ကားတင်သွင်းမှုများလာသဖြင့် စလစ်ဈေးနှုန်းများမြင့်တက်လာ

ကားဈေးကွက်အတွင်း ၂၀၀၆ ခုနှစ်မော်ဒယ် ကားများ တင်သွင်းရန် လျှောက်ထားမှုများ
လာသဖြင့် စလစ်နှင့် ကားပါကင်ထောက်ခံချက်ဈေးနှုန်းများ မြင့်တက်လာနေသည်ဟု
ကားအရောင်းအ၀ယ်လုပ်ကိုင်သူများက ပြောသည်။

"စလစ်ဈေးတွေ အရင်တစ်ပတ်ထက် ကျပ် ၁၀ သိန်းလောက်မြင့်တက်သွားတယ်။
ဈေးကွက်ထဲမှာ စလစ်ရှားတဲ့ အချိန်ဖြစ်တဲ့ အတွက် အခုလို စလစ်ဈေးတွေမြင့်သွား
တာ။ ပြီးခဲ့တဲ့ တစ်ပတ်က စလစ်ဈေးက ကျပ် ၆၉ သိန်းကနေ အခုဒီတစ်ပတ်ထဲမှာ
၇၂ သိန်းကိုခုန်တက်သွားတယ်။ စလစ် ဈေးတင်မဟုတ်ဘူး ကားပါကင် ထောက်ခံချက်
ကလည်း ၁၀ သိန်းအထိ ဖြစ်သွားပြီ" ဟု ကားအရောင်းအ၀ယ်လုပ်ကိုင်သူ
ကိုအောင်စိုးကပြောသည်။

လာမည့်နှစ်တွင် ၂၀၀၆ မော်ဒယ်ကား များတင်သွင်းခွင့်ပြုမည်ဆိုခြင်းကြောင့်
ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး၊ ထောက်ခံချက်
ထုတ်ပေးမှု အားနည်းနေသည့် ကားပါကင်ထောက်ခံချက်ဈေးနှုန်းများလည်း
မြင့်တက်နေခြင်းဖြစ်သည်ဟု ၀ါရင့်ကားပွဲစား ဦးမင်းညွန့်က ပြောသည်။

ယခင်က ညာမောင်းကားများသာ တင်သွင်းခဲ့မှုများခဲ့သော်လည်း လာမည့်နှစ်မှ
စတင်ကာ ဘယ်မောင်းကားများတင်သွင်း ရန် သက်ဆိုင်ရာက စီစဉ်နေသည့်အတွက်
ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှု ပြီးဆုံးချိန် နောက်ပိုင်း ပြည်တွင်းသို့တင်သွင်းလာ
သည့် ဘယ်မောင်းအမျိုးအစားကားများကို ပြန်လည်ဝယ်ယူလာကြောင်း
သိရသည်။

"လာမယ့်နှစ်မှာ ၂၀၁၄ မော်ဒယ်နှင့် အထက် ၁၃၅၀ စီစီ ကားသစ်တွေတင်သွင်း
ရောင်းချဖို့အတွက် သက်ဆိုင်ရာက ခွင့်ပြုထားတယ်။ လာမယ့်နှစ်မှာ ဘယ်မောင်းတွေကို
အဓိကထားပြီးသွင်းဖို့အတွက် သက်ဆိုင် ရာက စီစဉ်ဆောင်ရွက်ထားတဲ့ အတွက်ကြောင့်
အခု ဈေးကွက်ထဲမှာရှိတဲ့ ဘယ်မောင်း အမျိုးအစား ကားတွေကိုလည်း ၀ယ်ယူမှုတွေ
ရှိလာတယ်" ဟု ကားအရောင်း အ၀ယ်လုပ်ကိုင်သူ ကိုသိန်းဇော်က ပြောသည်။

ကားဈေးကွက်အတွင်း ကားပါကင်ထောက်ခံချက်နှင့်စလစ်ဈေးနှုန်း မြင့်တက်နေမှုကြောင့်
အရောင်းအ၀ယ်နည်းပါး လျက်ရှိသော်လည်း ဒေါ်လာ ဈေးမြင့်တက်နေခြင်းကြောင့်
ကားဈေးကွက်အတွင်း ကားဈေးနှုန်းများမှာ အမျိုးအစားပေါ်မူတည်ကာ ၁၀ သိန်းကျော်ခန့်
မြင့်တက် လျက်ရှိသည်ဟု သိရသည်။

ယခုတစ်ပတ်ကားဈေးကွက်အတွင်း ကားပါကင်ထောက်ခံချက် ကျပ် ၁၀ သိန်း၊
အနှစ်နှစ်ဆယ်ခန့် ကားဟောင်းပါမစ်ကျပ် သိန်း ၇၀ နှင့် အမည်ပေါက်ကျပ် ၇၂ သိန်း၊
မြန်မာမီနီစလစ်ကျပ်သိန်း ၆၀ နှင့် စက်မှုဇုန် စလစ် ကျပ် သိန်း ၇၀ ၀န်းကျင်ခန့်ဖြင့်
အရောင်းအ၀ယ်ဖြစ်လျက်ရှိသည်ဟု ကားအရောင်းအ၀ယ်လုပ်ကိုင်သူများက ပြော
သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ