တောင်တရုတ်ပင်လယ်အရေးကြောင့် တရုတ်က မြန်မာ့ဆန် အ၀ယ်လိုက်

တောင်တရုတ်ပင်လယ်အရေးနှင့် စပ်လျဉ်းကာ တရုတ်နှင့် ဗီယက်နမ်တို့အကြား နိုင်ငံရေး
ပြဿနာဖြစ်ပွားနေသည့်အတွက် တရုတ်နိုင်ငံ က ဗီယက်နမ်ဆန်ဝယ်ယူမှုကို လျှော့ချထားကာ
မြန်မာနိုင်ငံက ဆန်ကို တိုးမြှင့်ဝယ်ယူလျက် ရှိကြောင်း ဆန်လုပ်ငန်းရှင်များအသိုင်းအ၀ိုင်းက
ပြောသည်။

ထိုကဲ့သို့ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံက ဆန်များကို မူဆယ်နယ်စပ်မှတစ်ဆင့် တိုးမြှင့် ၀ယ်ယူ
နေခြင်းမှာ လွန်ခဲ့သည့်ရက်သတ္တပတ် အနည်းငယ်ခန့်ကစတင်ခဲ့ခြင်းဖြစ်ပြီး တစ်လ အတွင်း ၀ယ်
ယူမှုပမာဏ ၃၀ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဆန်ကုန်သည်များက ပြောသည်။

"ပြီးခဲ့တဲ့လမှာ မူဆယ်ကနေတရုတ်ဘက်ကို ဆန်တင်ပို့ရမှုက တစ်ရက်ကိုတန်ချိန် ၂,၀၀၀ ကနေ
၂,၅၀၀ လောက်ပဲရှိပြီး တစ်လကို တန် ၆၀,၀၀၀ လောက်ပဲရှိခဲ့တာလေ။ ဒါပေမဲ့အခုအချိန်မှာတော့
တစ်ရက်ကိုအနည်းဆုံးဆန်တန်ချိန် ၃,၀၀၀ ကနေ ၃,၅၀၀ လောက်အထိတင်ပို့နေရတယ်"ဟု
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူးဟောင်း ဖြစ်သူ ဆန်ကုန်သည် ဦးမျိုးသူရ
အေးက မြန်မာတိုင်း(မ်)ကိုပြောသည်။

တရုတ်ဘက်က ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် မူဆယ်မှတင်ပို့သည့်ဆန်ဈေးနှုန်း များသည်
လည်း လိုက်ပါမြင့်တက်လာသော် လည်း ယင်းဖြစ်ရပ်နှင့်အပြိုင် ပြည်တွင်း သယ်ယူပို့ဆောင်ရေးစရိတ်သည်လည်း မြင့်တက်လာခြင်းကြောင့် မြန်မာကုန်သည်များမှာ ထင်
သလောက် အမြတ်အစွန်းမရရှိကြောင်း ၎င်းကပြောသည်။ "ဆန်ဈေးကလည်း တစ်အိတ်ကို
ယွမ်ငွေ ၁၀၀ လောက်တော့ တက်လာတယ်။ ဒါပေမဲ့ သယ်ယူပို့ဆောင်ရေးစရိတ်ကလည်း
အရင်က ရန်ကုန်ကနေ မူဆယ်ကို ဆန်တစ်တန်ကို ကျပ် ၆,၅၀၀၀ လောက်ကနေ အခု ၉၀,၀၀၀
လောက်မှမပေးရင် မရတော့တဲ့အတွက် အမြတ်ကတော့ ပိုတယ်လို့ မဆိုနိုင်ဘူး။

ဒါပေမဲ့ ပမာဏက တော့ ပိုရောင်းနေရတာပေါ့လေ"ဟု ၎င်းကပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ
မှ မူဆယ်နယ်စပ်ကိုဖြတ်ကာ တရုတ်သို့တင်ပို့နေသော ဆန်ဈေးနှုန်းများမှာ ၂၅ မှတ်ဆန် မက်ထ
ရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ မှ ၄၄၉ အတွင်း၊ ငါးမှတ်ဆန် ကန်ဒေါ်လာ ၄၉၀ မှာ
၄၉၇ အတွင်းတို့ရှိကာ ပုံမှန်ကုန်သွယ်ရေးကတင်ပို့ရောင်းချနေသည့် ဆန်ဈေးနှုန်းထက် ပိုမို ရရှိ
လျက်ရှိသည်။

မြန်မာနိုင်ငံသည် ယခင်က ၂၀၁၂ ခုနှစ် ရှေ့ပိုင်းအထိ အာဖရိကဈေးကွက်သို့ လှူဒါန်းရန် ၀ယ်ယူ
သူများကို အဓိကအားထားကာ ဆန် တင်ပို့ရောင်းချခဲ့ရရာမှ ၂၀၁၂ ခုနှစ်တွင် တရုတ် နိုင်ငံသို့
နယ်စပ်မှတင်ပို့သည့် ဆန်ဈေးကွက် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါဈေးကွက်မှဝယ်လိုအား
ကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် ၄၆ နှစ်အတွင်း စံချိန်တင်နှုန်းအဖြစ် ပြည်ပသို့ ဆန်တန်ချိန်
၁ ဒသမ ၆ သန်းတင်ပို့နိုင်ခဲ့သည်။ အဆိုပါ ၁ ဒသမ ၆ သန်းအနက် တရုတ်သို့ တင်ပို့မှုမှာ ၆၀
ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် တင်ပို့ခဲ့သည့် ဆန်တန်ချိန် ၁ ဒသမ
၂ သန်းတွင်လည်း ၆၀ ရာခိုင်နှုန်းသည် တရုတ်သို့တင်ပို့ခဲ့ခြင်းဖြစ်ရာ လက်ရှိအချိန်တွင် တရုတ်
ဈေးကွက်သည် မြန်မာနိုင်ငံ၏ ပြည်ပဆန်တင်ပို့မှုတွင် အကြီးဆုံးဈေးကွက်ဖြစ်သည်။

"ဗီယက်နမ်နဲ့ တရုတ်ရဲ့ ပြဿနာကြောင့် မြန်မာ့ဆန်ဝယ်လိုအားကတော့ ဒီလိုပဲဆက်မြင့် နေမယ်
ထင်တယ်။ လာမယ့် တစ်လ နှစ်လ အတွင်းတော့ အရင်အနေအထားကို ပြန်ကျသွားဖို့မရှိသေးဘူး
လို့ ပြောနိုင်ပါတယ်"ဟု ဦးမျိုးသူရအေးက ပြောသည်။

ထိုသို့တရုတ်ဘက်က ဆန်ဝယ်လိုအား မြင့်တက်နေချိန်တွင် မြန်မာငွေနှင့်လဲလှယ် သည့် တရုတ်
ယွမ်ငွေဈေးနှုန်းများမှာလည်း အတက်ဘက်သို့ဦးတည်နေခြင်းကြောင့် မြန်မာ့ ဆန်ကုန်သည်များ
သည် ယခင်ကထက်အမြတ် အစွန်းပိုမိုနေသည်ဟု မူဆယ်ဒေသခံဆန်ကုန် သည်များအသင်း
ဗဟိုအလုပ်အမှုဆောင် ဦးသောကြာက မြန်မာတိုင်း(မ်)ကို ပြောသည်။

တရုတ်နိုင်ငံဘက်က ထိုကဲ့သို့ ၀ယ်လိုအား အထူးမြင့်တက်နေမှုကြောင့် မြန်မာနိုင်ငံ ပြည်ပသို့
ဆန်တင်ပို့နိုင်မှုသည် နှစ်နှစ် အတွင်းသိသာစွာ မြင့်တက်လာသော်လည်း ကမ္ဘာ့ဘဏ်၏ ကြေညာ
ချက်အရ မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်ပမာဏ၏ ၉၅ ရာခိုင်နှုန်း သည် အရည်အသွေးနိမ့်ဆန်
များဖြစ်သည်။

ထို့ပြင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏အကြီးဆုံးဆန်ဝယ်လက်ဖြစ်သည့် တရုတ်နိုင်ငံ သို့
မူဆယ်နယ်စပ်မှတစ်ဆင့်တင်ပို့ရောင်းချနေ သည့်ဈေးကွက်ကို မြန်မာဘက်မှတရားဝင်ခွင့်ပြု
ထားခြင်းဖြစ်သော်လည်း တရုတ်ဘက်က တရားဝင်ခွင့်ပြုထားခြင်း မရှိသေးပေ။

"တရုတ်ဈေးကွက်ကို တရားဝင်ဖြစ်အောင်လို့ ကျွန်တော်တို့အသင်းအနေနဲ့လည်း တွန်းအားပေး
ဆောင်ရွက်နေပါတယ်။ ပြီးတော့ လယ် ဆည်ဝန်ကြီးဌာနကိုလည်း တွန်းအားပေးနေ ပါတယ်။
သိပ်မကြာခင်မှာတော့ ဒီဈေးကွက် တရားဝင် ဖြစ်လာနိုင်ပါတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း
ချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။ တရုတ်သို့တင်ပို့သည့် ဆန်ဈေးကွက် တရားဝင်ဖြစ်ရေးအတွက်
အသင်းအဖွဲ့အနေဖြင့် တွန်းအားပေး ဆောင်ရွက်နေသကဲ့သို့ပင် နှစ်ဖက်အစိုးရပိုင်းတို့လည်း
ညှိနှိုင်းဆောင်ရွက် နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အကြံပေး
စီးပွားပညာရှင် ဒေါက်တာမောင်အောင်က ပြောသည်။

"ဒီဈေးကွက်တရားဝင်ဖြစ်ဖို့ဆိုတာ တရုတ် ဗဟိုအစိုးရတစ်ခုတည်းရဲ့ သဘောနဲ့တင် မရဘူး။
သူတို့ဆီမှာက ပြည်နယ်အစိုးရတစ်ခု ချင်းစီအလိုက်က သူ့စည်းမျဉ်းနဲ့သူရှိကြတော့ သူတို့တွေရဲ့
သတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ကိုယ့်ရဲ့ဆန်ကိုထုတ်လုပ်နိုင်ဖို့လည်းလိုအပ်
ပါတယ်"ဟု ၎င်းကပြောသည်။

ဈေးကွက်တွင်းမှ ကျွမ်းကျင်သူအချို့က တရုတ်အစိုးရသည် ယင်းပြည်တွင်းဈေးကွက် လိုအပ်ချက်
ကြောင့် မြန်မာနိုင်ငံက တရားမ၀င် ဆန်များတင်သွင်းနေခြင်းကို မသိကျိုးကျွံပြု ထားမည်ဖြစ်သော်
လည်း နိုင်ငံရေးအရဖိအား ပေးနိုင်ရန်အတွက် တရားဝင်အဖြစ်ခွင့်ပြု ပေးရေးကို အချိန်ဆွဲထားနိုင်
သည်ဟု ခန့်မှန်း ကြသည်။

တရုတ်သည် လက်ရှိအချိန်တွင် ဗီယက်နမ် ဆန်ဝယ်ယူမှုကို လျှော့ထားမည်ဖြစ်သော်လည်း
ရေရှည်တွင် ပြည်တွင်းစားသောက်ကုန် ဈေးနှုန်းများကို ထိခိုက်လာနိုင်သည့်အတွက် ပြန်လည်
ဝယ်ယူမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ် ၏ အရှေ့တောင်အာရှဆိုင်ရာ စိုက်ပျိုးရေး ကဏ္ဍ စီးပွားရေး
ပညာရှင် Mr.Sergiy Zorya က မြန်မာတိုင်း(မ်)ကိုပြောသည်။

"အခုအချိန်မှာတော့ နိုင်ငံရေးပြဿနာရှိ နေတော့ တရုတ်က ဗီယက်နမ်ဆီကဆန်အ၀ယ် ကို
ရပ်ရင်ရပ်ထားမှပေါ့လေ။ ဒါပေမဲ့ ရေရှည်မှာ တော့ တရုတ်အစိုးရက လက်တွေ့အခြေအနေ ကို
ဦးစားပေးမှာပဲလေ။ ဘာလို့လဲဆိုတော့ မြန်မာထက်စာရင် ဗီယက်နမ်ဆန်တွေက အရည်အသွေး
ရော ဈေးနှုန်းပါပိုပြီးအဆင်ပြေတယ်လေ"ဟု ၎င်းကပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ