မေးခွန်းများနှင့် ပြည်နယ်များအတွက် အခြေခံဥပဒေ ရေးဆွဲပိုင်ခွင့်

 ပထမအကြိမ် ၂၁ ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတက်ရောက်ခဲ့သူများ။ ဓာတ်ပုံ - အေအက်ဖ်ပီပထမအကြိမ် ၂၁ ရာစုပင်လုံ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတက်ရောက်ခဲ့သူများ။ ဓာတ်ပုံ - အေအက်ဖ်ပီ

လွန်ခဲ့သော ရက်သတ္တပတ်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး
ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ''သမိုင်းဝင်သဘောတူညီချက်''
ဆိုသည့် သတင်းကောင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုသဘောတူညီချက်မှာ တိုင်းနှင့်
ပြည်နယ်များအတွက် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်ကို မေလ ၂၄ ရက်တွင်
စတင်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကျော့တွင် ဆွေးနွေးခွင့်ပြုခြင်းဖြစ်သည်။

အစည်းအဝေး တက်ရောက်ခွင့်ရှိသူများ၏ ယေဘုယျပြောဆိုချက်များအရ ထို
သဘောတူညီချက်သည် တိုင်းရင်းသားများ တစိုက်မတ်မတ် တောင်းဆိုနေသည့်ကိုယ်ပိုင်
ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်သော ဖက်ဒရယ်စနစ်အပေါ် အပြည့်အဝ ထင်ဟပ်စေမည့်
အခြေခံဥပဒေကို ပြည်နယ်နှင့်တိုင်းအလိုက် ရေးဆွဲခွင့်ရမည်ဖြစ်သည်ဟု ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကြားတွင် ပထမဆုံးထွက်ပေါ်လာသော
အချက်ဖြစ်သည့်အတွက် ''သမိုင်းဝင် သဘောတူညီချက်'' ဟု UPDJC အစည်းအဝေး
တက်ရောက်ခဲ့သူများက အမည်တပ်ခဲ့သည်။

''ဖက်ဒရယ် အခြေခံမူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ တစ်ခါမှ မရှိဖူးတဲ့
သဘောတူညီချက်ပေါ့'' ဟု နိုင်ငံတော်၏ အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးက ပြောသည်။

ထိုသဘောတူညီချက်မှာ ပြည်နယ်အဆင့် နိုင်ငံရေးဆွေးနွေးပွဲများမှ ရရှိလာသည့်
အချက်များကို အခြေခံဆွေးနွေးမှုများမှတစ်ဆင့် ထွက်ပေါ်လာခြင်းဖြစ်ရာ လူထုအသံကို
အမှန်တကယ် ကိုယ်စားပြုသည့် သဘောတူညီချက်တစ်ခုဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး
အဖွဲ့ နာယက ဦးခွန်ဥက္ကာက ပြောသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွက် အခြေခံဥပဒေရေးဆွဲခွင့်မှာ နိုင်ငံရေးကဏ္ဍဆွေးနွေး
မှုတွင် ရရှိလာသည့် သဘောတူညီချက် ၂၁ ချက်အနက်တစ်ခု အပါအဝင်ဖြစ်ပြီး အကယ်၍
မေ ၂၄ အစည်းအဝေးတွင် အပြီးသတ်သဘောတူညီမှုရနိုင်ရန် ဆွေးနွေးကြမည်ဟု ၄င်းက
ပြောသည်။

နှစ်ပေါင်း ၆ဝ ကြာ ပြည်တွင်းစစ် ဖြစ်ပွားနေသောနိုင်ငံတစ်နိုင်ငံအတွက်ထိုသဘောတူညီချက်က
လူထုအတွက် သတင်းကောင်းဖြစ်သည်။ သို့သော်တစ်ပြိုင်တည်းမှာပင် ထိုသဘောတူညီချက်နှင့်
ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းကို မေးခွန်းထုတ်သူလည်း ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ အောင်ခန့်/ မြန်မာတိုင်း(မ်)

အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးကို ကျော်လွန်ကာ တိုင်းနှင့်ပြည်နယ်
အသီးသီးတွင် အခြေခံဥပဒေ ရေးဆွဲခွင့်ဆိုသည်မှာ လက်တွေ့ကျကျ ဖြစ်နိုင်ခြေ ရှိ၊ မရှိ
ဆိုသည့် အချက်ပင် ဖြစ်သည်။ နောက်တစ်ချက်မှာတစ်နိုင်ငံလုံး အပစ်ရပ်စဲရေး စာချုပ်
(အင်န်စီအေ)က သတ်မှတ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်၏ အစိတ်အပိုင်းဖြစ်သည့်
အဆိုပါဆွေးနွေးမှုတွင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး မပါဝင်နိုင်သေးပေ။
ယင်းအခြေအနေအောက်တွင် ရရှိလာသည့် သဘောတူညီချက်များက တိုင်းရင်းသား
အဖွဲ့အားလုံး၏သဘောထားကို မည်မျှအထိ ကိုယ်စားပြုနိုင်မလဲဆိုသည့် မေးခွန်းပင်ဖြစ်သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြင်းဆန်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသည့်
အခြေခံဥပဒေ ပေါ်ပေါက်ရေးကို ကြိုးပမ်းမည်ဟူသည့် ကြွေးကြော်သံဖြင့် အာဏာရယူခဲ့ခြင်း
ဖြစ်သည်။ လက်ရှိအချိန်ထိ အခြေခံဥပဒေ ပြင်ဆင်ရေးအသံက တိတ်ဆိတ်ငြိမ်သက်နေဆဲ
ဖြစ်သည်။

သို့သော် ၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးကို လက်မလွှတ်ကြောင်းနှင့် ဥပဒေဘောင်
အတွင်းမှ အေးချမ်းစွာ ပြောင်းလဲလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်က မေ ၉ ရက်က လန်ဒန်မြို့၌ ဗြိတိန်ရောက် မြန်မာနိုင်ငံသားများနှင့်
တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

''လမ်းပေါ်ထွက်ပြီးလုပ်တဲ့ အစဉ်အလာဆိုတာ ကောင်းတာမဟုတ်ပါဘူး။ တစ်ခါတလေ
အစဉ်အလာကောင်းတွေ ထိန်းသိမ်းဖို့ဆိုတာ အချိန်ယူရပါတယ်။ ကျွန်မကတော့
အချိန်ပိုယူပြီး နိုင်ငံအတွက် ကောင်းမယ့်အစဉ်အလာကိုပဲ ချမှတ်သွားချင်ပါတယ်'' ဟု
ဒေါ်အောင်ဆန်းစုကြည်က သူ၏ သဘောထားကို ရှင်းပြခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ကျယ်ပြန့်သည့် နိုင်ငံရေး အသွင်ကူးပြောင်း
မှုများတွင် ဖြစ်ပေါ်လေ့ရှိမြဲ ဖြစ်သည်။ ငြိမ်းချမ်းရေးတည်ဆောက်ရေး၊ နိုင်ငံတော်
တည်ဆောက်ရေးအပြင် အကျပ်အတည်းလွန် ကာလများအတွင်း အမျိုးသား ပြန်လည်
သင့်မြတ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ ပဋိပက္ခလွန်ကာလအပြီး သာတူညီမျှသည့်
အခွင့်အရေးအတွက် အာမခံချက်ပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာမခံချက်
ထားရမည် ဖြစ်သည်။

ဒီမိုကရေစီကျသည့် အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်ရန် အချိန်ယူရန် လိုအပ်မြဲဖြစ်
သော်လည်း တိုင်းရင်းသား ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင်
သာတူညီမျှသည့် အာဏာခွဲဝေရေးကို အာမခံနိုင်သည့် အခြေခံ ဥပဒေတစ်ရပ်
အမြန်ဆုံး ပေါ်ထွက်နိုင်ရန် လိုအပ်သည်မှာ ငြင်းမရသည့် အချက်ဖြစ်ကြောင်း
နိုင်ငံရေးကျွမ်းကျင်သူများက ထောက်ပြပြောဆိုလေ့ရှိသည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ
ဦးကိုကိုကြီးကမူ ငြိမ်းချမ်းရေးရရှိမှ ဖွဲ့စည်းပုံပြင်နိုင်မည်ဟူသော အယူအဆကို
လက်မခံကြောင်း မေ ၁၄ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရေး
ဆွေးနွေးပွဲတွင် ၄င်း၏ထင်မြင်ချက်ကိုပွင့်လင်းစွာ ပြောဆိုခဲ့သည်။

''ငြိမ်းချမ်းရေး မရမချင်းဖွဲ့စည်းပုံမပြင်တော့ဘူးလို့ ကိုယ့်ခြေထောက်ကိုယ်
ကြိုးနဲ့ချည်လို့ မဖြစ်ဘူး။ ဖွဲ့စည်းပုံပြင်တာ က Process  (လုပ်ငန်းစဉ်)။
လုပ်ကိုလုပ်နေရမယ်။ မြန်လေကောင်းလေပဲ''ဟု ဦးကိုကိုကြီးက ပြောသည်။
နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားခဲ့သော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကို
တစ်ထိုင်တည်းဖြင့် ပြီးစီးရန် မလွယ်ကူဟု ၄င်းက ထောက်ပြ ပြောဆိုခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကမူ ပြည်နယ်နှင့် တိုင်းဒေသကြီး၏
ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ်ရန် သက်ဆိုင်ရာ လွှတ်တော်များတွင်အများစု
အနိုင်ရသည့်ပါတီက အမည်စာရင်းတင်သွင်းခွင့်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး
အစိုးရအဖွဲ့၏ သယံဇာတ စီမံခန့်ခွဲမှုနှင့် လုပ်ပိုင်ခွင့်အချက်များကို ပြင်ဆင်ရန်
လွယ်ကူသည့် အချက်များဖြစ်သည်ဟု မှတ်ချက်ပေးသည်။

နိုင်ငံရေး ကျွမ်းကျင်သူများကမူစစ်မှန်သည့် ဖက်ဒရယ်စနစ်နှင့် ကိုက်ညီသည့်
အခြေခံဥပဒေတစ်ခု ဖြစ်ထွန်းရန် အင်န်အယ်လ်ဒီအစိုးရအတွက် နည်းလမ်း
သုံးခုကို ထောက်ပြလေ့ရှိသည်။ ထိုနည်းလမ်းသုံးခုမှာ တပ်မတော်နှင့်ညှိနှိုင်း
ဆောင်ရွက်ခြင်းဖြင့် ပြင်ဆင်မည့်အချိန်ကို သတ်မှတ်နိုင်ရန် သဘောတူညီချက်
ယူခြင်း၊ အစိုးရ၊ တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ
အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲကတစ်ဆင့် ကနဦးပြင်ဆင်ရမည့်
အချက်များအပေါ် ဘုံသဘောထားရယူခြင်းနှင့် လွှတ်တော်၌ အရေးကြီး
အဆိုတင်ကာ ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒခံယူခြင်းကတစ်ဆင့် ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ပြင်ဆင်ရန် (သို့မဟုတ်) အသစ်တစ်ခု ပြန်လည်ရေးဆွဲရန် ဆုံးဖြတ်ချက်
ခံယူခြင်းတို့ ဖြစ်သည်။

ယခုထွက်ပေါ်လာသည့် အင်န်စီအေ စာချုပ်အရ ထွက်ပေါ်လာသည့် ပြည်နယ်နှင့်
တိုင်းများအတွက် အခြေခံဥပဒေရေးဆွဲခွင့်ဆိုသည်မှာ အစိုးရ၊ တပ်မတော်နှင့်
တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ အားလုံး ပါဝင်နိုင်မည့် နိုင်ငံရေး
ဆွေးနွေးပွဲကတစ်ဆင့် ကနဦး ပြင်ဆင်ရမည့် အချက်များကို ဘုံသဘောထား
ရယူခြင်းဆိုသည့် နည်းလမ်းပင်ဖြစ်သည်ဟု ငြိမ်းချမ်းရေးကော်မရှင်၏
အဖွဲ့ဝင်ဖြစ်သူ အင်န်အယ်လ်ဒီပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဦးအောင်စိုးက ပြောသည်။

''ပြည်နယ်နဲ့ တိုင်းအတွက် အခြေခံဥပဒေရေးဆွဲခွင့်ဆိုတာကို ဆွေးနွေးတဲ့အခါမှာ
၂ဝဝ၈ ကို အခြေမခံပါဘူး။ အဓိကက အမျိုးသားအဆင့် ဆွေးနွေးပွဲက ထွက်လာတဲ့
လူထုတွေရဲ့ သဘောထားအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ တစ်ခုကို ဆွေးနွေးပြီး
အတည်ပြုခဲ့တာပါ။ အရင်တုန်းကဆိုရင် ဒီလိုသဘောတူညီချက်မျိုးက ရဖို့မလွယ်တဲ့
ကိစ္စပါ။ အခုရလာပြီဆိုတော့ ပင်လုံမှာ ထပ်ဆွေးနွေးရပါလိမ့်မယ်။ အဲဒီမှာ အတည်ပြုချက်
ရမှာပဲ ဒီသဘောတူညီချက်ကို ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာ
အသေအချာပြောနိုင်မှာပါ'' ဟု ဦးအောင်စိုးက ဆိုသည်။

ယင်းဆွေးနွေးမှုတွင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်ခွင့်မရှိသည့်အတွက်
ရရှိလာမည့် သဘောတူညီချက်များက မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသော်လည်း အဆိုပါ
သဘောတူညီချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက လက်မှတ်ရေးထိုးရန်
ကျန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကအင်န်စီအေတွင် ပါဝင်လာရန်
အခွင့်အလမ်းတစ်ရပ်ဖြစ်သည်ဟု UPDJC အဖွဲ့ဝင်များက မှတ်ချက်ပေးကြသည်။

သို့သော် သက်ဆိုင်ရာ ပြည်နယ်များတွင် အခြေခံ ဥပဒေရေးဆွဲခွင့်က ပြည်ထောင်စု
ဖွဲ့စည်းပုံကို ကျော်လွန်၍မရဆိုသည့် အချက်ကြောင့် ဒီမိုကရေစီ ပြည့်ဝသည့် အခြေခံ
ဥပဒေမရှိဘဲစစ်မှန်သည့် ဖက်ဒရယ်စနစ် ပြည်နယ်ဖွဲ့စည်းပုံကို ရရှိမည်မဟုတ်ဟု
အင်န်စီအေ ငြိမ်းချမ်းရေးလမ်းကြောင်းတွင် ပါဝင်ရန် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေ
ဆဲဖြစ်သည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ
(ယူအင်န်အက်ဖ်စီ) အဖွဲ့ဝင်များက ပြောသည်။

ပထမအကြိမ် ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ယူအင်န်အက်ဖ်စီက ဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူ စာတမ်းကို တင်သွင်းခဲ့ရာ
လက်ရှိ သဘောတူလိုက်သည့် ပြည်နယ်များအတွက် ကိုယ်ပိုင်အခြေခံ
ဥပဒေရေးဆွဲခွင့်က ထိုအချက်များနှင့် မည်မျှအထိ ကိုက်ညီမလဲ ဆိုသည်ကို
ဆက်လက်စောင့်ကြည့်ရမည်ဟု ဆိုသည်။ အပိုင်းလေးပိုင်း ပါဝင်သည့်
ယူအင်န်အက်ဖ်စီ၏စာတမ်းတွင် ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ
(State of Constitution) အတွက် အခြေခံမူ ၁၂ ချက်ဖြင့် တင်ပြထားသည်။

''အခုပြောနေတဲ့ ပြည်နယ်မှာ အခြေခံ ဥပဒေရေးဆွဲခွင့်ဆိုတာ ဘာလဲဆိုတာ
ကျွန်တော်တို့ မရှင်းလင်းဘူး။ တကယ်လို့ ၂ဝဝ၈ အောက်မှာ လုပ်ရမယ်ဆိုရင်
တစ်ကယ်ဖက်ဒရယ်ကျတဲ့ ပြည်နယ်ဥပဒေဆိုတာ ရှိလာမှာမဟုတ်ဘူး။
အရင်တုန်းကလည်း ဖက်ဒရယ်ကိုလက်ခံတယ်လို့ ကြွေးကြော်ခဲ့ဖူးတာပဲ။ ဒါပေမဲ့
စကားလုံးအရပဲ၊ အနှစ်သာရ မရှိခဲ့ဘူး။ အခု ပြည်နယ်အခြေခံ ဥပဒေရေးဆွဲခွင့်
ဆိုတာကို ပြောလာပြန်ပြီ။ အနှစ်သာရ အပိုင်းကတော့ ကျွန်တော့်တို့
ဆက်စောင့်ကြည့်ရဦးမယ်'' ဟု ယူအင်န်အက်ဖ်စီအဖွဲ့ ရခိုင်အမျိုးသား
ကောင်စီက အထွေထွေအတွင်းရေးမှူး ဦးထွန်းဇော်က ပြောသည်။

ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် တိုင်းရင်းသားခေါင်းဆောင်များ စုံညီစွာ တွေ့မြင်ရရန်
မသေချာသေးသကဲ့သို့ နိုင်ငံရေးအရ မည်သည့်အတိုင်းအတာအထိ ရလဒ်ကောင်းများ
ထွက်ပေါ်လာမည်ကိုလည်း မခန့်မှန်းနိုင်သေးပေ။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။