ပါတီကို ဖယ်ချပြီး အာဏာရလာသည့်အခါ မူရှာရက်ဖ်က ရာထူးမှဖယ်ပေးခဲ့ရသဖြင့် ထိုစီမံကိန်းမှာ ရပ်တန့်နေခဲ့သည်။

"ခရိုင်အစိုးရနဲ့ အာဏာရပါတီက အဖွဲ့ဝင်တွေကို ကျွန်တော်တို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပြီးပါပြီ။ သူတို့က ဒီစီမံကိန်း ကိုလုပ်ဖို့ ရန်ပုံ ငွေမရှိတဲ့အကြောင်း၊ အစိုးရဆီက ရန်ပုံငွေရဖို့ ကြိုးစားနေ ကြောင်း ပြောပါတယ်" ဟု ဂါးမြို့တော်ဝန် အရှစ်ဖ်ဟူစိန်က ပြောကြားခဲ့ သည်။

"နိုင်ငံရေးအကြောင်းပြချက်တွေ အတွက်တော့ ဂါးရွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ပစ်ပယ်ထားတယ်ဆိုတာ လုံးဝအခြေ အမြစ် မရှိပါဘူး" ဟု ပန်ဂျပ် ခရိုင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်သူ ပါဗက်ဇ်ရာရှစ်က အေ အက်ဖ်ပီသို့ ပြောကြားခဲ့သည်။

လက်ရှိ ပါကစ္စတန်သမ္မတ အဆစ်ဖ် အလီဇာဒါရီက ဆင်းကို ယခုနှစ်ကုန်ပိုင်း တွင် ပါကစ္စတန်သို့ လာရောက်ရန် ဖိတ်ကြားထားသည်။

ခန်းက "သူက ကျွန်တော်တို့မြေပေါ် မှာမွေးခဲ့တဲ့သူပါ။ နောက်ပြီးကျွန်တော်တို့က သူ့ကို အိန္ဒိယ-ပါကစ္စတန် ချစ်ကြည်ရေးသူရဲကောင်း တစ်ဦး ဖြစ်စေချင် ပါတယ်။ ကက်ရှ်မီးယားကိစ္စကိုလည်း ဖြေရှင်းပေးစေချင်ပါတယ်။ သူ ပါကစ္စတန်ကို ရောက်လာရင်တော့ ကျွန် တော် သူ့ကို ဒီအကြောင်းပြောမှာဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)