ဆိုးလ်မြို့ အာဆီယံ ကုန်သွယ်မှုပြပွဲတွင် မြန်မာနိုင်ငံက ပါဝင်ပြသခဲ့

မြန်မာ့အစားအစာများကို တောင်ကိုရီးယား နိုင်ငံဆိုလ်းမြို့တွင် နိုဝင်ဘာ ၁၈ မှ
၂၁ ရက်နေ့အထိပြုလုပ်သော  Touch and Taste ASEAN  ကုန်စည်ပြပွဲတွင်
ဝင်ရောက်ပြသခဲ့သည်။

အရီးတောင်းလက်ဖက်၊ သီဟိုဠ်စေ့၊ မြင့်မြင့်ခင်ထိုးမုန့်၊ လက်ဖက်ခြောက်၊
သရက်သီးခြောက်၊ ရွာငံကော်ဖီ အစရှိသည့် ရိုးရာအစားအစာများဖြင့် စုစုပေါင်း
ကုမ္ပဏီကိုးခုခန့်က ပါဝင်ပြခဲ့သည်။ ယင်းအာဆီယံပြပွဲမှာ တောင် ကိုရီးယားနိုင်ငံတွင်
ဒုတိယအကြိမ်ကျင်းပ ခြင်းဖြစ်ပြီး ယမန်နှစ်ကလည်း ကုမ္ပဏီကိုးခု လာရောက်ပြသခဲ့သည်။

"ဒီနှစ်မှာ ကိုရီးယားက ၀ယ်လိုအားကောင်း တဲ့ နှမ်းလှော်မှုန့်၊ ပဲလွမ်းဖြူတို့အပြင် သရက်သီး
ခြောက်ကိုပြသထားတယ်။ မနှစ်က ၀င်ရောက် ပြသခဲ့တဲ့ သီဟိုဠ်စေ့ကုမ္ပဏီက ကိုရီးယားက
အ၀ယ်တော်တွေနဲ့ စာချုပ်ချုပ်နိုင်ခဲ့ပြီးတော့ ဒီနှစ်အတွင်းမှာ ကွန်တိန်နာ တော်တော်များများ
တင်ပို့ခဲ့ရတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှု
မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြမြစိန်က
ပြောသည်။

မြန်မာနိုင်ငံက ထွက်ရှိသော စိန်တလုံး သရက်မှာ ကိုရီးယားနိုင်ငံတွင် လူကြိုက်များ
သည်။ သို့သော် သရက်သီးအစိမ်းကို ၀ယ်ယူ ခြင်းထက် သရက်သီးခြောက်၊သို့မဟုတ်
အေးခဲထားသော သရက်သီးနှင့် သရက်သီးအမှုန့် များကိုသာ ကိုရီးယားက ပိုမိုဝယ်ယူ
ရန်ဆန္ဒရှိသောကြောင့် မြန်မာနိုင်ငံမှ  Frozen  Mango  များတင်ပို့ရန် ကြိုးစားနေကြောင်း
မန္တလေးတိုင်း ကုန်သည်ကြီးများအသင်းမှ အလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် မန္တလေးတိုင်း
သရက်သီးတင်ပို့မှုအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေက ပြောသည်။

ထိုသို့တင်ပို့နိုင်ရန်အတွက် လက်ရှိ အေးခဲစေသည့်စက်မှာ တစ်ရက်လျှင် နှစ်တန်မှ
သုံးတန်သာထုတ်လုပ်နိုင်သေးသည့်အတွက် ကိုရီးယားဘက်မှလိုချင်သည့်ပမာဏ
အတိုင်းထုတ်လုပ်နိုင်ရန်စက်ပံ့ပိုးမှုပေးနိုင်ဖို့တောင်း
ဆိုထားကြောင်း ၎င်းက ပြောသည်။ "ကိုရီးယားတွေက စိန်တလုံးသရက်သီး ကို
အစိမ်းဆိုရင် ပိုးပါမှာစိုးတဲ့အတွက် အေးခဲ ထားတဲ့ ပုံစံမျိုးကိုပဲ လိုချင်တာ။ အဓိကပြဿနာ က
မြန်မာနိုင်ငံမှာ အဲလိုလုပ်ဖို့ စက်မရှိသေးဘူး။ သူတို့က တစ်နေ့ကို ၁၀ တန်ကနေ တန်
၂၀ လောက်အထိလိုချင်တယ်။ ကိုရီးယားကိုပို့ဖို့ဆိုရင် အပူချိန်ကို အနုတ်ဒီဂရီအောက်
၁၈ လောက်ထိ ချပြီးအေးခဲထားဖို့ လိုတယ်။ ကျွန်မတို့မှာ အဲလိုလုပ်တဲ့စက်က တစ်လုံးပဲရှိ
သေးတဲ့အပြင် အဲဒါကလည်း စမ်းသပ်ဆဲအဆင့်ပဲရှိသေးတယ်" ဟု ၎င်းကပြောသည်။

ကုန်သွယ်မှုပြပွဲပြီးပါက ကိုရီးယားနိုင်ငံအ၀ယ်တော်များနှင့်ချိတ်ဆက်နိုင်ရန် မျှော်
လင့်ထားကြောင်း ၎င်းက ပြောသည်။ အဆိုပါ ကုန်စည်ပြပွဲကို ဆိုးလ်မြို့ရှိ အာဆီယံ
-ကိုရီးယား စင်တာမှ တာဝန်ယူ ကျင်းပခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ ကုမ္ပဏီစုစုပေါင်း
၁၀၀ ကျော်မှ ပါဝင်ပြသ ခဲ့ကြပြီး အာဆီယံနိုင်ငံများကြား အစား အစာ၊ ယဉ်ကျေးမှုနှင့်
ခရီးသွားလုပ်ငန်းများ ဖလှယ်ရန် ရည်ရွယ်သည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
[email protected] သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ