ရေနစ်မြုပ်လယ်ဧက ငါးသိန်းကျော်ရှိပြီး ဆန်ဈေးမြင့်တက်မှုကို ထိန်းချုပ်ရန်၊ဆန်တင်ပို့မှု စက်တင်ဘာလ အထိ ရပ်ဆိုင်းထားမည်

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေနစ်မြုပ်သည့်သဘာဝဘေးအန္တရာယ်များရင်ဆိုင်
နေရခြင်းကြောင့် ပြည်တွင်းဆန်ဈေး မြင့်တက်လာသည့်အခြေအနေကို ဟန့်တားနိုင်ရန် ပြည်ပသို့
ဆန်တင်ပို့ခြင်းကို စက်တင်ဘာ ၁၅ ရက် အထိ ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆန်စပါးလုပ်ငန်းရှင်များ အသင်းချုပ် တွဲဘက်အတွင်းရေးမှူး ဦးနေလင်းဇင်က မြန်မာတိုင်း(မ်)
ကိုပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်အတွင်းရေနစ်မြုပ်နေသည့်လယ်မြေများနှင့်လယ်ယာ၊လုပ်ငန်းလုပ်ကိုင်သည့် တောင်သူတစ်ဦးကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-၀လုံး၊မြန်မာတိုင်းမ်စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်အတွင်းရေနစ်မြုပ်နေသည့်လယ်မြေများနှင့်လယ်ယာ၊လုပ်ငန်းလုပ်ကိုင်သည့် တောင်သူတစ်ဦးကို ဇူလိုင် ၂၉ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-၀လုံး၊မြန်မာတိုင်းမ်

နိုင်ငံနှင့်အ၀န်း ရေနစ်မြုပ်မှုကြောင့် ဩဂုတ် ၂ ရက်အထိ စာရင်းများအရ စပါး စိုက်ဧက
ငါးသိန်းကျော် ရေနစ်မြုပ်ထားကာ ဧကတစ်သိန်းဝန်းကျင်ခန့် လုံးဝပျက်စီးသွားပြီဖြစ်ရာ
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အရေးတကြီးလုပ်ကိုင်ရမည့်အနေအထားဖြစ်နေကြောင်း
ဩဂုတ် ၃ ရက် တွင် ၎င်းကပြောသည်။ "အဲဒါက ဩဂုတ် ၂ ရက်အထိ စာရင်းပဲ ရှိသေးတယ်။
ဘယ်လောက်ထပ်ပျက်စီးမလဲဆိုတာကိုလည်း မသိနိုင်သေးဘူး။ မျိုးစပါး ပြန်ပေးဖို့နဲ့ ငွေကြေးပံ့ပိုး
မှုတွေ ပြန်လုပ်ပေးနိုင်ဖို့ ဆန်စပါးအသင်းက စီစဉ်နေတာတော့ ရှိတယ်။ အစိုးရနဲ့ သမ္မတ
ကိုလည်း တင်ပြထားတယ်။ မျိုးစပါးနဲ့ သွင်းအားစုကိစ္စအတွက်ကိုပဲ ကျပ်ငွေ ဘီလျံ ၂၀
ကုန်ကျမယ်လို့ အကြမ်းဖျင်း ခန့်မှန်း ထားတယ်။ ဆန်ဈေးတက်လာတဲ့ပြဿနာအတွက်ကတော့
နယ်စပ်ရော၊ ပင်လယ်ရေကြောင်းကပါ ပြည်ပဆန် တင်ပို့မှုကို ယာယီရပ်ဆိုင်းသွားဖို့
လုပ်နေတယ်။ ဘယ်လောက်ကြာမယ်ဆိုတာတော့ အတိ အကျ မသတ်မှတ်ရသေးဘူး" ဟု
ဦးနေလင်းဇင်က ပြောသည်။

ထို့ပြင် ဆန်အများဆုံး ထွက်ရှိရာ ဧရာဝတီတိုင်းတွင်လည်း စိုးရိမ်ရေမှတ် အထိ ရောက်ရှိလာ
သဖြင့် လတ်တလောတွင် ဆန်စပါးကဏ္ဍ၏ ပျက်စီးမှုနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ
အစီအစဉ် များကို ခန့်မှန်းရန် မဖြစ်နိုင်သေးကြောင်း လည်း ဦးနေလင်းဇင်က ပြောသည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး မှအပ ကျန်ပြည်နယ်နှင့် တိုင်း ၁၃ ခုစလုံး တွင်
ရေနစ်မြုပ်မှုများရှိနေရာ သီးနှံမျိုးစုံ စိုက်ပျိုးဧကပေါင်း ၉၇၀,၀၀၀ ကျော် ရေနစ်မြှုပ်ထားကြောင်း
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ လယ်ယာစီမံခန့်ခွဲရေးနှင့်
စာရင်းအင်းဦးစီး ဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ရေမြုပ်စိုက်ဧကများအနက် သီးနှံမျိုးစုံ စိုက်ဧက နှစ်သိန်းဝန်းကျင်ခန့် ထိခိုက်မှုရှိပြီး
စိုက်ဧက ၄၆,၀၀၀ ကျော် ပျက်စီးထားပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။
"အခုဖြစ်စဉ်ကြောင့် စီးပွားရေးဆုံးရှုံးမှုပမာဏက နာဂစ်မုန်တိုင်းတုန်းက အပျက်အစီးပမာဏထက်
များမယ်လို့ နယ်ပယ်အစုံက လူတွေက ခန့်မှန်းထားကြတယ်။ ဆိုတော့ ပြန်လည် စိုက်ပျိုးရေး
အပါအ၀င် လူမှုပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက်ပါဆိုရင် ကျပ် ဘီလျံ ၁၀၀
ဝန်းကျင်လောက်အထိ ရှိသွားလောက် တယ်။ ဆန်စပါးကဏ္ဍ တစ်ခုတည်းကိုသာ ဘယ်လောက်
ထိခိုက်မယ် ဆိုတာကတော့ လောလောဆယ် မခန့်မှန်းနိုင်သေးတာပါ " ဟု ဦးနေလင်းဇင်က
ပြောသည်။

ရေနစ်မြုပ်ဒေသများ၏ လယ်ယာမြေ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် မြန်မာနိုင်ငံ
ဆန်စပါးအသင်းချုပ် က လက်ရှိတွင် မျိုးစပါးစုဆောင်းခြင်းနှင့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး
စသည့် သွင်းအားစုများကို စုဆောင်းထားသော် လည်း ငွေကြေးပံ့ပိုးမှုများကိုမူ နိုင်ငံတော်သို့
တင်ပြထားကြောင်း ဆန်စပါးအသင်း ချုပ်၏ အစည်းအဝေး ဆုံးဖြတ်ချက်ချထား ကြောင်း
၎င်းကပြောသည်။ ထိုကဲ့သို့ ရေနစ်မြုပ်မှုများကြောင့် ဟားခါးမြို့တွင် ဆန်တစ်အိတ်ဈေးနှုန်းမှာ
ကျပ် ၁၀၀,၀၀၀ ၀န်းကျင်အထိ ဈေး တက်လာခဲ့သည်။ သို့ဖြစ်ရာ ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်
ပါက ကုန်ဈေးနှုန်း ပြန်လည်တည်ငြိမ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်
ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင်
ရေးသားဖော်ပြထားသည်။ " အခုက ရေကလည်းမကျသေးတော့ ဘာမှလုပ်လို့မရနိုင်သေးဘူး။
ရေကျသွား တဲ့ အချိန်မှာတော့ ဘယ်လိုပြန်လုပ်သင့် လဲ ဆိုတာကို အခြေအနေကြည့်ပြီး
ဆက် လုပ်သွားရမှာပါ" ဟု မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် အထွေထွေအတွင်းရေးမှူး
ဦးရဲမင်းအောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

မြန်မာနိုင်ငံ၏ ဒေသအများစုတွင် မိုးစပါး စိုက်ပျိုးချိန်ရာသီသည် ဩဂုတ်လကုန်ပိုင်းအတွင်းဖြစ်ရာ
အမြန်ဆုံး ပြန်လည်စိုက်ပျိုးနိုင်ရန် လိုအပ်သည်ဟု လည်း စစ်ကိုင်းတိုင်းဒေသကြီး တောင်သူ
လယ်သမားသမဂ္ဂအဖွဲ့ဝင် ဦးမျိုးမြင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြန်မာ နိုင်ငံ၏ ပျမ်းမျှမိုးစပါးနှင့် နွေစပါး နှစ်ရာသီ စိုက်ပျိုးမှုမှ
ဆန်အထွက်နှုန်းသည် တန်ချိန် ၁၄ သန်းကျော်ခန့်ရှိသည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က
ထုတ်ပြန်ထားသည်။ သို့ရာတွင် တန်ချိန် နှစ်သန်းဝန်းကျင် ခန့်ကိုသာ ပြည်ပသို့ တင်ပို့လျက်ရှိပြီး
တန်ချိန် ၁၀ သန်းကျော်ကို ပြည်တွင်း၌ စားသုံးနေခြင်း ဖြစ်သည်။ ထို့အတွက် စပါးအထွက်ကျ
ဆင်းမှုရှိလာပါက ရေရှည် တွင် ပြည်တွင်းစားသုံးမှုအတွက် လိုအပ် သည့် ဆန်သိုလှောင်မှုကို
ထိခိုက်လာ နိုင်ပြီး ဈေးနှုန်းကြီးမြင့်သည့် ပြဿနာ ရှိလာနိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင် များက
ခန့်မှန်းကြသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ