ကြက်သွန်နီသစ် ၀င်ရောက်လာ

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်နီသစ်များ ၀င်ရောက်လာမှုကို တွေ့ရစဉ်။သီရိလူ/မြန်မာတိုင်း(မ်)ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်နီသစ်များ ၀င်ရောက်လာမှုကို တွေ့ရစဉ်။သီရိလူ/မြန်မာတိုင်း(မ်)

ပြီးခဲ့သည့်လပိုင်းအတွင်း ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင်
ကျပ် ၄,၀၀၀ အထိ မြင့်တက်ခဲ့ရာ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က ကြက်သွန်နီတင်သွင်း
ခဲ့ရသည်အထိဖြစ်ခဲ့သော်လည်း လက်ရှိတွင် ပြည်တွင်းဈေးကွက်အတွင်း ရာသီပေါ်
ကြက်သွန်နီသစ်များ ၀င်ရောက်လာပြီ ဖြစ်သောကြောင့် ဈေးနှုန်းပြန်လည်ကျဆင်း
လာပြီဖြစ်သည်။

ဒီဇင်ဘာလဆန်းမှစ၍ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီအဓိကထွက်
ရာဒေသများဖြစ်သော မြင်းခြံ၊ ပခုက္ကူနှင့် မြစ်သားတို့မှ ရာသီပေါ်ကြက်သွန်နီများ ၀င်ရောက်လာပြီဖြစ်သောကြောင့် ဈေးနှုန်း ပြန်လည်ကျဆင်းလာပြီ ဖြစ်သည်ဟု
မြန်မာ နိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖို ဆောင်သုံး သီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့သူ
များအသင်း၊ ဒုတိယဥက္ကဋ္ဌဦးပြူးက ပြောသည်။

ပြည်တွင်းဈေးကွက်အတွင်း ရာသီပေါ် ကြက်သွန်နီဈေးနှုန်းများမှာ မြင်းခြံတွင် တစ်ပိဿာလျှင်
ကျပ် ၁,၂၀၀ မှ ၁,၅၀၀ ၊ ပခုက္ကူ တွင် ကျပ် ၁,၄၀၀ မှ ၁,၆၀၀ နှင့် မြစ်သားတွင် ကျပ် ၁,၆၀၀ မှ
၁,၈၀၀ အထိရှိပြီး ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ပိဿာချိန် သုံးသိန်းနီးပါး
ဝင်ရောက်ခဲ့ပြီးဖြစ် ရာ တစ်ပိဿာလျှင် ကျပ် ၈၀၀ မှ ၂,၂၀၀ အထိ ရှိသည်ဟု သိရသည်။
လက်ကားဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်း သိသိသာသာကျဆင်းလာပြီဖြစ်သော်လည်း
ပြည်တွင်းလက်လီဈေးကွက် တွင် လက်ရှိကြက်သွန်နီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်
၂,၈၀၀ မှ ၃,၂၀၀ အထိ ရှိသည်။

ကြက်သွန်နီဈေးနှုန်းများ အဆမတန်မြင့် တက်မှုကို ထိန်းချုပ်ရန်နှင့် စားသုံးသူများ
ဈေးနှုန်းချိုသာစွာ ၀ယ်ယူစားသုံးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့က
ကြက်သွန်နီများ တင်သွင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက
သွင်းကုန်လိုင်စင်ခြောက်ခု ထုတ်ပေးခဲ့ရာ နိုဝင်ဘာ လကုန်ပိုင်းအထိ နယ်စပ်မှတစ်ဆင့်
တရုတ် နိုင်ငံက ကြက်သွန်နီတန်ချိန် ၂၅၀ နှင့် ပင်လယ် ရေကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံက
တန်ချိန် ၃၈၀ တင်သွင်းခွင့်ခဲ့သည်။ ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ပြည်ပက ကြက်သွန်နီ
တင်သွင်းခွင့် ဆက်လက် လျှောက်ထားလာပါကလည်း ခွင့်ပြုပေးသွားမည်ဖြစ်သည်ဟု
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်များတွင် ပြည်ပနိုင်ငံများသို့ ကြက်သွန်နီတင်ပို့ ရောင်းချနိုင်
ခဲ့သည်အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် မိုးကြီးရေလျှံမှုများဖြစ်ပွားခဲ့ ကာ ကြက်သွန်စိုက်
ခင်းများ ပျက်စီးခဲ့သည့် အတွက် ကြက်သွန်နီဈေးနှုန်းအဆမတန် မြင့်တက်ခဲ့ခြင်းဖြစ်သည်ဟု
မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံစိုက်ပျိုးထုတ်လုပ်တင်ပို့သူများ
အသင်းမှ ဦးပြူးက ပြောကြားသည်။

"စောစောပိုင်းမှာ မြန်မာကြက်သွန်တွေ ပြည်ပက ၀ယ်ယူမှုများတော့ အဲဒီမှာတင်ကုန်
သွားတယ်။ ဒီနှစ်က မြန်မာနိုင်ငံအထက်ပိုင်း အနှံ့အပြားမှာ ရေကြီးတာရော၊ အချိန်အခါ
မဟုတ် မိုးရွာတာရောကြောင့် ကြက်သွန် စိုက်ခင်းတွေ ပျက်စီးကုန်တယ်။ ကြက်သွန်က
မိုးကိုအရမ်းကြောက်တယ်။ ဒီဇင်ဘာမှာ ပေါ်မယ့်ဟာက မပေါ်ဘဲနဲ့ နောက်ကျတာတွေ၊
ပျက်စီးတာတွေ ဆုံသွားတော့ ဈေးနှုန်းက မထင်မှတ်တဲ့အထိ မြင့်တက်ကုန်တာ" ဟု
၎င်းက ပြောသည်။

ဤအကြောင်းအရာနှင့် ပက်သက်၍ ထင်မြင်ချက်ပေးလိုပါက ...
comment.myanmar@mmtimes.com သို့ ပေးပို့နိုင်ပါသည်။


အကြည့်အများဆုံး - စီးပွားရေးသတင်း

အကြည့်အများဆုံး - အိမ်ခြံမြေကဏ္ဍ